Eleven Media Group Website အား အသုံးပြုခွင့် ပိတ်ပင်ထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ၄င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့မှုနှင့် ပတ်သက်၍ ပြန်ကြားချက်
၁။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်မှ ၄င်း၏ Facebook တွင် Eleven Media Group ၏ Website ဖြစ်သော www.news-eleven.com မှ ၄င်းအား အသုံးပြုခွင့်ပိတ်ပင်ထားကြောင်း မတ်လ ၂၇ ရက်နေ့က ရေးသားဖေါ်ပြခဲ့ပါသည်။
၂။မြန်မာနိုင်ငံတွင် အင်တာနက် Website များအနေဖြင့် Facebook အကောင့်များကဲ့သို့ လူတစ်ဦးချင်းစီကို သီသန့်ပိတ်ပင်၍ မရနိုင်ပါ။ ထို့အတူ မြန်မာနိုင်ငံတွင် မည်သည့် IP ကို မည်သူက အသုံးပြုနေသည်ကို Eleven Media Group အနေဖြင့် မသိနိင်သလို သိခွင့်ရှိသည့် အခွင့်အရေးလည်းမရှိပါ။
၃။ သို့သော် Eleven Media Group ၏ IT Team အနေဖြင့် မည်သည့် IP များမှ Eleven Media Group ၏ Website များကို တိုက်ခိုက်နေသည် ဆိုသည်ကို အမေရိကန်နိုင်ငံအခြေစိုက် Cloudflare ကုမ္ပဏီ၏ လုံခြုံရေးဆိုင်ရာ နည်းပညာများ အကူအညီဖြင့် သိရှိနိုင်ပါသည်။ ထို့ကြောင့် Eleven Media Group ၏ Website များကို ကြိမ်ဖန်များစွာ တိုက်ခိုက်နေသည့် IP များကို ဆက်လက် တိုက်ခိုက်ခြင်း မပြုနိုင်ရန် Cloudflare မှ လုံခြုံရေးအရ ယာယီအသုံးပြုခွင့် ပိတ်ပင်လေ့ရှိပါသည်။
၎။ Eleven Media Gruop ၏ Website များသည် အာဏာရှင်တို့၏ အကျိုးစီးပွား ကာကွယ်လိုသည့် ၀ါဒဖြန့်ချိရေး ယန္တရားတွင် ပါဝင်သူတို့၏ ကြိမ်ဖန်များစွာ တိုက်ခိုက်မှုများကို ခံခဲ့ရပြီး Eleven Media Group ၏ Website အနေဖြင့် ဆုံးရှုံးမှုများ ရှိခဲ့ပါသည်။ ယနေ့အထိလည်း အဆိုပါ တိုက်ခိုက်မှုများ နေ့စဉ်ရှိနေပါသည်။ ထို့ကြောင့် Eleven Media Group ၏ Website အနေဖြင့် လုံခြုံရေးအရ လိုအပ်သော အစီအမံများကို ပြင်ဆင်ထားခဲ့ရခြင်းဖြစ်ပါသည်။
၅။ သို့ရာတွင် Eleven Media Group အား တိုက်ခိုက်နေသဖြင့် ပိတ်ပင်ခံရသော IP မှာ ဦးရဲထွဋ် အသုံးပြုနေသော IP ဖြစ်ကြောင်း ၄င်း၏ Facebook ဖေါ်ပြချက်မှတစ်ဆင့် သိရှိရပါသည်။ ၄င်းကဲ့သို့ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် အသုံးပြုသည့် IP ကိုပင် အသုံးပြုနေသော လူပုဂ္ဂိုလ်အချို့မှ တည်ဆဲဥပဒေကို ချိုးဖောက်ပြီး ဆိုက်ဘာတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့၍သာ ဤကဲ့သို့ ယာယီအသုံးပြုခွင့်ကို နည်းပညာအရ ပိတ်ထားသကဲ့သို့ ဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။
၆။ ထို့ကြောင့် ဥပဒေကို ချိုးဖောက်သူများအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူပေးပါရန် ပြန်ကြားရေးဝန်ကြီးအား မေတ္တာရပ်ခံပြန်ကြားအပ်ပါသည်။
၇။ ၀န်ကြီးမှ ယာယီပိတ်ပင်ခံထားရသော IP အား ဖော်ပြ၍ တရားဝင်တောင်းဆိုလာပါက ပြန်လည်ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း လေးစားစွာ ပြန်ကြားအပ်ပါသည်။
IT Department
(Eleven Media Group)
No comments:
Post a Comment