ရန်ကုန် (မဇ္ဈိမ)။ ။ လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်ပြီး
တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် စွဲချက်တင်ခံထားရသည့်
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် အပါအဝင် ခြောက်ဦးကို ဒဂုံမြို့နယ်တရားရုံး၌
မတ် ၂၄ ရက်၊ နံနက်ပိုင်းတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

တရုတ်သံရုံးရှေ့တွင်
လက်ပံတောင်းတောင် အရေး ဆန္ဒထုတ်ဖော်မှုကြောင့် တရားစွဲခံထားရသော နေမျိုးဇင်၊
ဦးသန်းဆွေ၊ တင်ထွဋ်ပိုင်၊ ဒေါ်နော်အုံးလှနှင့် ဒီမိုကရေစီအရေး
တက်ကြွလှုပ်ရှားသူအချို့တို့ ဖေဖော်ဝါရီလ ၂ ရက်က ဒဂုံမြို့နယ် တရားရုံးတွင်
ရုံးထုတ်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေး၊ ကိုတင်ထွဋ်ပိုင်၊ ဒေါ်စန်စန်းဝင်း၊ ဦးသန်းဆွေနှင့် ဒေါ်မြတ်နုခိုင်တို့ကို ဒဂုံမြို့နယ်တရားရုံးက ရုန်းရင်းဆန်ခတ်မှု၊ တာဝန် ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မများဖြစ်သည့် ၁၄၇/၃၅၃/၅၀၅(ခ) ဖြင့် စွဲချက်တင်ထားပြီး ဒေါ်မြတ်နုခိုင်ကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။
ထို့ကြောင့် စွဲချက်တင်ခံထားရသူ ဦးနေမျိုးဇင် အပါအဝင် ခြောက်ဦးကို ဒဂုံမြို့နယ်တရားရုံးတွင် စစ်ဆေးခဲ့ရာ ဦးနေမျိုးဇင်က ဆန္ဒဖော်ထုတ်သည့်နေ့က ပါဝင်ခဲ့ပြီး၊ လမ်းလျှောက်လာသည့်ခရီးစဉ်တွင် တားဆီးခြင်း မခံရဘဲ တရုတ်သံရုံးရှေ့တွင် ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးက တားဆီးခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
စစ်ဆေးခံခဲ့ရသည့် ဦးနေမျိုးဇင်အပါအဝင် ခြောက်ဦးစလုံးက ဆန္ဒပြရသည့် အဓိကရည်ရွယ်ချက်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ပြည်သူများထံမှ မတရားသိမ်းဆည်းထားသည့် မြေများနှင့် ဒေါ်ခင်ဝင်းသေဆုံးမှု စသည့် ကိစ္စများအတွက် တရုတ်အစိုးရကို ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က "ဒီနေ့တော့ စွဲချက်တင်ထားတဲ့ ပုဒ်မတွေအတွက် စစ်ဆေးခဲ့ပါတယ်။ လာမယ့်ရုံးချိန်းကျရင် ပုဒ်မ ၁၈ အတွက် စစ်ဆေးမှာပါ" ဟု ပြောသည်။
အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄၊ ဒီဇင်ဘာ ၂၉ ရက်က လက်ပံတောင်းတောင် အရေးနှင့် ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့မှုအတွက် တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးနေမျိုးဇင် အပါအဝင် ခုနစ်ဦးကို ဒီဇင်ဘာ ၃၀ ရက်တွင် ဒဂုံမြို့မရဲစခန်းမှ အမှုဖွင့်ပြီးတရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုကို လာမည့်မတ် ၃၁ ရက်တွင် ဒဂုံမြို့နယ်တရားရုံးတွင် ထပ်မံစစ်ဆေးရန် ရုံးချိန်း ချိန်းဆိုထားသည်။
Credit - Mizzima News
No comments:
Post a Comment