Thursday, January 8, 2015

မသန့်ရှင်းသည့်လေ၊ မသန့်ရှင်းသည့်ရေ မသန့်ရှင်းသည့် အစားအစာနှင့် မြန်မာပြည်သူများ (အယ်ဒီတာ့အာဘော်)

မြန်မာနိုင်ငံတွင် ရောင်းချနေသည့် လမ်းဘေးစားသောက်ဆိုင် ၇၅ ရာခိုင်နှုန်းကျော်သည် စားသုံးရန် မသင့်ကြောင်း၊ ဈေးကွက် တွင် ရောင်းချနေသည့် သောက်ရေသန့်အမည်ခံ ရေသန့်များသည်လည်း သောက်သုံးရန်မသင့်ဘဲ ဗိုင်းရပ်စ်အချို့ ပါဝင်နေသည်ဟု လတ်တလော သတင်းများ ထွက်ပေါ်လာခဲ့သည်။

သောက်သုံးရန်မသင့်သည့် သောက်ရေသန့်များသည် အမျိုးအစားပေါင်းများစွာရှိနေပြီး လွန်ခဲ့သည့် နှစ်နှစ်ကတည်းက တွေ့ရှိခြင်းဖြစ်သည်ဟု သုတေသနစာတမ်း တစ်စောင်က ဆိုပါသည်။
ထိုအခြေအနေကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အစားအသောက် ဌာနခွဲက သိရှိပြီးဖြစ်သည်ဟု အဆိုပါဌာနခွဲ အရာရှိတစ်ဦးက ဆိုပါသည်။

သို့သော် သတင်းထုတ်ပြန်ရန်အတွက်မူ ၀န်ကြီးဌာနသို့ တင်ပြထားပြီး ခွင့်ပြုချက် စောင့်ဆိုင်းနေသည်ဟု ဆိုသည်။ ရေသန့်ကဲ့ သို့သော ပြည်သူလူထု နိစ္စဒူဝ၊ စားသောက်သုံးဆောင်နေသည့် အစားအသောက်များ သည် မသန့်ရှင်း သို့မဟုတ် သောက်သုံးရန် မသင့်ဟူသည့် အချက်သည် နိုင်ငံတော် လျှို့ဝှက်ချက် မဟုတ်ပါ။

ပြည်သူလူထုတစ်ရပ်လုံး၏ အသက်၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ဆော လျင်စွာ ထုတ်ပြန်ပေးရန် အဘယ့်ကြောင့် တုံ့ဆိုင်းနေရပါသနည်း။ မသန့်ရှင်းသည့် အစားအသောက်များ ကို စားသောက်စေလျက် ပြည်သူတို့၏ ကျန်းမာရေးကို လျစ်လျူရှုထားရန် မသင့်ပါ။ ဆောလျင်စွာ သတင်း ထုတ်ပြန်လျက် ပြည်သူအများထံ အသိပေးသင့်ပါသည်။ ထို့အတူ မသမာနည်းဖြင့် စီးပွားရှာနေကြသူများ ကိုလည်း ချက်ချင်းအရေးယူရန် လိုအပ်ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပြည်သူလူထု၏ ကျန်းမာရေးနှင့် ပတ်သက်လျှင် ယင်းသို့သော အခြေအနေမျိုး လက်ခံ မည်မဟုတ်ပေ။ အခြားသော အတုယူဖွယ် တစ်ခုမှာမူ ဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံ၏ ဘုံဘိုင်မှရေသည် သောက်သုံး၍ရသည်အထိ အစိုးရက စီမံမှုကောင်းကောင်းဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအတွက် ဂရုတစိုက် လုပ်ကိုင်ပေးနေခြင်းပင် ဖြစ်သည်။ မိမိတို့နိုင်ငံတွင်မူ အ၀တ်လျှော်ရန်ပင် မသင့်လျှော်သည့် ရေများဖြန့်ဝေပေးနေသည်ကို တွေ့ရမည် ဖြစ်သည်။

ဘုံဘိုင်မှရေကို သောက်သုံး၍ရသည်အထိ စီမံမှုနှင့် နည်းပညာများအတွက် ချက်ချင်းမမျှော်လင့်နိုင်သော်လည်း သောက်သုံးရန် မသင့်သည့်ရေ၊ စားသုံးရန်မသင့်သည့် အစားအစာများအတွက်မူ ပြည်သူလူထု ကိုယ်တိုင်ရှောင်ကြဉ်နိုင်ရန် သတင်းထုတ်ပြန်ပေးသင့် လှပါသည်။

အလားတူပင် ကျောက်ကပ်ကို ထိခိုက်စေသည့် ဆိုးဆေးများသုံးလျက် ငရုတ်သီးမှုန့်များ ရောင်းချခြင်း၊ ယင် မနားဆေးများဖျန်းလျက် ငါးခြောက်များကို ရောင်းချခြင်း၊ အရောင်လှရန် စားသောက်ဖွယ်ရာများကို ဓာတု ဆေးများသုံးစွဲခြင်းစသည့် မမြင်နိုင်သော ကျန်းမာရေးကို ထိခိုက်စေသည့် စားသောက်ဖွယ်ရာများ ရောင်း ချနေမှု ကိုလည်း စိစစ်ရန် အရေးတကြီး လိုအပ်နေပေပြီ။

ပြည်သူလူထုကမသိဘဲ စားသုံးနေသော်လည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အစားအသောက်ဌာနက သိရှိပြီး ဖြစ်ပါလိမ့်မည်။ ထိုသို့သော ကျန်းမာရေးနှင့် မညီညွတ်သည့် စားသောက်စရာများကို စိစစ်ရန်လည်း ထိုဌာနတွင် တာဝန်ရှိပါသည် စိစစ်တွေ့ရှိချက်များအတွက် အရေးယူရန်လည်း ထိုဌာနတွင်ပင် တာဝန်ရှိပါသည်။ မိမိတာဝန် မိမိကျေရန် လိုအပ်လှပါသည်။

မြန်မာနိုင်ငံအတွင်း စားသောက်ကုန်များအပြင်၊ ဆေးဝါးအတု၊ ရက်လွန်ဆေးဝါးများ၏ ပြဿနာလည်း ရှိနေပါသေးသည်။ မစိစစ်၊ အရေးမယူဘဲ နွားနို့သောက်ရန် တိုက်တွန်းနေရုံဖြင့် ပြည်သူတို့၏ ကျန်းမာရေး အခြေအနေ တိုးတက်လာမည်မဟုတ်ပါ။


Credit - Mizzima News

No comments:

Post a Comment