Saturday, March 28, 2015

ထွက်ပေါက်ပိတ်ထားသူများ - အယ်ဒီတာ့အာဘော်

 လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းနှင့် ညီညွတ်ခြင်း မရှိကြောင်း၊ စစ်မှန်သော ပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့်အတားဖြစ်နေပြီး နိုင်ငံသားများ၏ တန်းတူညီမျှမှုကို အကာအကွယ် ပေးနိုင်ခြင်း မရှိကြောင်း မြန်မာသံတော်ဆင့်က မကြာခဏ ဝေဖန်ထောက်ပြခဲ့ပါသည်။ သို့အတွက် အခြေခံဥပဒေ အသစ်ရေးဆွဲရန် (သို့မဟုတ်) လက်ရှိ အခြေခံဥပဒေပါ အရေးကြီး ပြဋ္ဌာန်းချက်များကို ထိထိရောက်ရောက် ပြင်ဆင်ပေးရန် အစဉ်တစိုက် တိုက်တွန်းခဲ့သည်။

၂၀၀၈ အခြေခံဥပဒေသည် ပြည်သူလူထုအတွက် ထွက်ပေါက် မဟုတ်ဘဲ စစ်မင်းဆက် သက်ဆိုးရှည်ရန် ရည်ရွယ်ရေးဆွဲထားသော စစ်အာဏာရှင်တို့အတွက် ထွက်ပေါက် မဟာဗျူဟာသာ ဖြစ်ကြောင်းလည်း အကြိမ်ကြိမ် သုံးသပ်တင်ပြခဲ့ဖူးသည်။ လက်ရှိ အာဏာ ဆက်လက်စွဲကိုင် ထားဆဲဖြစ်သော စစ်ထွက်များနှင့် စစ်ဗိုလ်ချုပ်များ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အသံကောင်းဟစ်ခဲ့ခြင်းများ အပေါ်၌လည်း ပြုပြင် ပြောင်းလဲရေးသည် လက်တွေ့မကျကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပင် မရောက်ရှိသေးကြောင်း၊ ၎င်းတို့အပေါ် ယုံကြည်၍ မရသေးကြောင်း အကြိမ်ကြိမ် သတိပေးရေးသားခဲ့ဖူးပါသည်။

အဆိုပါ ဝေဖန်ရေးသားမှုများကြောင့် ထင်သည်။ မြန်မာသံတော်ဆင့် ဖတ်လျှင် ထွက်ပေါက်ပိတ်သလို ခံစားရသည်ဟူသော ဝေဖန်မှုများရှိကြောင်း အာဏာရအကြီးအကဲများနှင့် နီးစပ်သော နိုင်ငံရေးအသိုင်းအ၀ိုင်း တစ်ခုမှတစ်ဆင့် စကားပါးလာသည်။ အမှန်တကယ်အားဖြင့် မြန်မာ သံတော်ဆင့်မှ နိုင်ငံနှင့်နိုင်ငံသားတို့ အကျိုးစီးပွားရှေးရှု တိုက်တွန်းသောအရာများသည် အတိုက်အခံ အင်အားစုနှင့် အာဏာရအုပ်စုများ အားလုံးအတွက် ထွက်ပေါက်ဖြစ်စေနိုင်သော၊ အားလုံးအနိုင်ရလဒ် ထွက်ပေါ်စေနိုင်သော ထွက်ပေါက်ကို မီးမောင်းထိုး လမ်းကြောင်းပြနေခြင်းသာ ဖြစ်သည်။

