ရန်ကုန် (မဇ္ဈိမ)။ ။ မတ်လအတွင်း ဆန္ဒပြမှုများကို တိုင်းအစိုးရ၏ ဖြေရှင်းမှုသည် အာဏာရှင်စနစ်ကဲ့သို့ ကျင့်သုံး နေခြင်းကြောင့် တွေ့ဆုံဆွေးနွေး အဖြေရှာသည့်နည်းဖြင့် စနစ်တကျဖြေရှင်းရန် ဧပြီလ ၁ ရက်တွင် ပြုလုပ်မည့် ရန်ကုန်တိုင်းလွှတ်တော်၊ အထူးအစည်းအဝေးသို့ တိုက်တွန်းကြောင်း အဆိုတစ်ရပ် တင်ပြထားသည်ဟု သင်္ဃန်းကျွန်းမြို့နယ်မှ တိုင်းအမတ် ဦးကျော်က မဇ္ဈိမကို ပြောသည်။
ရန်ကုန်မြို့တွင် မတ်လ ၅ ရက် ညနေတွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားသပိတ်ကို ပိတ်ဆို့ထားသည့် အပေါ် ကန့်ကွက်ဆန္ဒပြမှုတွင် အာဏာပိုင်များက 'တာဝန်' ဟူသည့် လက်ပတ်နီပတ်ထားသည့် အရပ်ဝတ် များကို အသုံးပြုပြီး ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းခဲ့သည့် လုပ်ရပ်ကို ရည်ညွှန်းကာ ၎င်းက တိုင်းအစိုးရကို တိုက်တွန်းသွားမည်ဟု ဆိုသည်။
‘‘ယခင် တပ်မတော်အစိုးရ လက်ထက်တုန်းက 'စွမ်းအားရှင်' သုံးခဲ့တယ်ဗျာ။ အခုလည်း 'တာဝန်' ဆိုတဲ့ လက်ပတ်ဝတ်တွေ သုံးလာတာဟာ လူသာပြောင်းတယ်။ အာဏာရှင် လက်ထက်ကအတိုင်း ဖြစ်နေလို့ တွေ့ဆုံ ဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာဖို့ တိုက်တွန်းတာ’’ ဟု ဦးကျော်က ပြောသည်။
ပြည်သူနှင့်ထိပ်တိုက်တွေ့သည့်အခါ ငြိမ်းချမ်းသည့်နည်းဖြင့်သာ ဖြေရှင်းရန် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက အဆိုတင်ပြထားသော်လည်း ဆွေးနွေးခွင့်မရခဲ့ခြင်းကြောင့် မတ်လ ၅ ရက် ရန်ကုန်မြို့တော်ခန်းမ ရှေ့ဖြစ်စဉ်နှင့် မတ်လ ၁၀ ရက် လက်ပံတန်းဖြစ်စဉ်များကြောင့် အထက်ပါအဆိုကို ထပ်မံတင်ပြထားခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဒီမိုကရေစီ ပညာရေးကို တောင်းဆိုသည့် သပိတ်မှောက်ကျောင်းသားများအား ထောက်ခံဆန္ဒပြသည့် ကျောင်းသားများနှင့် ပြည်သူအချို့ကို မတ်လ ၅ရက်က ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမရှေ့တွင် အစိုးရ၏ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုအပေါ် ပြည်သူများက တိုင်းအစိုးရကို ဝေဖန်ခဲ့ကြသည်။
ယင်းလုပ်ရပ်သည် ဥပဒေနှင့်မညီဘဲ ဘောင်ကျော်ပြီးဖြေရှင်းခဲ့သည်ဟု ဥပဒေပညာရှင်အချို့က မီဒီယာများတွင် ထောက်ပြထားသည်။
အဆိုပါ မြို့တော်ခန်းမရှေ့ အကြမ်းဖက်ဖြိုခွင်းမှုတွင် အသုံးပြုခဲ့သည့် လက်ပတ်နီဝတ်အရပ်သား အစု အဖွဲ့နှင့် ပတ်သက်၍လည်း သမ္မတအမိန့်ဖြင့် စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ကာ မတ်လ ၃၀ ရက်တွင် သမ္မတထံသို့ စုံစမ်းတွေ့ရှိမှု အစီရင်ခံစာကို တင်ပြရမည် ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment