ခေါင်းဆောင်ကောင်းမှ အဖွဲ့အစည်းကောင်းမည်၊ နိုင်ငံကောင်းမည်ကို ပြည်သူများ သိကြပါသည်။ ခေါင်းဆောင်မှုကို ခေါင်းဆောင်၏ ထင်ရှားမှု/ မထင်ရှားမှု၊ ခြွေရံများမှု/မများမှုနှင့်လည်း မတိုင်းတာပါ။ ခေါင်းဆောင်သည် အပြောင်းအလဲ ဖြစ်ထွန်းမှု (ဝါ) ရလဒ် တစ်ခုခုထွက်အောင် ဘာလုပ်နိုင်သည်လဲ ဆိုသည်နှင့် တိုင်းတာကြပါသည်။
သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းသည် မကြာမီလပိုင်းတွင် ကုန်ဆုံးတော့မည်ဖြစ်သည်။ မည်သည့်အစိုးရမဆို ဆောင်ရွက်ရမည်ဖြစ်သော လုပ်ငန်းဆောင်တာတချို့ကို လုပ်ဆောင်ခဲ့သည်မှလွဲ၍ ထူးခြားသော အပြောင်းအလဲများကို မမြင်တွေ့ရသည့်အပြင် တချို့အပိုင်းကဏ္ဍများမှာ
သာ၍ပင်ဆိုးရွားသွားပါသည်။ ဥပမာ ကျောင်းသားများကို အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းသော ဆောင်ရွက်ချက်များမှာ မြန်မာသာမက ကမ္ဘာကိုပါ အံ့သြတုန်လှုပ်စေသော ဆောင်ရွက်ချက်များ ဖြစ်သည်။
အမှားကို အမှားမှန်းသိ၍ နောက်တစ်ကြိမ်မဖြစ်အောင် ကျွန်တော်တို့ ကြိုးစားမည်ဟု ပြောဆိုရမည့်အချိန်တွင် သူတို့ စရိုက်လို့ ကျွန်တော်တို့ ရိုက်တာပါဟူသော အပြောမျိုးကို အစိုးရအဖွဲ့အကြီးအကဲကိုယ်တိုင်က ကမ္ဘာကျော်မီဒီယာမှတစ်ဆင့် ပြောဆိုခြင်းအားဖြင့် ခေါင်းဆောင်မှု အရည်အသွေးကို မြင်သာစေသည်။ စစ်အာဏာရှင်နောက်ခံပြုသူထံမှ စစ်အာဏာရှင် အတွေးအခေါ်မျိုးထက် ပို၍မျှော်လင့်စရာ မကောင်းပေဟူသော သုံးသပ်ချက်များ မှန်ကန်နေကြောင်းကို သမ္မတဦးသိန်းစိန်၏ အဖြေက သက်သေခံခဲ့ပြီ ဖြစ်သည်။
မြန်မာပြည်သူများသည် ဒီမိုကရေစီလမ်းစဉ်ကို လျှောက်လှမ်းရန် လိုလားကြသည်။ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး၊ မီဒီယာစသည့် ဒေါက်တိုင်အသီးသီးက တိုင်းပြည်တွင် ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေးများရရန် ဆိုင်ရာကဏ္ဍများမှ ဖော်ဆောင်ရမည့်အချိန်တွင် တရားစီရင်ရေးအလုပ်ကို အစိုးရအာဏာပိုင်များက စိတ်ကြိုက်ဝင်လုပ်နေခြင်း၊ ဥပဒေပြုအမတ် များကလည်း ပြည်သူ့အခွင့်အရေးထက် မိမိတို့နှင့်ပတ်သက် စပ်ဆိုင်သူများ၏ အခွင့်အရေးကိုသာ ဖော်ဆောင်နေပါက မြန်မာသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးများနှင့် ဝေးကွာနေဦးမည်ဖြစ်သည်။
ခေါင်းဆောင်ဆိုသည်မှာ ငယ်သားများ၏ စံနမူနာဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုတွင်လည်း နာယကဂုဏ်ခြောက်ပါး ရှိသည်။ သနားသော၊ သည်းခံသော၊ စဉ်းစားဝေဖန်နိုင်သော၊ ထောက်ရှုဆင်ခြင်နိုင်သော ဥာဏ်မျိုးမရှိဘဲ ခေါင်းဆောင်ဟုခေါ်ရန် ခက်သည်။ ကံအကြောင်းကြောင့် ခေါင်းဆောင်ဖြစ်ပြီး၊ တိုင်းပြည်နှင့်ဝန်းကျင်လောကကောင်းကျိုးကို ဆောင်ကြဉ်းနိုင်သော အာဏာနှင့် အခွင့်အရေးရှိပါလျှက် လူမိုက်နောင်တ နှောင်းနောင်တရပါမူ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကြသည့် ကံ၊ ကံ၏ အကျိုးတရားအရဖြစ်စေ၊ နိုင်ငံတကာစီမံအုပ်ချုပ်ရေး သဘောတရားအရ ဖြစ်စေ ခေါင်းဆောင်နေရာတွင် မည်သူမျှ ရာသက်ပန်တည်မြဲနေမည်မဟုတ်ပါ။ ရတုန်းရခိုက်အခြေအနေနှင့် အခွင့်အာဏာများ ကိုအသုံးမပြုဘဲ မလိမ္မာမပါးနပ် အကျိုးမတွက်တတ်ဘဲ ပြောသမျှယုံ၊ ခိုင်းသမျှလုပ်၊ ကိုယ့်အဖွဲ့အစည်းသာ အမြဲမှန်ဟူသည့် ဥာဉ်မျိုးနှင့်သာ စခန်းသွားမည်ဆိုလျှင် သမိုင်းအမည်းစက်နှင့် ထူးမခြားနား ဒီပုတ်ထဲကဒီပဲဘဝ ရောက်နိုင်မည်ကို သတိချပ် သင့်သည်။
ခေါင်းဆောင်၏ အရည်အချင်းနည်းမှု၊ ဘာသာရပ်ဆိုင်ရာနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ မကျေပွန် မတတ်ကျွမ်းမှု၊ အပြုအမူ အပြောအဆိုရှော်မှု ညံ့ဖျင်းမှုနှင့် မရွယ်ဘဲ စော်ကဲမင်းဖြစ်ဘ၀မို့ မိမိကိုယ်မိမိ မပြည့်ဝ မလုံခြုံမှုများ ဖြစ်နေ/ ရှိနေသည်ကို နောက်လိုက် (ဝါ) အုပ်ချုပ်ခံများက စာနာ နားလည်ပေးနိုင်ပါသည်။ သို့သော် ပြည်သူ့မျက်နှာမမူသည့်ခေါင်းဆောင်မျိုး၊ တိုင်း ပြည်အနာဂတ်ကို မကြည့်တတ်သည့် ခေါင်းဆောင်မျိုးကိုကား ပြည်သူများက လိုချင်မည်မဟုတ်ပါကြောင်း မဇ္ဈိမက ထောက်ညွှန်သည်။
Credit - Mizzima News
No comments:
Post a Comment