Monday, March 23, 2015

အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေ အလုပ်သမားများကို အကာအကွယ်မပေးနိုင်၍ ပယ်ဖျက်ပေးရန် တောင်းဆို

ရန်ကုန် (မဇ္ဈိမ) ။ ။  အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး နည်းဥပဒေ အခန်း(၈) အထွေထွေ ပုဒ်မ (၃၅) အား အလုပ်သမားများအား ထိရောက်အောင် အကာအကွယ် ပေးနိုင်သည့် ဥပဒေ မဟုတ်သည့် အတွက် ပယ်ဖျက်ပေးရန်  အလုပ်သမားဝန်ကြီးဌာန (နေပြည်တော်)သို့ မတ်လ ၁၈ရက်က  မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်က စာပို့ကာ တိုက်တွန်းခဲ့သည်ဟု အသင်း၏  ဥက္ကဋ္ဌ ဦးအောင်လင်းက မဇ္ဈိမကို ပြောသည်။

"'ဒီပုဒ်မက အလုပ်သမားတွေကို အကြောင်းမဲ့ အလုပ်ထုတ်ချင်ရင် ဒီပုဒ်မနဲ့ အလုပ်ထုတ်လို့ရတယ်။ အခုက အလုပ်သမားတွေက လုပ်ခလစာနည်းလို့ ဆန္ဒပြကြတယ် ပြီးရင် လုပ်ငန်းရှင်က အကြောင်းမဲ့
အလုပ်ထုတ်ချင်ရင် ဒီပုဒ်မကို သုံးတယ်။ အလုပ်သမားတွေ နစ်နာတယ်"ဟု ဦးအောင်လင်းက ဆိုသည်။

အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေ အခန်း (၈) အထွေထွေ ပုဒ်မ (၃၅)တွင် အလုပ်ရှင်က လုပ်ငန်းတစ်ခုခုကို  ဆက်လက်လည်ပတ် လုပ်ကိုင်နိုင်ခြင်းမရှိသဖြင့် လုပ်ငန်း ရပ်ဆိုင်ရသော အခါတွင်ဖြစ်စေ၊ အလုပ်သမားအား အကြောင်းမဲ့ အလုပ်ထုတ်ပစ်သည့်အခါ ယင်းသို့ ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အငြင်းပွာမှုတွင် ပါဝင်သော အလုပ်သမားအား အလုပ်ရှင်ပေးရမည့် နစ်နာကြေးနှုန်းထားကို အလုပ်သမားဝန်ကြီးက အမိန့်ကြော်ငြာစာဖြင့် အခါအားလျှော်စွာ သတ်မှတ်၍ ထုတ်ပြန်နိုင်သည် ဟု ပါရှိသည်။

ယင်းပုဒ်မပါ  အလုပ်သမားများအား အကြောင်းမဲ့ အလုပ်ထုတ်ပစ်သည့်အခါ ဆိုသည့် စကားရပ်သည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေတွင် ပုဒ်မ (၁၇) (၁၈) (၁၉)တွင် ပါရှိသည့် အလုပ်သမား အဖွဲ့အစည်းကို အလုပ်ထုတ်ပိုင်ခွင့်မရှိသည့်အတွက်  ဥပဒေနှင့်မညီသောကြောင့် ပြင်ဆင်ပေးရန် အလုပ်သမား ဝန်ကြီးဌာနကို တိုက်တွန်းရခြင်းဖြစ်သည်ဟု ဦးအောင်လင်းက ပြောသည်။

ထို့အပြင် အငြင်းပွာမှု ဥပဒေပါ ပုဒ်မ (၃၅) တွင်ပါသည့် အလုပ်မှ ရပ်စဲခံရသော အလုပ်သမားများအား အလုပ်ရပ် နစ်နာကြေးအဖြစ်  လုပ်သက်အလိုက်နှစ်အလိုက် နစ်နာကြေးပေးရန်လည်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်က အကြံပြုထားသည်။

အလုပ်ရှင်မှ အလုပ်သမားများအား အကြောင်းမဲ့ အလုပ်ထုတ်ခြင်းအပေါ်တွင် ဥပဒေချိုးဖောက်သည့် အလုပ်ရှင်များအား ပြဋ္ဌာန်း ဒဏ်ငွေ သိန်း၁၀၀ အထိ တိုးမြှင့် သတ်မှတ်ပေးရန်နှင့် ယင်းဒဏ်ငွေကို အလုပ်သမားဝန်ကြီးဌာနက သိမ်းဆည်းကာ အလုပ်သမားများ၏ အကျိုးစီးပွား တိုးတက်ရေး လုပ်ငန်းစဉ်တွင် ထည့်ဝင်အကောင်အထည် ဖော်ပေးရန် အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်က တိုက်တွန်းထားသည်။

ယခုလက်ရှိတွင် လုပ်ခလစာနည်းပါးခြင်းနှင့် ပတ်သက်၍ အလုပ်သမား ဆန္ဒပြမှုများဖြစ်ပေါ်လျှက်ရှိပြီး၊ ဆန္ဒပြပွဲ ဦးဆောင်သူ သမဂ္ဂ အဖွဲ့ဝင်များအား အလုပ်ရှင်က နစ်နာကြေးပေး၍ အလုပ်မှထုတ်ခြင်းများ ရှိနေသည်။

ယခုလအတွင်း၌ပင် လှိုင်သာယာစက်မှုဇုံမှ ဆန္ဒပြ အလုပ်သမားများ အကြမ်းဖက် ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် ၁၄ဦးကို အလုပ်ရှင်မှ အလုပ်ဆက်မခန့်ဘဲ ထုတ်ပယ်ခဲ့သည်။


Credit - Mizzima News

No comments:

Post a Comment