ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံပေါင်း ၂၀မှ လေဆိပ်နှင့် လေကြောင်းလုပ်ငန်းဆိုင်ရာ အရာရှိများနှင့် စီးပွားလုပ်ငန်းရှင်ပေါင်း သုံးရာတို့တက်ရောက်မည့် ဒုတိယအကြိမ် မြန်မာလေကြောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီးပွားညီလာခံကို မတ်လ ၂၄ရက်မှ ၂၆ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်သည်။
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် သုံးရက်ကြာ ပြုလုပ်မည့် ညီလာခံအတွက် အကြိုသတင်းစာ ရှင်းလင်းပွဲကို မတ် ၂၃ရက်က ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ညီလာခံတွင် တက်ရောက်လာသည့် နိုင်ငံတကာမှ လေကြောင်းလုပ်ငန်းဆိုင်ရာ အရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များက အသိပညာနှင့် မဟာဗျူဟာများ နှီးနှောသွားမည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အထွေထွေညွှန်ကြားရေးမှုး ဦးဝင်းဆွေထွန်းက ပြောသည်။
မြန်မာနိုင်ငံလေကြောင်းကဏ္ဍ၏ ရည်မှန်းချက်များ၊ ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်များ နှင့် အာဆီယံ အိုးပင်းစကိုင်းပေါ်လစီမှ အကျိုးသက်ရောက်မှုများကို ဦးဝင်းဆွေထွန်းက သုံးသပ်ပြောကြားမည်ဖြစ်သည်။
ယင်းအပြင် လေကြောင်းပျံသန်းမှုဆိုင်ရာ အတတ်ပညာ၊ ပြည်တွင်းနှင့် နိုင်ငံတကာလေကြောင်းများ ကွန်ရက် ချဲ့ထွင်ခြင်း၊လေဆိပ်ဆိုင်ရာ ဒစ်ဂျစ်တယ်နည်းပညာ အစရှိသော ခေါင်းစဉ်များကို ဆွေးနွေးမည့်အပြင် အာဆီယံအိုးပင်းစကိုင်းပေါ်လစီ ကျင့်သုံရာတွင် လေကြောင်းအရာရှိများ၏ အရေးပါမှုနျင့် ရေရှည်တည်တံ့သော တိုးတက်မှုလမ်းစဉ်များကို အထူးအစီအစဉ်အဖြစ် ထည့်သွင်းဆွေးနွေးမည်ဟုသိရသည်။
ဦးဝင်းဆွေထွန်းက ၂၀၁၅ခုနှစ်သည် အာဆီယံအိုးပင်းစကိုင်းပေါ်လစီနှင့်အတူ မြန်မာ့လေကြာင်းကဏ္ဍ၏ ခြေလှမ်းသစ်များစွာကို သယ်ဆောင်သွားမည့် အရေးပါသည့်နှစ်ဖြစ်သည်ဟု ပြောသည်။
အဆိုပါ မြန်မာလေကြောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီးပွားညီလာခံသည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှ လေကြောင်းဆိုင်ရာ စီးပွားလုပ်ငန်းရှင်များက ၂၀၁၄ခုနှစ်မှ စတင်ကာ စုဝေးကျင်းပခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment