ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့မှာ နေထိုင်တဲ့ ဦးလှဖေ အငြိမ်းစား ကျောင်းဆရာကြီး ပို့လိုက်တဲ့ မေးလ်တစ်စောင် မဇ္ဈိမစာဖတ်သူ ကဏ္ဍကို ရောက်လာပါတယ်။
သူရေးလိုက်တဲ့ စာထဲမှာပါတဲ့အကြောင်း အရာကတော့ ၁၀.၃.၂၀၁၅ ရက်မှာ ဖြစ်ပွားခဲ့တဲ့ လက်ပံတန်း ကျောင်းသားသပိတ်ဖြစ်စဉ်နဲ့ စပ်လျဉ်းလို့ ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတကြီးရဲ့ ဖြေကြားချက်ကို ဘဝင်မကျလို့ သူ့အမြင်ကို ရေးသားပေးပို့ခဲ့တာပါ။
သူဟာ အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်သလို ကျောင်းနေတဲ့သားသမီးတွေရှိတဲ့ ကျောင်းသားမိဘ တစ်ဦးလည်းဖြစ်တာကြောင့် ကျောင်းသားတွေရဲ့ စိတ်သဘောထားနဲ့ အမူအကျင့်တွေကို သူများတွေ ထက်ပိုပြီး နားလည်မိပါတယ်။
ကျောင်းသားဆိုတာ လူငယ်တွေဖြစ်တဲ့အတွက် မဟုတ်ရင် မခံချင်ဘူး။ စိတ်ထဲမှာ မှန်တယ်ထင်ရင် စွန့်စွန့် စားစား လုပ်ချင်တယ်။ သူတို့စိတ်က ချက်ချင်းကြီးပြောရင် လက်မခံချင်ပေမယ့် အချိန်ယူ အကျိုးသင့် အကြောင်းသင့် ပြောရင် လက်ခံတတ်ကြပါတယ်လို့ ဆိုပါတယ်။
ဆရာကြီးက လက်ပံတန်းမှာ ကျောင်းသားတွေ ဆန္ဒပြသပိတ်မှောက်တဲ့အချိန် လူမှုရေးကိစ္စတစ်ခုနဲ့ သူ လက်ပံတန်းမြို့ကို မတ်လ ၈ ရက်ကတည်းက ရောက်နေခဲ့ပါတယ်တဲ့။
အခင်းဖြစ်တဲ့နံနက်ပိုင်းမှာ မြို့ခံလူတစ်ဦးက နယ်လုံဝန်ကြီးနဲ့ ကျောင်းသားတွေ ညှိနှိုင်းတာ အဆင်ပြေသွားပြီ၊ ကျောင်းသားတွေ မြို့ကနေ ထွက်ကြတော့မယ်ဆိုလို့ အေးအေးချမ်းချမ်းနဲ့ ပြီးသွားမယ် ထင်ခဲ့တာ။ မကြာခင်မှာပဲ ကျောင်းသားတွေကို ရဲတွေက အကြမ်းဖက်ဖြိုခွဲကြောင်း ကြားရတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ကြားရတာကိုပြောရရင် သမ္မတကြီးက ဆန္ဒပြကျောင်းသားတွေဘက်က ရိုက်လို့ ပြန်ရိုက်ရတာ၊ ခဲနဲ့ပေါက်လို့ ရဲက ကာကွယ်ရတဲ့သဘော ပြောသွားတာဆိုတော့ ကျောင်းသား တွေက အကြမ်းဖက်လို့ ရဲကပြန်ပြီး အကြမ်းဖက် ဖြိုခွဲရတယ်ဆိုတဲ့ သဘောမျိုး ပြောသွားတာကိုတော့ ကျောင်းဆရာတစ်ယောက်၊ မိဘတစ်ယောက်အနေနဲ့ သူ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
တကယ်ဆို ကျောင်းသားတွေက သူတို့ တစ်ယောက်ချင်း အကျိုးစီးပွားအတွက်လုပ်ခဲ့တာ မဟုတ်ဘဲ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးအတွက် အကျိုးရှိမယ့် ပညာရေးဥပဒေ ပြောင်းလဲပေးဖို့ တောင်းဆိုတာပါ။
မြန်မာနိုင်ငံပညာရေးပြောင်းလဲမှ ဒီနေ့တွေ့ကြုံနေရတဲ့ လူမှုရေး၊ စီးပွားရေးယိုယွင်းမှုတွေကို ကာကွယ်နိုင် မှာ ဖြစ်တဲ့အတွက် သူတို့တောင်းဆိုတာ သဘာဝကျပါတယ်။ ဒါကို တာဝန်ရှိတဲ့ အုပ်ချုပ်သူ အစိုးရဘက်က အေးအေးချမ်းချမ်း ပြန်ပြီး ဖြေရှင်းပေးရမှာဖြစ်တယ်လို့ ရေးပါတယ်။
အစိုးရက မိဘဖြစ်ပြီး ကျောင်းသားတွေဟာ သားသမီးတွေ ဖြစ်ပါတယ်။ မိဘမှားနေကြောင်း ကလေး တွေက အကျိုးအကြောင်းသင့် ပြောတာကို မိဘအနေနဲ့ လက်ခံပြီး ပြင်တာ ရှက်စရာ မဟုတ်ပါဘူး။
မှားမှန်း သိရက်နဲ့ လက်မခံဘဲ ကလေးတွေကို ဒေါသတကြီး ရိုက်နှက်ဆုံးမတာမျိုး ဖြစ်နေတယ် ဆိုတာကို မိဘက မသိပေမယ့် ပတ်ဝန်းကျင်ကသိနေတဲ့ အဖြစ်အပျက်မျိုးဆိုတာကို တာဝန်ရှိသူတွေအနေနဲ့ လက်ခံ သင့်ပါတယ်လို့ ပြောပါတယ်။
လက်ပံတန်း ကျောင်းသား သပိတ်ဖြိုခွဲမှုကို သူကိုယ်တိုင် မမြင်ခဲ့ပေမယ့် ဗီဒီယိုမှတ်တမ်းတွေ၊ ဓာတ်ပုံ မှတ်တမ်းတွေနဲ့ သတင်းမှတ်တမ်းတွေကို ကြည့်ပြီး လက်နက်မရှိတဲ့ ကျောင်းသားတွေကို ရဲတွေက ကြမ်းတမ်းစွာနဲ့ ဘယ်လို နှိမ်နင်းအကြမ်းဖက်ခဲ့တယ် ဆိုတာကို သမ္မတကြီး သိမြင်နိုင်ပါတယ်။ အခုလို တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတကြီး ပြောခဲ့တာဟာ သူ့စိတ်ထင် ဗီဒီယို၊ ဓာတ်ပုံမကြည့်ဘဲ ပြောခဲ့တယ်လို့ ထင်ပါတယ်လို့ ဆိုပါတယ်။ ဘယ်အရာမဆို သေခြင်းတရားကလွဲရင် လူမဖြေရှင်းနိုင်တဲ့ အရာမရှိပါဘူး။ ယဉ်ကျေးတဲ့ လူမျိုးတွေမှာ အခုလိုအဖြစ်အပျက်မျိုးတွေ မကြာခဏ ဖြစ်နေတာဟာ နိုင်ငံအတွက်ကောင်းတဲ့ အလားအလာ မဟုတ်တာကြောင့် တာဝန်ရှိသူတွေအနေနဲ့ အေးချမ်းစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းများကို အသုံးပြု ဖြေရှင်းပေးဖို့ ပြည်သူတစ်ယောက်အနေနဲ့ တောင်းဆိုချင်လို့ ဒီစာကို ရေးပို့လိုက်ပါတယ်လို့ ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။
Credit - Mizzima News
No comments:
Post a Comment