မောင်မှန် (ဆောင်းပါး)
မောင်မှန်တို့ ငယ်ငယ်ကျောင်းတက်တဲ့ အခါတုန်းက အခန်းထဲကို ဆရာဝင်လာရင် နှုတ်ခွန်းဆက်ကြရတယ်။ အတန်းခေါင်းဆောင်က (ဒါမှမဟုတ်) ကြုံကြိုက်တဲ့ တစ်ယောက်ယောက်က အားလုံး သတိဆိုပြီး အသံပေးရပါတယ်။ ဒါဆိုရင် ကျန်သူအားလုံးက ဆရာဝင်လာပြီဆိုတာ သိပေရော့။ ကိုယ့်နေရာကနေ ထကြပြီး မင်္ဂလာပါဆရာ (ဒါမှမဟုတ်) ဆရာမလို့ နှုတ်ခွန်းဆက်ကြရပါတယ်။ ဒါကျောင်းတော်တော်များများရဲ့ အစဉ်အလာလည်း ဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာ အစအနောက်သန်တဲ့ ကျောင်းသား တစ်ယောက်ယောက်က ဆရာတကယ်မလာဘဲ အားလုံးသတိလို့ အော်လိုက်တဲ့အခါ ဆူညံပွက်လောရိုက်ပြီး စကားများနေ ဆော့နေကြတဲ့ အတန်းသားအားလုံးဟာ ငြိမ်ကျသွားပြီး ဆရာကို နှုတ်ခွန်းဆက်ဖို့ ပြင်ကြရပါတယ်။ ဆရာ တကယ်ဝင်မလာမှန်း သိမှပဲ အနောက်ခံရတာကို စိတ်ပေါက်ပြီး စတဲ့ ကျောင်းသားကို ၀ိုင်းကျိန်ဆဲပါတော့တယ်။
အခု မောင်မှန်တို့ ဗမာ့နိုင်ငံရေးဟာလည်း အဲသလိုများ အစအနောက်ခံနေရသလားလို့ပါ။ အပွင့်တွေဆိုင်တဲ့ ကိစ္စတွေဟာ လှုပ်လိုက်၊ ငြိမ်လိုက်၊ ငြိမ်လိုက်၊ လှုပ်လိုက် ဖြစ်နေတာ အတော်ကြာပါပြီ။ (အခုထိ သေချာ မဆိုင်နိုင်သေးတာကတော့ မိဆိုင်ဖဆိုင် မတင်နိုင်ကြသေးလို့ ဖြစ်မယ် ထင်ပါတယ်။) ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်အတည်ပြုခဲ့တဲ့ ခြောက်ပွင့်ဆိုင် ဆိုတာကြီးတောင် ပြည်သူတွေက မေ့တေ့တေ့ ဖြစ်နေပါပြီ။ ဒါပေမဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့ လက်ပတ်နီကိစ္စ၊ လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှု ကိစ္စအပြီးမှာတော့ ခြောက်ပွင့်ဆိုင်ဟာ ပြန်လည် အသက်ဝင်နိုးထ လာခဲ့ပါတော့တယ်ခင်ဗျာ။ ခြောက်ပွင့်မဆိုင်ရင် ဥပဒေ ချိုးဖောက်ရာရောက်မယ်လို့ ပြည်ထောင်စုလွှတ်တော် နာယကကြီး ကိုယ်တိုင် အမိန့်ရှိထားတဲ့ ဒီအကွက်ဟာ သားစိုးသီချင်းလို့ လှုပ်လို့ရပြီ၊ လှုပ်လို့ရပြီလို့ ဖြစ်လာခဲ့ပါပြီ။
ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲအတွက် တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်း ခံထားရတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က 'စောင့်နေပါ။ ဘယ်မှမသွားပါနဲ့။ ဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။ ဒီလောက်ပဲ သူပြောနိုင်ပေါ့။ သူက ပြည်ထောင်စုလွှတ်တော်ရဲ့ အကြီးဆုံးဆိုတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆိုပြုထားတာ ဒီအတိုင်းတော့ ရှိနေသေးတယ်။ ဒါပေမဲ့ ခွင့်မပြုသမျှ ဘယ်လိုလုပ်တွေ့လို့ရမလဲ။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အဆင်သင့်လုပ်ထားပေးပါ။ တွေ့ဖို့အတွက် များတာပေါ့ ရာခိုင်နှုန်း၊ တွေ့မယ်လို့လည်း ကျွန်တော်တို့ ဒက်ထိပြောလို့မရသေးဘူး။ တွေ့ဖြစ်ဖို့က များတယ်' လို့ သူ့ကို သူရဦးရွှေမန်းက ပြောတာကို မီဒီယာတွေကိုတစ်ဆင့် ပြန်ပြောပြပါတယ်။
သူလာလာလာ မလာလာလာ ကိုယ်ကစောင့်ရမှာ။ ဂျူတီချိန်ဟာ ဂျူတီပါ ၀တ္တရား မပျက်ကွက်ပါပေါ့ခင်ဗျာ။ ဆရာတက္ကသိုလ်မင်းမော်ရဲ့ ကဗျာတစ်စလို့ပေါ့။ နွေကိုလိုလို၊ မိုးကိုလိုလို၊ ဆောင်းကိုလိုလို စောင့်ကို စောင့်ရမှာ သူငယ်ချင်းတဲ့၊ စောင့်တာက ကိုယ့်အလုပ်၊ အချိန်ဆွဲ အဲ… အချိန်ယူတာက သူတို့အလုပ်မို့လား။ အခုတော့ ရာခိုင်နှုန်းများသတဲ့။ ခြောက်ပွင့်များဆိုင်တဲ့ လိုက်ပြီးရင် တစ်ခါတည်း တိုင်းပြည်ကြီး ကောင်းသွားမယ် မောင်မှန်ထင်တာပဲ၊ မတူသမျှတွေ သမူဟအခြေစိုက်မယ်ထင်တာပဲ။ ဒီတော့ ပျော်သပေါ့ခင်ဗျာ။ ပျော်တာမှ လက်ပံတန်းက နံပါတ်တုတ်သံတွေကိုတောင် မေ့သွားတယ်။ ကလေးတွေက ပညာရေးပဲ ဇောင်းပေးနေတာ။ အခု တကယ့်ထိပ်သီးခြောက်ပွင့်ကြီးများ ဆိုင်လိုက်ပြီဆိုရင် ပညာရေးတင်မက အကုန်လုံးပြေလည်သွားမှာ မောင်မှန်ဂလိုမျှော်လင့်ထားပါတယ်။ အရင်တုန်းကလည်း ဒါမျိုးတွေ ဖြစ်တော့ ဖြစ်ခဲ့ဖူးတယ်။ နေ့တွေ့မလို ညတွေ့မလို တိုက်ပုံအသစ်ပဲချုပ်ရမလို၊ ခေါင်းပေါင်းအသစ်ပဲ ၀ယ်ရမလိုဖြစ်ခဲ့ကြဖူးပါတယ်။ ခုတော့ စောင့်နေပါ။ ဘယ်မှမသွားပါနဲ့တဲ့။ ခိုင်တဲ့သဘောပေါ့။
မတ်လ ၁၂ ရက်နေ့ကျတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောပြန်ရော။ ခြောက်ပွင့်ဆိုင်ကို မှန်းဆပြီး ပြောတာ ဖြစ်နိုင်တာပေါ့။ တွေ့တာတော့ တွေ့ရ မှာပေါ့။ တွေ့ကို တွေ့ရမှာပဲ။ လွှတ်တော် ဆုံးဖြတ်ထားတာကိုး။ အဆိုကို တွေ့တော့မလား၊ မတွေ့တော့ဘူးလား ဆိုတာကတော့ အဘလည်း မသိဘူးတဲ့။ အီလည်လည်ကြီး ဖြစ်မနေဘူးလား။ တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်။ သို့သော် ဘယ်နေ့မှန်းမသိ လွမ်းသည့်ရက်သာကြာခဲ့ပါသည် ဆိုတဲ့ ပန်းစိုက်သမားသီချင်းလို ဖြစ်နေပြန်ပါပြီ။ အဘလည်း မသိဘူးတဲ့။ ရာခိုင်နှုန်း များတယ်ဆိုရာကနေ နောက်တစ်မျိုးဖြစ်သွားတာ၊ ပြောတာက တစ်ယောက်စီတော့ တစ်ယောက်စီပေါ့လေ။ ဒါပေမဲ့တစ်ယောက်စီပေါ့လေ။
မောင်မှန်အထက်မှာတင်ပြခဲ့သလို စာသင်ခန်းထဲမှာ ဆရာတကယ်ဝင်မလာဘဲ အားလုံးသတိ အအော်ခံရသလို ဖြစ်မနေဘူးလား၊ မောင်မှန်တို့ အဆော့ပျက်တယ်။ တော်ကီအဆွဲပျက်တယ်။ နောက်တာပါ။ မောင်မှန်တို့ ပြည်သူတွေဆိုတာ ဘာမှမှ မဟုတ်ဘဲ အရေးမကြီးပါဘူး။ မိဆိုင်ဖဆိုင် အပွင့်ဆိုင်တွေပဲ အရေးကြီးတာပါ။ (မိဆိုင်ဖဆိုင်ဆိုတာ ကာရန်ကိုက်ရုံသက်သက် အလကားပဲတင်း ထည့်ထားတာ မဟုတ်ဘူး။ မြန်မာ့ရိုးရာအတိုင်း မိဆိုင်ဖဆိုင် နတ်များရယ်လို့ အလေးအမြတ်ပြုထားတာပါ။) ဆိုင်ရမယ့်အပွင့်အချင်းချင်း အားလုံးသတိဆိုပြီး ခဏခဏအော်နေမိရင်တော့လည်း မကောင်းဘူး ထင်တာပါပဲ။ တစ်ခုတော့ ရှိတယ်ခင်ဗျ။ သေချာသတိထားကြည့်ရင် အားလုံးသတိအသံမကြားရခင်မှာ ဆိုင်းဆရာကြီး စိန်ဗေဒါနရဲ့ တီးလိုက်ပြန်ပြီ တိန်တိန်မြည်တဲ့ လက်သံဆန်းတွေအရင်ကြားရလေ့ရှိတာပါ။ (သမ္မတရုံမှာ ရုပ်ရှင်မပြခင် ကန့်လန့်ကာကြီး မဖွင့်ခင်မှာ တီးလုံးအရင်ဖွင့်တဲ့သဘောမျိုးဖြစ်မှာပေါ့) တိန်တိန်မြည်သံကြားပြီးမှ အားလုံးသတိသံကြားရစမြဲပါ။ ဒီတစ်ခါတော့ ဆရာတကယ်လာပါစေလို့ မောင်မှန်ဆုတောင်းနေမိပါတယ်။
အပွင့်ဆိုင်မှ အခွင့်ပိုင်မယ်လို့ တွေးရင်တွေးစရာပဲလေ။ လောလောလတ်လတ် ပူပူနွေးနွေးအောင်မြင်ရေးရထားတဲ့ အပွင့်ဆိုင်တစ်ခုကလည်း ရှိနေပေတာကိုး။ ပညာရေးလေးပွင့်ဆိုင်လေ။ အောင်မြင်ချက်ကတော့ ပြောမနေနဲ့။ တစ်ရက်နှစ်ရက်နဲ့ကို အောင်မြင်မှုရသွားတာ။ သပိတ်မှောက်ကျောင်းသားတွေရယ်၊ NNER ရယ်၊ အစိုးရရယ်၊ လွှတ်တော်ရယ် ဆိုင်လိုက်ကြတာ။ နေ့ချင်းညချင်းကို ကျောင်းသားတွေရဲ့ တောင်းဆိုချက် ၁၁ ချက်လုံး လိုလို ရရှိသွားခဲ့တာ ဘာကြာသေးလို့လဲ၊ ဟော အခုဆို လွှတ်တော်မှာတောင် တင်ပြဆွေးနွေးနေပြီ။ အမျိုးသားပညာရေးဥပဒေပြင်ဆင်ပြဋ္ဌာန်းရေးဟာ ဘယ်လောက်များ အရေးကြီးသလဲဆို လွှတ်တော်မှာ တစ်ခါမှ မပြုလုပ်ဘူးတဲ့ ကြားနားပွဲဆိုတာတွေတောင် လုပ်လို့ လူထုလူတန်းစာ အလွှာအသီးသီးက ပညာရေးစိတ်ပါဝင်စားသူတိုင်း လာရောက်ဆွေးနွေးလို့ရအောင်ကို လမ်းဖွင့်ပေးလိုက်တာတဲ့။ အမြင်ကျယ်မှုကို မောင်မှန် မချီးကျူးပဲ မနေနိုင်ဘူး။
လက်ပံတန်းမှာ သပိတ်အတားခံရတာတော့ လာမပြောနဲ့လေ။ ကလေးတွေက ဆန္ဒစောနေကြလို့ ဘိုးတော်ရဲ့ အမိန့်အရ ရွှေဖော့ရိုးနဲ့ ဆုံးမရုံလောက်ပါ။ ပဲခူးတိုင်း ဒုရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းစိန်ကတောင် ပြောတယ်။ တို့ကိုင်တဲ့ တုတ်တွေကလည်း ပျော့ပျော့လေးတွေပါ။ သစ်သားတုန်တွေ၊ ၀ါးတုတ်တွေ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် ဥပမာအရ ငယ်ငယ်တုန်းက ကျောင်းဆရာတွေရိုက်တဲ့ ကြိမ်လုံးမျိုးတောင် မဟုတ်ပါဘူး။ ဘာမှ မထိပါဘူးတဲ့။ ကြီးသော အမှုငယ်အောင်၊ ငယ်သော အမှု ပပျောက်အောင် ၀ိုင်းပြီး ကြိုးစားကြရမှာပါ။
ကြိမ်လုံးထက်တောင် ပျော့တဲ့ တုတ်နဲ့ ရိုက်တဲ့ဟာကို အနာလုပ်မနေကြပါနဲ့တော့။ တော်ကြပါတော့။ ပညာရေးလေးပွင့်ဆိုင် သဘောတူညီချက်လေးပျက်သွားပါဦးမယ်။ မောင်မှန်တို့တစ်သက်မှာ တစ်ခါမှ မရဘူးတဲ့ တွေ့ဆုံ ညှိနှိုင်းစေ့စပ်အဖြေရှာတဲ့ ယဉ်ကျေးမှုရဲ့ အသီးအပွင့်လေးကို ဆွတ်ခူးဖို့ ဝေးသွားပါဦးမယ်။ ထိန်းသိမ်းထားတယ် ဆိုတာလည်း ခဏပါ။ ခုလည်း ပြန်လွှတ်တာ လွှတ်ပေးနေပြီပဲ။ ခဏခဏ မလွှတ်ပေးခိုင်းကြနဲ့၊ အကြမ်းဖက်မှု ဘာညာဆိုပြီး ခဏခဏ မရှုတ်ချကြပါနဲ့။ လေးပွင့်ဆိုင်သဘောတူညီမှုလေး ပျက်သွားနိုင်တယ်။ လွှတ်တော်ကြားနာပွဲ ပြီးတဲ့အခါ ဥပဒေကြမ်းကော်မတီက ဥပဒေဆွဲပြီး လွှတ်တော်ထဲတင်မှာ၊ မဲခွဲဆုံးဖြတ်ကြမှာ။ အဲဒီအခါ လေးပွင့်ဆိုင် သဘောတူညီချက်ဟာ ဘယ်လိုဖြစ်မှာလဲ။ မောင်မှန်တော့သိပ်နားမလည်တော့ပါ ခင်ဗျာ။ တည်မှာလား။ ပျက်မှာလား။ ၀ိုင်းစဉ်းစားပေးကြပါဦး။ အခု အားလုံး သတိအသံ ကြားနေရတဲ့ ခြောက်ပွင့်ဆိုင်ကရော ပြီးသွားတဲ့ လေးပွင့်ဆိုင်လိုများ ဖြစ်သွားမှာလားခင်ဗျာ။
Credit - Mizzima News
No comments:
Post a Comment