အဆိုပါ ထွက်ပေါက် မဟာဗျူဟာကို အကောင်အထည် ဖော်နိုင်ရေးအတွက် ၄ ပွင့်ဆိုင် (သို့မဟုတ်) ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးဖြင့် နိုင်ငံနှင့် ပြည်သူ အကျိုးကို ဦးထိပ်ထားအဖြေရှာရန် ကြိမ်ဖန်များစွာ တိုက်တွန်း ခဲ့ပါသည်။ ပြည်ထောင်စု လွှတ်တော်က ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ရေး အဆောတလျင် လုပ်ဆောင်ရန် တိုက်တွန်းထားသော်လည်း ယနေ့တိုင် တွေ့ဆုံ ဆွေးနွေးရေးက ဖြစ်မလာသေးပေ။ အဆိုပါ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းကို တံခါးပိတ်ထားခြင်းသည် အားလုံးအတွက် ထွက်ပေါက်မဲ့အောင် ပြုလုပ် နေခြင်းပင် ဖြစ်သည်။

အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အတွက်သော်လည်းကောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် သော်လည်းကောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက်သော်လည်းကောင်း အခြေခံဥပဒေကို ထိထိရောက်ရောက် ပြင်ဆင်ပေးရမည်သာ ဖြစ်သည်။ ထိုသို့ ထိထိရောက်ရောက် လက်တွေ့ကျကျ ပြင်ဆင် နိုင်ရန် အတွက် တွေ့ဆုံဆွေးနွေးရေးကို မဖြစ်မနေ အမြန်ဆုံး လုပ်ဆောင်ရပေမည်။

၂၀၀၈ အခြေခံဥပဒေက ပေးအပ်ထားသော တစ်ဖက်သတ် အခွင့်အရေးများနှင့် လုပ်ပိုင်ခွင့်များကို ဆုပ်ကိုင်ထားခြင်းသည် ပြည်သူ လူထုအတွက် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိရန် ခက်ခဲ ကြမ်းတမ်း သွားစေရုံမျှသာ မကဘဲ အာဏာရ စစ်အုပ်စုအတွက်လည်း သိက္ခာရှိသော ထွက်ရပ်လမ်း ပိတ်ဆို့ သွားစေမည်ဖြစ်သည်။ ဒီမိုကရေစီ အရေခြုံ စစ်အာဏာရှင်စနစ်ဖြင့် စစ်မင်းဆက် သက်ဆိုးရှည်ရေးကို ဦးတည်ပါက သမိုင်းအမည်းစက်များဖြင့် ညစ်ထေးပေကျံသော ဘ၀မျိုး၌ပင် ထွက်ပေါက် ပိတ်လျက် နိဂုံးချုပ် သွားမည်သာဖြစ်သည်။

ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာသော အခြေအနေတစ်ရပ် အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာပြီး အားလုံးအတွက် အကျိုးဖြစ်စေမည့် လမ်းကြောင်းကို ရွေးချယ်ခြင်းကသာ အာဏာရ စစ်အုပ်စုအတွက် သိက္ခာဆယ်နိုင်မည့် ကောင်းမွန် မှန်ကန်သော ထွက်ပေါက်ဖြစ်ပါလိမ့်မည်။ အာဏာရအုပ်စုအနေနှင့် အာဏာအလွဲသုံးမှုများ ရှောင်ရှား ၍ နိုင်ငံနှင့် ပြည်သူ့အကျိုးကို စေတနာမှန်ထားကာ လက်တွေ့ ကျကျ ပြုပြင်ပြောင်းလဲရေးများကို လုပ်ဆောင် သွားမည်ဆိုပါက သိက်္ခာရှိသော ထွက်ရပ်လမ်းကို ရောက်ရှိ သွားမည်သာ ဖြစ်သည်။ သို့မဟုတ်ဘဲ တွေ့ဆုံ ဆွေးနွေးရေးကိုလည်းကောင်း၊ အခြေခံဥပဒေပါ အဓိကပြဋ္ဌာန်း ချက်များ ပြင်ဆင်ရေးကိုလည်းကောင်း ငြင်း ဆန်နေဦးမည်ဆိုပါက မိမိထွက်ပေါက်ကို မိမိကိုယ်တိုင် ပိတ်မိသလိုဖြစ်ကာ အာဏာရှင် မစင်တွင်း၌ ညစ်ထေးစွာ ဘ၀ဆုံးရမည်သာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

အယ်ဒီတာ

၂၅-၃-၂၀၁၅


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment