
“ခင်ဗျားဘယ်သူတွေနဲ့ တွေ့ခဲ့လဲ၊ ဥပမာဗျာ ဗိုလ်ချုပ်ကျော်ဇော၊ ဗိုလ်ကျင်မောင်၊ ဖိုးသံချောင်း အစရှိ ကွန်မြူနစ် တွေနဲ့ တွေ့ခဲ့လား” “မတွေ့ခဲ့ဘူး” “ဘယ်သူတွေနဲ့ တွေ့ခဲ့လဲ” “ဗိုလ်ချုပ်ကျော်ဇောသားတွေ နဲ့၊ ကျော်ဇောဦး၊ အောင်ကျော်ဇောတို့နဲ့” “သူတို့က ခင်ဗျားကို စာရွက်စာတမ်းတွေ ရန်ကုန်မှာ ဖြန့်ဝေဖို့ မပေးလိုက်ဘူးလား။ ဥပမာ မိုက်ကရိုဖလင်နဲ့ပေါ့” …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
● (နိဒါန်း)
ဤခေါင်းစဉ်၏ ပြဿနာသည် အတော်စဉ်းစားရမည့် ပြဿနာဖြစ်သည်။ ထောင် ဆိုသည်မှာ နိုင်ငံရေးသမားကို မွေးထုတ်ပေးရာ နေရာလော။ ထောင်ထဲ မှာ နိုင်ငံရေးအရ ထောင်ကျနေသူသည် နိုင်ငံရေးအရ ပြဿနာရှိ၏။
ဥပမာအားဖြင့် အတွေးအခေါ်ပြဿနာ၊ နိုင်ငံရေးရပ်တည်မှုပြဿနာ၊ လူတန်းစား ပြဿနာ၊ ထောင်အတွင်း ရပ်တည် မှု ပြဿနာ။ ထောင်အကြောင်း စာရေးဆရာ အတော်များများ နံပါတ်စဉ်လိုက်၊ အခန်း စဉ်လိုက်ရေး ဖြစ်ကြသော်လည်း ကျွန်တော်က မရေးဖြစ်ပါ။
စာရေးနေသောကျွန်တော်သည် မည်သည့်အကြောင်းအရာကိုမဆို အကြောင်းအရာချည်း သက်သက်ထက် ထိုအကြောင်းအရာကို အခြေခံသော “ရသ”ဘက် ပို၍ အားသန်သည်။
ခုတော့ ကျွန်တော်ရေးမှဖြစ်မည်။ ကျန်းမာရေးအရ၊ အသက်အရွယ်အရ ကျွန်တော် “ချည့်”စပြုလာပြီ။ ကိုယ့် ကိုယ် ကိုယ်အသက်အရွယ် ကြည့်လိုက်သည့်အခါ ၇၀နီးပါးဖြစ်ပြီ။ လူတစ်ယောက်လုံးကို သယ်ဆောင်သော ကျွန်တော့်ခြေထောက်သည် ကျွန်တော့်ကို ဒုက္ခပေးနေပြီ။…
x x x
ခင်ဗျားမရေးတော့ကော ဘာမှုစရာ လိုလို့လဲဟု ထင်စရာရှိ၏။ ဤထင်မြင်မှုနှင့် ကျွန်တော်ဘာမျှ သက်ဆိုင် ပတ်သက်ခြင်း မရှိပါ။ စာဖတ်သူပြည်သူအား ကျွန်တော် အလေးထားခြင်းနှင့် ကွယ်လွန်သွားသော ဖခင်စာရေး ဆရာ၏ မျိုးဆက်သွေးတာဝန်ကို ကျွန်တော့်ဘာသာ ထမ်းဆောင်ခြင်း။
ဤထမ်းဆောင်မှုကို ကြိုဆိုနားလည်ပေးမည်ဆိုပါလျှင် ကျွန်တော်စာရေးရခြင်း အကျိုး(တစ်နည်း) လူ့ဘ၀မှာ လူတစ်ယောက်အဖြစ် ရပ်တည်သွားခြင်းအကျိုးအတွက် ကျွန်တော့်ကိုယ်ကျွန်တော် ကျေနပ်သွား နိုင်လိမ့်မည် ဟု ထင်ပါသည်။
