၁၉၂၃ခုနှစ်၊ စက်တင်ဘာ၁၆ရက်တွင် စင်ကာပူမှာမွေးဖွားခဲ့သော
စင်ကာပူနိုင်ငံကို တည်ထောင်ခဲ့သူ၊ စင်္ကာပူ နိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်
လီကွမ်ယူမှာ ၂၀၁၅ခုနှစ်၊ မတ်လ၂၂ ရက်က ကွယ်လွန်ခဲ့ပြီဖြစ်သည်။

လီကွမ်ယူသည် စင်ကာပူကို လွတ်လပ်ရေးရအောင် ဦးဆောင်ခဲ့ပြီး ပထမဆုံးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာတွင် ၁၉၅၉ခုနှစ်မှ ၎င်းရာထူးမှဆင်းပေးခဲ့သည့် ၁၉၉၀ပြည့်နှစ်အထိ ပုံမှန်ရွေးကောက်ခံခဲ့ရသည်။
ဒုတိယကမ္ဘာစစ်အတွင်းက စင်ကာပူမှာ ဂျပန်၏ သိမ်းပိုက်မှုခံခဲ့ရသော်လည်း လီကွမ်ယူမှာ မသေဘဲ ရှင်သန်လွတ်မြောက်ခဲ့သည်။
စစ်ပြီးနောက် လီသည် အင်္ဂလန်သို့သွားရောက်ခဲ့ပြီး ၁၉၄၉ခုနှစ်တွင် ကိန်းဘရစ်ဂ်ျတက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့သည်။ ၁၉၅၄ခုနှစ်တွင် People's Action Party (PAP) ပါတီသစ်သို့ ဝင်ရောက်ခဲ့သည်။ ပီအေပီပါတီသည် ၁၉၅၉ခုနှစ်တွင် ရွေးကောက်ပွဲများတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် လီသည် လျင်မြန်စွာ ရာထူးတက်ကာ နောက်ဆုံးတွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ စင်ကာပူသည် ၁၉၅၇ခုနှစ်က ဗြိတိန်ထံမှ လွတ်လပ်ရေးရခဲ့သော မလေးရှားနိုင်ငံအတွင်း ပါဝင်ခဲ့သည်။ သို့သော်လည်း ၁၉၆၅ခုနှစ်တွင် စင်ကာပူသည် မလေးရှားမှ ခွဲထုတ်ခြင်းခံရသည်။
စင်ကာပူတွင် သဘောဝ အရင်းအမြစ်ပေါများ ကြွယ်ဝမှုမရှိသော်လည်း လီ၏ ညွှန်ကြားမှုဖြင့် ဘဏ္ဍာရေးနှင့် စက်မှုလုပ်ငန်း အင်အားကြီးမားသည့် နေရာဖြစ်လာခဲ့သည်။
လီသည် တင်းကျပ်သောဥပဒေဖြင့် နိုင်ငံကို အုပ်ချုပ်နိုင်ခဲ့သည်။ ဝန်ကြီးချုပ်အဖြစ် ဆယ်စုနှစ် သုံးနှစ်ကြာပြီးနောက် ၁၉၉၀ပြည့်နှစ်တွင် ရာထူးမှ ဆင်းပေးခဲ့သည်။ ၎င်း၏နေရာကို ဂိုချောက်တောင်က ဆက်ခံခဲ့သည်။
ဝန်ကြီးချုပ်နေရာတွင် မရှိတော့သော်လည်း ၂၀၁၁ခုနှစ်အထိ ဝါရင့်ဝန်ကြီးအဖြစ် ကက်ဘိနက်တွင် ရှိနေခဲ့သည်။ ထိုနှစ်တွင် လီ၏ အသက်မှာ ၈၇ နှစ်ရှိနေခဲ့ပြီဖြစ်သည်။ သို့သော်လည်း မကွယ်လွန်မီ နှစ်အနည်းငယ်အထိ ပါလီမန်တွင် ၎င်း၏ နေရာရှိနေခဲ့သည်။
စင်ကာပူသည် အောင်မြင်မှုရလာခဲ့သော်လည်း လူ့အခွင့်အရေးပိုင်းတွင် တန်ဘိုးကြီးကြီးပေးထားရသည်။ လီသည် အစိုးရနှင့် သဘောကွဲလွဲသူများကို သည်းခံခဲ့ခြင်းမရှိခဲ့ပါ။ အစိုးရဝေဖန်သူများကိုလည်း တရားခွင်စစ်ဆေးမှုမရှိဘဲ ထောင်ချပစ်ခဲ့ပါသည်။စင်ကာပူနိုင်ငံသားများသည် ကြွယ်ပိုးကြွယ်ဝရှိနေသည့်တိုင် စာနယ်ဇင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာရေးသားပြောဆိုခွင့်နှင့် လွတ်လပ်စွာစုဝေးခွင့် စသည့်အခွင့်အရေးများ ခံစားခွင့်မရကြပါ။
လီသည် ဆွေမျိုးသာချင်းကောင်းစားရေး ဝါဒီဖြစ်သည်ဟု ဝေဖန်သူများက စွပ်စွဲကြသည်။ ၎င်း၏သားဖြစ်သူ လက်ရှိ ဝန်ကြီးချုပ် လီရှန်လွန်းအပြင် အခြားသားသမီးများနှင့် နီးစပ်သော မိသားစုဝင်များမှာ နိုင်ငံအတွင်း အာဏာရှိသော ရာထူးကြီးများကို သိမ်းပိုက်ထားကြသည်။
စင်ကာပူရှိ မလေးနွယ်ဖွားနှင့် အိန္ဒိယနွယ်ဖွားတို့က တရုတ်နွယ်ဖွားလီသည် နိုင်ငံရေးနှင့် စီးပွားရေး အကျိုးအမြတ်များကို အခြားလူမျိုးစုများကို ခွဲဝေပေးခြင်းမရှိဟု စွပ်စွဲလျက်ရှိသည်။ သို့သော်လည်း လီသည် တရုတ်နှင့် အမေရိကန်ခေါင်းဆောင်များက တိုင်ပင်ရသည်အထိ သြဇာရှိသူဖြစ်ခဲ့သည်။
ယခုလီသေဆုံးသွားခဲ့ခြင်းက စင်ကာပူ၏ အနာဂါတ်နှင့် ပတ်သက်သည့် မသက်မသာမေးခွန်းများ ပေါ်ထွက်လာနေပြီဖြစ်သည်။ မကြာသေးမီ နှစ်များအတွင်း ဝင်ငွေမညီမျှမှုက ကျယ်လာပြီး နိုင်ငံရေးအတိုက်အခံတို့ ပို၍အားကောင်းလာသည်။
စင်ကာပူလူ့အဖွဲ့အစည်းသည် ပို၍အမျိုးမျိုးကွဲပြားလာသည်။ စင်ကာပူ၏ စီးပွားရေးက ပိုရင့်ကျက်လာသည်။ နိုင်ငံရေးအခင်းအကျင်းက ပို၍ ပြိုင်ဆိုင်မှုရှိလာသည်ဟု ၂၀၁၃ခုနှစ်က မိန့်ခွန်းတစ်ခုတွင် စင်ကာပူဝန်ကြီးချုပ်က သတိပေးခဲ့သည်။ ၂၀၁၇ခုနှစ်တွင် ကျင်းပရန်စီစဉ်ထားသော အထွေထွေရွေးကောက်ပွဲများက လွတ်လပ်ရေးပြီးနောက်ပိုင်း ဗဟုအဆန်ဆုံး၊ အကွဲပြားဆုံး အစိုးရတစ်ရပ်ကို ဆောင်ကျဉ်းလာနိုင်ဖွယ်ရှိနေသည်။
Credit - Mizzima News
No comments:
Post a Comment