Wednesday, March 25, 2015

ကိုးကန့်တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်သည့် စစ်ဘေးဒုက္ခသည် ၂ဝဝ ကျော်ရှိဟု မန်ဆူကျောင်း တာဝန်ခံပြော

ရန်ကုန် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်သည့် လောက်ကိုင် ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၂၂ဝ ရှိပြီဟု ဒုက္ခသည်များကို လက်ခံစောင့်ရှောက်ပေးနေသည့် လားရှိုးမြို့ရှိ မန်ဆူ(ရှမ်းကျောင်း) ဘုန်းကြီးကျောင်း တာဝန်ခံ မမီးက မဇ္ဈိမကို မတ် ၂၃ ရက်တွင် ပြောသည်။

Kokang-Battle-04
(ဓာတ်ပုံ - အီးပီအေ)



မမီးက “အခု လောက်ကိုင်နေရပ်ကို မပြန်နိုင်တဲ့ ဒုက္ခသည်က များလာပြီ။ တိုက်ပွဲကလည်း ဆက်ဖြစ်နေပါတယ်။ ဒီမှာ လုံခြုံရေးအတွက်လည်း ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေရှိပါတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လောက်ကိုင်ဒေသခံအချို့နှင့် အခြားရွေ့ပြောင်း လုပ်သားများ မန်ဆူ(ရှမ်းကျောင်း)ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည်မှာ တစ်လခန့်ရှိနေပြီဖြစ်ပြီး စားသောက်စရိတ်ကို  မန်ဆူဘုန်းကြီးကျောင်းက တာဝန်ယူထားခြင်း ဖြစ်သည်။

ဒုက္ခသည်များ စားသောက်ရန်ချက်ပြုတ်မှုကို တာဝန်ယူ ဆောင်ရွက်ပေးထားသည့်အဖွဲ့ကို တစ်နေ့လျှင် သုံးသိန်း ပေးရပြီး ရိက္ခာအတွက်ကိုမှု လှူဒါန်းသူများ ရှိသည်ဟု မမီးက ဆိုသည်။

မန်ဆူဘုန်းကြီးကျောင်းဂေါပက အဖွဲ့ဝင် အထွေထွေအတွင်းရေးမှူး (၃) ဦးစိုင်းဆီးက “သွားလိုက် လာလိုက်လုပ်နေတဲ့ ဒုက္ခသည်တွေလည်း ရှိပါတယ်။ ရွှေ့ပြောင်းလုပ်သား စစ်ဘေးဒုက္ခသည်တွေကလည်း ရှိပါတယ်။ နေရပ်မပြန်နိုင်တဲ့ စစ်ဘေး ဒုက္ခသည်တစ်ချို့က လောက်ကိုင် ဇာတိမဟုတ်ပေမယ့် လောက်ကိုင်ဒေသကို ရောက်နေတာ ၁ဝ လောက် ရှိပြီဆိုတော့ အဲဒီမှာ အခြေကြနေကျပြီလေ” ဟု ပြောသည်။

မန်ဆူ(ရှမ်းကျောင်း)ဘုန်းကြီးကျောင်းတွင် ခိုလှုံပြီး  နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်ဒုက္ခသည်  ၂၃,၇၀၀ ဦးအထိ ရှိပြီဖြစ်သည်ဟု မန်ဆူ(ရှမ်းကျောင်း) ဘုန်းကြီးကျောင်း တာဝန်ခံ မမီးက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်ရပ်ရေးဆွေးနွေးပွဲတွင် ကိုးကန့်တပ်နှင့် တပ်မတော်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲကိစ္စများကို ဆွေးနွေးခဲ့ပြီး  နှစ်ဖက်လုံးက စစ်ရေးဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးရန် NCCT ခေါင်းဆောင်များက မေတ္တာရပ်ခံထားသည်။

တိုက်ပွဲများဖြစ်ပွားမှုကြောင့် ယူနန်ပြည်နယ် လင်းချန်းခရိုင် မုန်တိမ်မြို့ တာ့ရွှေရှန်းတု ကျေးရွာအနီး ကြံခင်းအတွင်း မြန်မာအစိုးရစစ်တပ်၏ လက်နက်ကြီး မတ်လ ၈ ရက်က ကျရောက်သဖြင့် လူငါးဦးသေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။

လောက်ကိုင်ဒေသအတွင်း ဖေဖော်ဝါရီလ ၉ ရက်က စတင်ကာ ဦးဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အစိုးရ တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ကာ လက်ရှိအချိန်ထိ တပ်မတော်ဘက်မှ စစ်သည် ၁ဝဝ ကျော် ကျဆုံးခဲ့ပြီး ၂ဝဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment