ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ အထက်ပိုင်း ကျေးလက်ဒေသများတွင်
နေရောင်ခြည်သုံး LED “ကျေးရွာ မီးလင်းရေး ဗဟိုဌာနများ” ကို JJ-Pun၊
FMIနှင့် Phillips Lighting တို့ ပူးပေါင်းတည်ထောင်သွားမည်ဟု FMI က
ပြောဆိုလိုက်သည်။

“ကျေးလက်ဒေသ
မီးလင်းရေး ဗဟိုဌာနများ” အကောင်အထည်ဖော်ရေးအတွက် JJ-Pun, FMI နှင့်
Phillips Lighting တို့ သဘောတူညီမှု လက်မှတ်ရေးထိုးနေစဉ်။ (ဓာတ်ပုံ - FMI)
မြန်မာနိုင်ငံ အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၊ ငါးဇင်ရိုင်းကျေးရွာတွင် “ကျေးရွာ မီးလင်းရေး ဗဟိုဌာန” ကို ပထမဦးဆုံး တပ်ဆင်လုပ်ဆောင်သွားမှာဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလအတွင်း အပြီးသတ် အကောင်အထည်ဖော်သွားမည်ဟု FMI က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ငါးဇင်ရိုင်း ကျေးရွာရှိ “ကျေးရွာ မီးလင်းရေး ဗဟိုဌာန”ကို အကျယ်အ၀န်းအားဖြင့် စတုရန်းမီတာ ၁၀၀၀ ရှိဘောလုံးကွင်းငယ် တစ်ကွင်းစာ အရွယ်အစားရှိသည့် နေရောင်ခြည် စွမ်းအင်သုံး LED စနစ်ဖြင့် အလင်းရောင် ရရှိစေမည် ဖြစ်သည်။
ထိုစီမံချက်ကြောင့် ကျေးရွာတွင် အလင်းရောင်ရရှိချိန် ပိုမိုလာမည်ဖြစ်ပြီး ညအချိန်အခါများတွင် လူမှုရေးနှင့် စီးပွားရေး အခွင့်အလမ်းများ ပိုမိုလာမည်ဖြစ်သည်ဟု FMI ၏ သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
“လျှပ်စစ်စွမ်းအင် မရရှိသေးတဲ့ မြန်မာပြည်သူ၊ ပြည်သားတွေအတွက် ဒီစွမ်းအင်က ရပ်ရွာလူ့အဖွဲ့အစည်း အသိုင်းအဝိုင်းတွေမှာ လူမှုရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်လာစေမယ့်အား တစ်ခုပါပဲ။ ဒီကျေးရွာမီးလင်းရေး စီမံချက်ဟာ ဖော်ပြခဲ့တဲ့ တိုးတက်မှုတွေကို ဖြစ်စေမှာ ဖြစ်တဲ့ အပြင် မြန်မာနိုင်ငံ ခေတ်မီဖွံဖြိုးတိုးတက်ရေးမှာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုဟာ အရေးပါတယ်ဆိုတာ ပြသခွင့်ရလို့ ကျွန်တော်အထူးပဲ ကျေနပ်နှစ်သက်မိပါတယ်” ဟု JJ-Pun ၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဖိလစ်ဟော့ဖ်မန်းက ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ လျှပ်စစ်ကဏ္ဍအတွက် ရေအားလျှပ်စစ် ကဏ္ဍကို အများဆုံးအားထားနေရပြီး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍသုံးစွဲမှုမှာ နည်းပါးလျက်ရှိနေသေးသည်။ မြန်မာနိုင်ငံအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ် ကဏ္ဍမှ ၇၂ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၂၀ ရာခိုင်နှုန်း၊ ဒီဇယ်အင်ဂျင်ကဏ္ဍမှ ၁ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေး လောင်စာအသုံးပြုမှုမှ ၇ ရာခိုင်နှုန်း ရယူအသုံးပြုနေခြင်းဖြစ်သည်။ နေနှင့် လေကဏ္ဍမှ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုခြင်းမှာ သုံးရာခိုင်နှုန်းသာရှိနေသေးသည်ဟု မြန်မာနိုင်ငံ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကော်မတီက သတင်းထုတ်ပြန်ထားသည်။
Credit - Mizzima News
No comments:
Post a Comment