ပြောရလျှင် နိုင်ငံရေးလှုပ်ရှားတက်ကြွသူသည် ထောင်ထဲမရောက်မီ ထောက်လှမ်းရေးအကျဉ်းစခန်းမှာ အမျိုး မျိုးသော လူမဆန်သည့် နှိပ်စက်မှု အတော်များများကို ခံခဲ့ရသည်။
ကျွန်တော်ဖမ်းဆီး နှိပ်စက်ခံရာနေရာကား Y.M.C.A နောက် မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ S.B ခေါ် အထူးရဲတပ်ဖွဲ့ အဆောက်အအုံဟောင်း။
ကျွန်တော့်မျက်နှာအား ခေါင်းစွပ်ခေါ် ဆောင်လာရာမှ ကားရပ်ပြီးသည်နှင့် လက်မောင်းနှစ်ဖက်အား လူနှစ် ယောက်ညှပ် ခေါ်ဆောင်လာခဲ့ရာမှာ လှေကားထစ် တော်တော်များများ (ပထမထပ်တော့ ဖြစ်ဟန် မတူသေး) ဒုတိယထပ်ဟု ထင်ရသောအခန်းရောက်သည်နှင့် ကျွန်တော့်လက်အား လက်နောက်ပြန်ခတ်ထားသော အချုပ် သော့အိမ်ကို ဖမ်းဆွဲထားသည်။
နောက် … သော့ဖွင့်သံကြားရပြီး ခေါင်းစွပ်အားချွတ်ပေးကာ ကျွန်တော့် နောက်ကျော အားတွန်းထိုး၍ ကျွန်တော့်အားအခန်းထဲ တွန်းထိုးပစ်သွင်းလိုက်သည်။ ကျွန်တော်ထင်သလို သံတိုင်များနှင့်အချုပ် ခန်းမဟုတ်၊ အခန်းကျယ်ကြီး။ ထိုအခန်းအား ပြန်လည်သော့ခတ်သွား၏။ အခန်းကကျယ်သော်လည်း စားပွဲမရှိ၊ ကုလား ထိုင်မရှိ၊ ဘာမျှမရှိ။ အလင်းရောင်သည်ပင် မှန်ပြတင်းတံခါးများအား သုံးထပ်သားပိုး ရိုက်ထားသဖြင့် ကောင်း ကောင်းမ၀င်။
ထိုကာလ ကျွန်တော်အလိုချင်ဆုံးကား ဆေးပေါ့လိပ်။ ပါးစပ်တစ်ခုလုံး (ခံတွင်း)ချဉ်နေပြီ။ ဗိုက်လည်းဆာလှပြီ။ ညသန်းခေါင်ကျော်မှ ဖမ်းလာသည်မှ နောက်နေ့ ၁၂ နာရီကျော်ခန့်မှာ တံခါးရွက်အောက်မှ သံပန်းကန်ပြား စုတ် ချာချာနှင့် ထမင်းပန်းကန်ဝင်လာ၏။ ထမင်းအား ပဲဟင်းရည်ကျဲဆမ်းထားပြီး ငန်တူးနေသော အာပြဲခြောက် ကျော်နှင့် ရေဘူးအသေးတစ်လုံးနှင့်။
x x x
ည ၁၀ နာရီကျော်လောက်မှာ ကျွန်တော့်အား ထုတ်စစ်သည်။ ကျွန်တော့် လက်နှစ်ဖက်ကို ကုလားထိုင်နောက် ကျောမှာ လက်ပြန်လက်ထိတ် ခတ်ထားသည်။
ကျွန်တော်နှင့် ကျွန်တော့်အား စစ်သည့် S.B လူနှစ်ယောက်ကြား စူးရဲသော ဘက်ထရီမီးကို ထားထားသည်။ ဘက်ထရီမီးသည် ကျွန်တော့်အား အစဉ်မပြတ်ထိုးထားသည်။ ထို့ကြောင့်သူတို့က ဘက်ထရီ မီးနောက်မှာ ရှိနေသည်ဖြစ်၍ သူတို့အား ကျွန်တော်မမြင်ပါ။
စစ်ဆေးသူတစ်ယောက်က ထလာပြီး စားပွဲစောင်းမှာ တင်ပါးချိတ်ထိုင်ကာ ကျွန်တော့်အားမေး၏။
““တရုတ်ပြည် ရွှေလီကို ခင်ဗျားသွားတာ ဘာသွားလုပ်တာလဲ””
““နေမကောင်းတဲ့ ကျွန်တော့်ညီဆီသွားတာ””
““ခင်ဗျားဘယ်သူတွေနဲ့ တွေ့ခဲ့လဲ၊ ဥပမာဗျာ ဗိုလ်ချုပ်ကျော်ဇော၊ ဗိုလ်ကျင်မောင်၊ ဖိုးသံချောင်း အစရှိ ကွန်မြူနစ်တွေနဲ့ တွေ့ခဲ့လား””
““မတွေ့ခဲ့ဘူး””
““ဘယ်သူတွေနဲ့ တွေ့ခဲ့လဲ””
““ဗိုလ်ချုပ်ကျော်ဇောသားတွေနဲ့၊ ကျော်ဇောဦး၊ အောင်ကျော်ဇောတို့နဲ့””
““သူတို့က ခင်ဗျားကို စာရွက်စာတမ်းတွေ ရန်ကုန်မှာ ဖြန့်ဝေဖို့ မပေးလိုက်ဘူးလား။ ဥပမာ မိုက်ကရိုဖလင်နဲ့ ပေါ့””
““ကျွန်တော် ဘာမှမသိဘူး။ သူတို့နဲ့လည်း တစ်ချိန်က သူငယ်ချင်းတွေနဲ့အဖြစ် တွေ့တာ။ သူတို့လည်း နိုင်ငံ ရေး မလုပ်တော့ဘူး။ ကျော်ဇောဦးက အင်္ဂလိပ်စာ၊ ဗကပ သားသမီးတွေကိုပြတယ်။ အောင်ကျော်ဇောက ရွှေလီပန်းခြံနားမှာ ဂျွိုင်းလက်ဖက်ရည်ဆိုင် ဖွင့်ထားတယ်။ ခုကျွန်တော်သွားတာ ကျွန်တော့်ညီအကြီး ကောင် သေအံ့ဆဲဆဲ ကျန်းမာရေးကြောင့် သွားတာ။ အဲဒီလိုသွားခဲ့လို့ စစ်ထောက် လှမ်းရေးတာဝန်ခံဗိုလ်ကြီး ခင်မောင် ထွေးက ကျွန်တော့်ကို ဖမ်းဆီးစစ်ဆေးပြီးပြီ။ ဗိုလ်မှူးကြီးသန်းထွန်း လက်ထက်ပေါ့။ ဒါပေမဲ့ ဗိုလ်ကြီးခင်မောင် ထွေးက နောက်သွားရင် သူ့ကိုအကြောင်းကြားပြီးသွားလို့ ပြောတယ်။ အဲဒီလိုလည်း သွားခဲ့ဖူးတယ်။ ခုတစ်ကြိမ် ကျွန်တော်သွားခွင့် မတောင်းမိဘူး။ အဲဒါနဲ့ ကျွန်တော့်ကို အထင်လွဲပြီး ပြည်သူ့တိုးတက်ရေးပါတီမှာ အတူလုပ်ခဲ့ တဲ့ ကျွန်းပြန်ကိုသိန်းထွန်း၊ ညီညီ၊ ကဗျာ ဆရာ ကြည်တင်ဦး၊ ဦးရှိန်တင် (တောင်ငူထောင်မှာ ကျဆုံးသွားပါ သည်) တို့နဲ့လုပ်ငန်းစဉ် အတူလုပ်တယ်ထင်ပြီး ဖမ်းတာ””
ထိုသို့ပြေလည်စွာပြောကြားနေစဉ် ထိုသူသည် “ဒုန်း”ခနဲဆိုကာ စားပွဲကိုထုကာ
““ခင်ဗျား မိုက်ကရိုဖလင်တွေ ဘယ်မှာထားလဲ””
““မိုက်ကရိုဖလင်ဆိုတာ သူတို့လည်း ကျွန်တော့်ကိုမပြဘူး။ ကျွန်တော်လည်း စိတ်မ၀င်စားဘူး။ ပြီးတော့ ခုခေတ်က ယူဂျီခေတ်ဆိုတာ တစ်ယောက်မပေါ် တစ်ယောက်ပေါ်တာပဲ။ ဒါကြောင့် ကျွန်တော်မလုပ်ဘူး။ စိတ်မ၀င်စားဘူး။ မိသားစု စားဝတ်နေရေးတောင် အနိုင်နိုင်ရုန်းကန်နေရတာ။ ပြီးတော့ သူတို့က ကျွန်တော့်ကို မယုံဘူး””
““ဘာဖြစ်လို့လဲ””
““ကျွန်တော် သူတို့ရဲ့ နိုင်ငံရေးကိစ္စတွေမှာ ၀င်မပါတော့ဘဲ ဗီဒီယိုရုပ်ရှင်ဇာတ်ညွှန်းတွေပဲ ရေးနေတာ။ သူတို့က မကြည်ဘူး။ ဒါကတစ်ပိုင်း၊ နောက်တစ်ပိုင်းက””
““နောက်တစ်ပိုင်းက ဘာလဲ””
““ကျွန်တော် အရက်သောက်လို့””
x x x
ကျွန်တော့်အား အနားမပေးတမ်း၊ အိပ်ခွင့်မပေးတမ်း ၃ရက်မျှ စစ်မေးပြီးသော အခါ ““ခင်ဗျားဒီည စခန်းပြောင်း ရမယ်””ဆိုကာ သုံးထပ်သားများ ကာရံထားသော သူတို့အခန်း၏ အခြားတစ်ဖက်ခန်းသို့ ပြောင်းလိုက်၏။ ထိုအခန်းသည် အသံလုံသည်ထင်ရသော်လည်း၊ အသံများမှာ မကြားရဟု ထင်ရသော်လည်း သုံးထပ်သား အချို့ ကွဲအက်နေမှု၊ ကြားဟနေမှုများကြောင့် ကျန်ရဲဘော်များအား စစ်မေးသံများ ကျွန်တော်ကြားနေရပြီ။
ကျွန်တော့်ကို စစ်မေးပြီးသောအခါ (ဒုတိယကျွန်းပြန်) ကိုကိုးကျွန်း ကိုသိန်းထွန်း၊ ပြည်သူ့တိုးတက်ရေး ပါတီလူငယ်တာဝန်ခံ ညီညီ၊ ယခင်ကာလ ဗကပယူဂျီကြီးဦးရှိန်တင်တို့အား စစ်မေးသံများ ကျွန်တော်ကြား နေရပြီ။ နောင် ညီညီ့ပြောကြားချက်အရ သူ့စပို့ရှပ်ကို ချွတ်ခိုင်း၏။ လက်မြှောက်၊ ခေါင်းစွပ်ချွတ်ရာမှာ အချွတ် မခံတော့ဘဲ လက်နှင့်လက်ထိတ်တွဲသလို အင်္ကျီခေါင်းပိုင်းအား ကြိုးချည်လိုက်၏။ ညီညီ့ကိုယ် အထက်ပိုင်းကား အ၀တ်မပါ ဗလာ။ ထိုအခါ ထိုကိုယ်အထက်ပိုင်းအား ၀ိုင်းဝန်း ရိုက်နှက်ကြလေတော့သတည်း။
ထိုအတွဲမှာ သူတို့အမှုတွဲဟု ဖမ်းယူခေါ်ထားသော ကဗျာဆရာကိုကြည်တင်ဦးအား ဘယ်နေရာမှာ ဘယ်လိုနှိပ် ကြသည်မသိ။ နောင်ထောင်ထဲမှာ လူချင်းပြန်ဆုံသောအခါ သူပြောပြသည်မှာ သူ့အောက်ပိုင်းချွတ် ယောက်ျား (မအား)အား ၀ါးခြမ်းဖြင့် ပင့်ပင့်ရိုက်နှက်ကြလေသတည်း။ ထို့ကြောင့် ထောင်သည် တရားစခန်းမဟုတ်၊ လူဖမ်း ထားသောနေရာ။ ထို့ကြောင့် …
x x x
သည်နေရာမှာ ငါထောင်ကထွက်လာတာ၊ ငါထောင်ထဲမှာ ဘယ်လိုတိုက်ပွဲဝင်ခဲ့တာ ဆိုသည်များက ခြွင်းချက် ဖြင့် ကျွန်တော်သိလာ၏။
ထိုသူသည် နိုင်ငံရေးပုဒ်မဖြင့် ထောင်ကျလာသူ။ ထိုနိုင်ငံရေးသမားသည် ကိုယ့်ဖမ်းထားသောထောင်၏ ဘာ့ ကြောင့် ထောင်မှူးနောက်မြီးဆွဲ လုပ်ရမည်နည်း။
နေ့ခင်း ၁၂ နာရီမှ ၂ နာရီအထိ ထောင်ပိတ်ချိန်မှာ သူများမရသော အခွင့်အရေးသူရ၏။ ကိုယ့်ဖမ်းထားသော ထောင်၏လုံခြုံရေးအလို့ငှာ ညဘက်မီးအားမြှင့်တင်မှုဖြင့် ထိုထောင်မှူးနောက်လိုက်၍မှ မီးပြင် မီးလုံးတပ်ဆင် ပေးစရာလိုသနည်း။ ကိုယ်သည် ထောင်ကျနိုင်ငံရေး သမားရဲဘော်။ ကိုယ်သည် ထောင်ကျရဲဘော်ပီသစွာ နေ သင့်၏။ သူထိုသို့လုပ်ကိုင်ပေးခြင်းဖြင့် ဘာအခွင့်အရေးရသွားမည်နည်း။ ထောင်မှ လွတ်ရက်နီးသွားမည်လော။ ထောင်ထဲရှိ နိုင်ငံရေးသမားများအားလုံး တစ်ဦးချင်းစီ၏ အနေအထားကို ကိုင်ထားသူသည် စစ်ထောက်လှမ်း ရေး။
ပြီး … ကြည့်ရဆိုးသည်မှာ ထိုနိုင်ငံရေးသမားအား စေခိုင်းသူထောင်မှူးသည် လက်ကောက်ဝတ်မှာ အမြဲတမ်း ပုတီးအဖြူပတ်ထား၏။ ဘုရားစာတိုးတိုးရွတ်၏။ သူလုပ်နေသော အလုပ်သည် ဗုဒ္ဓနည်းကျပါရဲ့လား။ ထို့ကြောင့် ကျွန်တော်က (စာရေး ဆရာမောင်စိန်ဝင်းအား အားနာပါသည်) မောင်စိန်ဝင်းပုတီးကုံးဟု ခေါ်လေ့ ရှိသည်။
ကျွန်တော် ထောင်အကြောင်းရေးခဲ့ပါသည်။ ခုရွေးကောက်ပွဲလည်းနီးပြီ။ ထိုရွေး ကောက်ပွဲ နီးသောကာလမှာ သတိပြုဆင် ခြင်သင့်သော အရာများများစွာရှိသည်ကို ၅နှစ်သက်တမ်း ကာလအတွင်းပြခဲ့ပြီ။ လက်ပံတောင်း တောင်အရေးအခင်းမှ ဘုန်းတော်ကြီးများ မီးလောင်တိုက်အသွင်းခံရမှုများ၊ ကိုပါကြီး၊ ဒေါ်ခင်ဝင်းတို့ တရား လက်လွတ်အသတ်ခံရမှုများ၊ ခုကမ္ဘာမှာဓာတ်ပုံ ဆုချိတ်သွားပြီဖြစ်သော လက်ပတ်နီရဲတို့၏ အကြမ်းဖက်မှုများ၊ အို …ပြောနေလျှင်၊ ကျွန်တော်ရေးနေလျှင် ကျွန်တော့် A4 စာရွက်များစွာကုန်ကာ ဂျာနယ်မျက်နှာ ကိုလည်း မထောက်မညှာကျမည်။ သို့သော် ကျွန်တော်ဆုံးဖြတ်သည်။
ဤကာလမှာမှ မရေးလျှင် ကျွန်တော်ဘယ်အခါမျှ ထောင်နှင့်ထောက်လှမ်းရေး၏ နှိပ်စက်မှုများကို ရေးမည် နည်း။
ခွင့်ပြုမည်ဆိုလျှင် ကျွန်တော်ထောင်မှလွတ်ခါနီး ထိုင်း(တန်ကေး)ငါးဖမ်းသမားများနှင့် ကျွန်တော်တို့၏ နိုင်ငံရေး သမားများ ရိုက်ပွဲအကြောင်း ရေးလိုပါသေးသည်။ ထိုင်းများထံမှ ဒေါ်လာစားရသော ထောင်အာဏာပိုင်များ အကြောင်း ရေးလိုပါသေးသည်။ ခွင့်ပြုပါ။ ။
မြန်မာသံတော်ဆင့်သတင်းဌာန-https://www.facebook.com/ myanmarherald
No comments:
Post a Comment