Saturday, March 28, 2015

သီရိလင်္ကာသမ္မတတရုတ်သို့ သွားရောက်စဉ် ညီဖြစ်သူ ပေါက်ဆိန်ဖြင့် ခုတ်သတ်ခံရ

သီရိလင်္ကာသမ္မတ မိုက်သရီပါလ သီရိသေန တရုတ်သို့ နိုင်ငံတော်ခရီးစဉ်သွားရောက်လျက်ရှိစဉ် ညီတစ်ဦးမှာ ကြာသပတေးနေ့က ပေါက်ဆိန်ဖြင့် ခုတ်သတ်ခံရပြီးနောက် ဆေးရုံတွင် သေဆုံးသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပရိယန်သသီရိသေနသည် မြို့တော်ကိုလံဘို၏ အရှေ့မြောက်ဘက် ၎င်း၏ဇာတိမြို့ပိုလွန်နာရူဝါတွင် ပြင်းထန်သည့် ဦးခေါင်းဒဏ်ရာများခံစားခဲ့ရသည်ဟု အေအက်ဖ်ပီက ဖော်ပြခဲ့သည်။ ယင်းသို့ဖြစ်ရခြင်းမှာ ပုဂ္ဂလိကအငြင်းပွားကြောင့်ဖြစ်ပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း ကိုလံဘိုဂေဇက်သတင်းစာက ဖော်ပြခဲ့သည်။

သမ္မတ၏အငယ်ဆုံးညီ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် ကလေးသုံးယောက်ဖခင်ဖြစ်သူသည် မိတ်ဆွေတစ်ဦးနှင့် ဆူညံအော်ဟစ်အငြင်းပွားမှုတစ်ခုတွင် ကြာသပတေးနေ့ညနေပိုင်းက တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု အစိုးရ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ဦးခေါင်းဒဏ်ရာများအား ကိုလံဘိုသို့ လေယာဉ်ဖြင့် ပို့ဆောင်ကုသခဲ့သည်။ ခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့သော်လည်း စနေနေ့က သေဆုံးသွားခဲ့ကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။ အသက် ၄၂ နှစ်အရွယ် ပရိယန်သ သီရိသေနသည် မွေးချင်း ၁၂ ဦးအနက် အငယ်ဆုံးဖြစ်သည်။

ယခင်သီရိလင်္ကာခေါင်းဆောင်အများစုနှင့် မတူသည်မှာ လက်ရှိသမ္မတ သီရိသေနသည် မွေးချင်းများအတွက် လုံခြုံရေးချထားခြင်းမရှိဘဲ ၎င်း၏ လုံခြုံရေးတပ်ဖွဲ့ပမာဏကိုလည်း လျှော့ချထားသည်ဟု သိရသည်။

သီရိလင်္ကာသည် ယခင်အစိုးရနှင့် တရုတ်တို့ သဘောတူညီချက်များ၊ ချေးငွေအတိုးနှုန်းများတို့နှင့် ပတ်သက်၍ အငြင်းပွားမှုဖြစ်လျက်ရှိသည်။

Ref:BBC


Credit - Mizzima News

No comments:

Post a Comment