ရန်ကုန် (မဇ္ဈိမ)။ ။ အသေးစားနှင့် အလတ်စား လုပ်ငန်းများဥပဒေ ( SMEs Law ) ကို လာမည့် ဧပြီလအတွင်း ပြဋ္ဌာန်းနိုင် မည်ဟု အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေး ဗဟိုအဖွဲ့ချုပ်၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ဆိုသည်။
လက်ရှိအခြေအနေတွင် အဆိုပါဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်ပြီးဖြစ်ကာ နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး ပြဋ္ဌာန်းရန် အဆင့်သာ ကျန်တော့ခြင်းဖြစ်သည်ဟု ၎င်းက မတ်လ ၂၃ ရက် တွင် မဇ္ဈိမကို ပြောသည်။
ဒေါ်အေးအေးဝင်းက 'နောက်ဆုံးအဆင့်ဖြစ်တဲ့ သမ္မတ လက်မှတ်ထိုးဘို့ပဲ ကျန်တော့တာပါ။ လက်မှတ် မထိုးခင်မှာတော့ တချို့အချက်တွေကို ပြင်တာ ဖြည့်တာတွေ ထပ်လုပ်ချင်လုပ်မှာပေါ့။ လာမယ့် ဧပြီလထဲမှာတော့ SMEs Law က ထွက်လာတော့မှာပါ'ဟု ရှင်းပြသည်။
ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအားလုံးသည် တိုင်းပြည်စီးပွားရေးတိုးတက်ရေးအတွက် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ကနဦးတိုးတက်စေရန် လုပ်ဆောင်ခြင်းဖြင့် စတင်ခဲ့ကြသည်။ မြန်မာ့ နိုင်ငံ၏ စီးပွားရေးပိုမိုဖွံ့ဖြိုးလာရေးအတွက် ထိုကဲ့သို့ လုပ်ဆောင်ရန်လိုအပ်နေသော်လည်း ဥပဒေတစ်ရပ် ခိုင် မာစွာရှိရန် လိုအပ်နေသည်ဟု ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးနေလင်းဇင်က ' SMEs Law ပြဋ္ဌာန်းနိုင်ပြီးသွားရင်တော့ ပြည် တွင်းလုပ်ငန်းရှင်တွေက လုပ်ရတာ ပိုပြီးလွယ်ကူလာမယ်ထင်တယ်။ ကိုယ့်လုပ်ငန်းက ဘယ်အဆင့်မှာပါနေလဲ၊ ဘယ်လိုပုံစံနဲ့ ဆက်သွားရမလဲဆိုတာတွေက ဥပဒေထွက်လာပြီးရင် ပိုပြီးရှင်းသွားမှာပါ'ဟု ထင်မြင်ချက်ပေးသည်။
ထိုကဲ့သို့ SMEs ဥပဒေတစ်ရပ် ထွက်ပေါ်လာပါက ပြည်တွင်းလုပ်ငန်းများကို ဘဏ်လုပ်ငန်းများမှ ငွေ ကြေးအရင်းအနှီးများ ပံ့ပိုးဆောင်ရွက်ရာတွင်လည်း ပိုမိုလွယ်ကူလာနိုင်ဖွယ်ရှိသည်ဟု ကမ္ဘောဇဘဏ်၏ အကြီး တန်း အကြံပေးပုဂ္ဂိုလ်ဦးသန်းလွင်က သုံးသပ်သည်။
ဦးသန်းလွင်က 'SMEs Law ထွက်လာမယ်။ ပြီးရင်နောက်က ချေးငွေအာမခံ အဖွဲ့အစည်းတွေ ထပ်မံပေါ်ပေါက်လာ မယ်ဆိုရင် ပေါင်နှံပစ္စည်းကိစ္စတွေကို လျှော့စဉ်းစားပြီး ချေးငွေပေးလာနိုင်မှာပါ။ အခုက ဥပဒေ မရှိသေးတော့ ဘဏ်တွေကလည်း စဉ်းစားလို့ မရသေးတာပါ'ဟု ဆိုသည်။
၎င်း ဥပဒေတွင် SMEs လုပ်ငန်းများအဖြစ် ထုတ်လုပ်မှု လုပ်ငန်းများဖြစ်ပါက လုပ်သား တစ်ဦးမှ ၅၀ ဦးနှင့် ရင်းနှီးငွေ ကျပ် သန်း ၅၀၀ အောက် လုပ်ငန်းများအား အသေးစားအဖြစ်လည်းကောင်း၊ လုပ်သား ၅၁ ဦးမှ ၃၀၀ ဦးနှင့် ရင်းနှီးငွေ ကျပ်သန်း ၅၀၁ သန်းမှ သန်း ၁,၀၀၀ အထိအား အလတ်စားလုပ်ငန်းများအဖြစ် သတ် မှတ်ကာ ထည့်သွင်းရေးဆွဲထားသည်ဟု ဒေါ်အေးအေးဝင်းက ရှင်းပြသည်။
Credit - Mizzima News
No comments:
Post a Comment