ရန်ကုန် (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တရားရုံးတွင်
သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲခံထားရသူ စာရေးဆရာ ဦးထင်လင်းဦး အမှုအတွက်
လာမည့် ဧပြီ ၂ ရက်တွင် ၎င်းကို စစ်ဆေးမည် ဖြစ်ပြီး အမှုအတွက် ၎င်းကိုယ်တိုင်
ထုချေမည်ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးသိန်းသန်းဦးက
ပြောသည်။

ဦးထင်လင်းဦးအား
ချောင်းဦးမြို့နယ် တရားရုံးမှ ပုဒ်မ ၂၉၅ (က)၊၂၉၈ တို့ဖြင့် မတ်လ ၁၇
ရက်တွင် စွဲချက်တင်လိုက်ပြီဖြစ်သည်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
“လာမယ့် ၂ ရက်နေ့မှာ ဦးထင်လင်းဦးက ကိုယ်တိုင်ကျမ်းကျိန်ပြီးအစစ်ခံရမှာပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားတယ်။ လူ့အခွင့်အရေးကြေညာစာတမ်းအရ လွတ်လပ်စွာပြောကြားတယ်။ အဲ့ဒီအတွက် အပြစ်မရှိဘူးလို့ အဲ့ဒီအတိုင်းသွားမှာ” ဟု ဦးသိန်းသန်းဦးက ဆိုသည်။
မတ်လ ၂၄ ရက် ရုံးချိန်းတွင် တရားလိုပြသက်သေ ဦးထွန်းခိုင်ကိုစစ်ဆေးခဲ့ပြီး ကျန်သက်သေ သုံးဦးကို ပယ်ချခဲ့သည်ဟု ၎င်းက ပြောသည်။ အမှုစစ်ဆေးရာတွင် ရုံးပြောင်းလျှောက်ထားခဲ့သော်လည်း မုံရွာမြို့နယ် တရားရုံးက ပယ်ချခဲ့ပြီး ရုံးချိန်း ၁၂ ချိန်းရှိခဲ့ပြီ ဖြစ်သည်။
စာရေးဆရာ ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာတွင်ပြုလုပ်ခဲ့သည့် စာပေဟော ပြောပွဲတွင် ဘာသာ၊ သာသနာကို စော်ကားသည်ဟူသော စွပ်စွဲချက်ဖြင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနဦးစီးမှူး ဦးထွန်းခိုင်က တရားလိုပြုတိုင်ကြားထားခြင်းဖြစ်သည်။
စာရေးဆရာ ထင်လင်းဦးကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ၂၉၅ (က)(ဘာသာသာသနာကိုဖြစ်စေ၊ ဘာသာ သာသနာယုံကြည်မှုကိုဖြစ်စေ၊ နာကြည်းစေရန် တမင်ကြံရွယ်ခြင်း)၊ ၂၉၈ (ဘာသာရေး စိတ်ကို နာစေရန်တမင် ကြံရွယ်၍ စကားပြောဆိုခြင်း) ပုဒ်မနှစ်ခုဖြင့် တရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်သည်။
အောက်တိုဘာ ၂၃ ရက်က ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာတွင် ကျင်းပခဲ့သည် ဦးဝိစာရ ဂုဏ်ပြု စာပေဟောပြောပွဲတွင် စာရေးဆရာ ဦးထင်လင်းဦး၏ ဟောပြောချက်များသည် ဘာသာ၊သာသနာကို ထိခိုက်စော်ကားသည်ဟုဆိုကာ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ ယင်းနေ့က စာရေးဆရာ ဦးထင်လင်းဦးနှင့်အတူ စာရေးဆရာ ညီမင်းညို၊ စာရေးဆရာ ဦးဘုန်း (ဓာတု) တို့ နှင့်အတူ ဟောပြောခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment