Tuesday, March 24, 2015

အတွင်းဝန်များရုံးမှာ မွေးနေ့ပွဲကျင်းပခြင်း (သို့မဟုတ်) ပွင့်လင်းမြင်သာမှု မရှိတဲ့ ပြဿ နာ (ဆောင်းပါး)

စည်သူအောင်မြင့် (ဆောင်းပါး)

ဒီရက်ပိုင်း အင်တာနက် လူမှုကွန်ယက်စာမျက်နှာနဲ့ သတင်းစာဂျာနယ်တွေမှာ ဂယက်ထခဲ့တဲ့ သတင်း တစ်ပုဒ်ကတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်များ ကျဆုံးခဲ့ရာ ရန်ကုန်မြို့လည်က သမိုင်းဝင် အတွင်းဝန်များရုံး မြက်ခင်းပြင်မှာ အရင်စစ်အာဏာရှင်ခေတ် ဗိုလ်ချုပ်ဟောင်း တစ်ယောက်ရဲ့သမီး မွေးနေ့ပွဲ ကျင်းပခြင်း သတင်းပါပဲ။

ဒါနဲ့ပတ်သက်ပြီး သဘောမကျ၊ လက်မခံနိုင်ကြောင်း ပြည်သူတွေက ဝေဖန်ကြသလို သမ္မတ ပြောခွင့် ရလည်းဖြစ်၊ အစိုးရအဖွဲ့ရဲ့ မျက်စိကြီး နားကြီး ပုဂ္ဂိုလ်လို့လည်းခေါ်နိုင်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က
သူသည်လည်း အဲလိုလုပ်တာကို လက်မခံနိုင်ကြောင်း ပြောဆိုထားမှု ရှိနေခဲ့လို့ပါ။ ဒီကိစ္စ ဘယ်လိုဖြစ်တာပါလဲ၊ ပြဿနာအရင်းခံက ဘာများ ဖြစ်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်ညက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့ရာ အတွင်းဝန်များရုံး ပရဝုဏ်မြေပြင်နဲ့ အဆောက်အအုံတွင်းမှာ အရင်စစ်အစိုးရခေတ်က နာမည်ကြီးစစ်ခေါင်းဆောင် ကုန်သွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းကြည်ရဲ့သမီး ဒေါ်သီသီထွန်းရဲ့ မွေးနေ့ပွဲကို ကျင်းပခဲ့ရာကနေ စတာပါ။ မွေးနေ့ပွဲဓာတ်ပုံတွေကို အရင်အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့မြေး ဦးအေးနေဝင်းက အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တင်လိုက်ရာမှာ အများ ပြည်သူသိရှိသွားပြီး ဝေဖန်ကန့်ကွက်မှုတွေ ပေါ်ထွက်လာတာပါ။

မွေးနေ့ပါတီကျင်းပတဲ့နေရာဟာ ပြည်သူတွေ အလေးအမြတ် တန်ဖိုးထားရာနေရာဖြစ်နေခြင်း၊ မွေးနေ့ ပွဲကျင်းပတဲ့ သူကလည်း အရင်စစ်အာဏာရှင်ခေတ်က တန်ခိုးထွားခဲ့တဲ့ စစ်ခေါင်းဆောင် တစ်ယောက်ရဲ့သမီး ဖြစ်နေခြင်း၊ မွေးနေ့ပွဲ တက်ရောက်လာသူတွေ ထဲမှာလည်း အရင်အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့မြေး ဦးအေးနေဝင်းလို ပုဂ္ဂိုလ်မျိုးပါဝင်နေခြင်းကြောင့် လက်မခံ ဝေဖန်ဆန့်ကျင်ကြခြင်းပဲ ဖြစ်ပါတယ်။

ဒီလို အများပြည်သူ ဝေဖန်မှုထဲမှာ သမ္မတအကြံပေး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်လည်း ပါဝင် လာပါတယ်။ သူက “မွေးနေ့ပွဲလုပ်တယ်ဆိုရင် ဒီလုပ်ရပ်ကို ကျွန်တော်လည်း မနှစ်သက်ပါ။ ဒီအဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးကို ကိုသန့်မြင့်ဦးတို့ YHT နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ပဲ နားလည်ထားပါတယ်။ ဒါကြောင့် YHT အနေနဲ့ပြန်သုံးသပ် သင့်တယ်လို့ထင်ပါတယ်” ဆိုပြီး သူ့ရဲ့စာမျက်နှာကနေတစ်ဆင့် ဖော်ပြခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးရဲ့ အဲလို YHT (Yangon Heritage Trust)  ဘက်ကို အပြစ်ပုံချမှု ရှိလာပြီးနောက် YHT ဘက်က ပြန်လည် ရှင်းလင်းတာမျိုး လုပ်ခဲ့ပါတယ်။ YHT ရဲ့ ရှင်းလင်းချက် အပြည့်အစုံကတော့ ခုလိုပါ။

“ရန်ကုန်ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး) အဆောက်အအုံကို ၂၀၁၁ ခုနှစ် (YHT မဖွဲ့စည်းမီ) တွင် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရက ပုဂ္ဂလိကသို့ လက်ပြောင်းခဲ့ရာတွင် အနော်မာအနုပညာအဖွဲ့က ပြတိုက်နှင့် ယဉ်ကျေးမှုအနုပညာ စင်တာအဖြစ် ပြန်လည်ပြောင်းလဲအသုံးချရန် အဆိုဖြင့် တင်ဒါအောင်မြင်ခဲ့ပါသည်။ ယင်းအဆိုဖြင့် MIC ၏ ခွင့်ပြုချက်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရကနဦးခွင့်ပြုချက်ကို ရရှိခဲ့ပါသည်။

YHT က မြို့ပြအမွေအနှစ် အဆောက်အအုံများနှင့်ပတ်သက်၍ ပြင်ဆင်ပြောင်းလဲ ပြန်လည်အသုံး ပြုခြင်းတို့အတွက် နိုင်ငံတကာကျင့်ထုံးများနှင့်အညီ အမွေအနှစ်ဆိုင်ရာ ထူးခြားမှုများ (heritage significance) များကို ဆန်းစစ်ကာ ပြန်လည် ပြောင်းလဲအသုံးပြုခြင်းများက သင့်တော်မတော် ချိန်ထိုးသည့် Conservation Management Plan ကို ရင်းနှီးမြှုပ်နှံသူတိုင်းက တင်ပြစေရန် MIC သို့ တိုက်တွန်း အကြံပြုခဲ့ပါသည်။

အဆိုပါ အကြံပြုချက်အတိုင်းပင် ၂၀၁၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် အနော်မာအကြား သဘော တူညီစာချုပ် ချုပ်ဆိုရာတွင် အစိုးရအဖွဲ့၏ တာဝန်ပေးချက်ဖြင့် မိမိတို့က တာဝန်ယူစီစဉ်ကာ ပြည်ပမှ ပညာရှင်အဖွဲ့ (အီဒင် ဘရာမှ Simpsons and Brown) ကို တာဝန်ပေးကာ CMP ကို ရေးဆွဲခဲ့ပါသည်။
   
အထူးသဖြင့် အမွေအနှစ်တန်ဖိုး အနည်းအများအလိုက် အသုံးချမည့်အပေါ် ဆန်းစစ်ခြင်းဖြစ်ပါသည်။ အမွေအနှစ် တန်ဖိုးအရ အမြင့်မားဆုံးဖြစ်သည့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် အလယ်ထပ်ရှိ ကက်ဘိနက်ခန်း၊ ဝင်းအလယ်ရှိ လူမျိုးစု လွှတ်တော်အဆောက်အအုံနှင့် အခြားသော သမိုင်းဝင်ရုံးခန်းများ အပါအဝင်ကို ပြတိုက်ပြခန်းများအဖြစ် အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်သော၊ မူလလက်ရာအတိုင်း ပြန်လည်မွမ်းမံမည့် နေရာများအဖြစ်သတ်မှတ်ပြီး ကျန်အထပ်များကို အခြားသော အနုပညာပြခန်းများနှင့် စီးပွားရေးဆိုင်ရာ အသုံးချမှုများအတွက် ပြန်လည်ပြုပြင်ရန် CMP တွင် ဖော်ပြထားပါသည်။

YHT အနေဖြင့် လက်တွေ့အကောင်အထည်ဖော် ပြုပြင်ရေးနည်းပညာဆိုင်ရာ အကြံဉာဏ်နှင့်ဆက်စပ်သော လုပ်ငန်းအတတ်ပညာ သင်တန်းများ ပူးပေါင်းအကောင်အထည်ဖော်ရန် အနော်မာအနုပညာအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွကလျက်ရှိပါသည်။ ရည်ရွယ်ချက်မှာ ဤသမိုင်းဝင် အဆောက်အအုံကြီးကို ရိုသေစွာ နည်းစနစ်မှန်ကန်စွာ ပြန်လည်ပြုပြင်ကာ ဆက်လက်ရေရှည် တည်တံ့စေရန်နှင့် ပြည်သူအများ ပြန်လည် ဝင်ထွက်သွားလာနိုင်မည့် မြို့လယ်အထင်ကရ နေရာကြီး တစ်ဖန်ပြန်လည်ပေါ် ထွန်းလာစေရန်ဖြစ်ပါသည်။

YHT သည် အဆောက်အအုံအား လက်ရှိတွင် စီမံခန့်ခွဲခြင်းမရှိသကဲ့သို့ ဆုံးဖြတ်ချက်များချမှတ်ရာတွင် မည်သည့် နေရာကမှ ပါဝင်ခြင်းမရှိပါ။ မိမိတို့က ဝန်ကြီးများရုံးအဆောက်အအုံသည် ရန်ကုန်မြို့ရှိ အမွေအနှစ် အဆောက်အအုံများ ပြန်လည်ပြုပြင် အသုံးချရေးဆောင်ရွက်ရာတွင် စံနမူနာ တစ်ခုဖြစ်ရန် မျှော်လင့်ပါသည်”

ပြောရရင် ဒီသမိုင်းဝင် အဆောက်အအုံကြီးကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကနေ ဒုဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည်ရဲ့ သမီးပိုင် အနော်မာ အနုပညာလုပ်ငန်းကို ဘယ်လို စည်းမျဉ်းစည်းကမ်း၊ ငှားရမ်းခဘယ်လောက်နဲ့ လုပ်ပိုင်ခွင့် ပေးလိုက်သလဲ ဘယ်သူမှမသိကြတဲ့ ပြသနာပါ။

မျက်စေ့ကြီး၊ နားကြီး ဝန်ကြီးဦးရဲထွဋ်တောင် သိတဲ့ပုံမပေါ်ပါဘူး။ တကယ်ဆို ဒီအဆောက်အအုံနဲ့ ဧရိယာကို ဟိုတယ်လုပ်ဖို့ ဇေကမ္ဘာဦးခင်ရွှေက အစောကြီးကတည်း ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ အများပြည်သူရဲ့ အပြင်းအထန် ဝေဖန် ကန့်ကွက်ချက်ကြောင့် ပျက်သွားခဲ့ဖူးပါသေးတယ်။

ပြဿနာအရင်းခံကတော့ အစိုးရဟာ ခုချိန်ထိ ပွင့်လင်းမြင်သာမှုမရှိ၊ ရိုးသားမှု မရှိသေးတာပါ။ နောက်တစ်ချက် အရေးကြီးတာ ဒီလိုသမိုင်းဝင်အဆောက်အအုံ၊ ပြည်သူတွေ အလေးအမြတ်ပြုရာနေရာကို စီမံခန့်ခွဲတဲ့ကိစ္စ အစိုးရက လုပ်ချင်ရာလုပ်ဖို့ မသင့်ပါဘူး။ ပြည်သူတွေရဲ့ သဘောတူညီချက် လိုပါတယ်။ အရင် စစ်အာဏာရှင်တွေဟာ ရန်ကုန်နဲ့ ခုလို သမိုင်းဝင်အဆောက်အအုံတွေကို ပျက်စီးရအောင် ဒီအတိုင်းပစ်ထားပြီး နေပြည်တော်ဆိုတာကြီးကို ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်ခဲ့ပါတယ်။ သမိုင်းဝင် အဆောက်အအုံ ပြင်ဆင်ဖို့တော့ ငွေမရှိဘူး ပြောခဲ့ပါတယ်။ ဒီကိစ္စလည်း တိုင်းသူပြည်သားတွေ ကျေနပ်ကြတာ မဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ခုလို မွေးနေ့ပွဲကျင်းပတဲ့ကိစ္စ ဘယ်သူ့ခွင့်ပြုချက်နဲ့လုပ်တာလဲ။ ပြန်လည်စုံစမ်း စစ်ဆေးသင့်ပါတယ်။ ပြီးရင် ပြည်သူသိအောင် ချပြသင့်ပါတယ်။ ဒါတင်မက ဒီသမိုင်းဝင် အဆောက်အအုံကြီး ဘယ်ကုမ္ပဏီကို ဘယ်လို ရွေးချယ်မှု၊ ဘယ်လိုစည်းကမ်းချက်၊ ဘယ်လောက်ငွေကြေး၊ အချိန်ဘယ်ကာလအထိ လုပ်ကိုင်ခွင့်ပြုထားသလဲ ပွင့်လင်း မြင်သာစွာ သတင်း ထုတ်ပြန်ပေးသင့်ပါကြောင်း သုံးသပ်တင်ပြလိုက် ရပါတယ်။


Credit - Mizzima News

No comments:

Post a Comment