Monday, January 5, 2015

ပြည်သူများ လိုလားသည့် လွတ်လပ်ရေးအစစ် (အယ်ဒီတာ့အာဘော်)

မြန်မာနိုင်ငံသည် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော တိုင်းရင်းသားပေါင်းစုံတို့၏ စုစည်းညီညွတ်ဖြင့် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ရရှိခဲ့သည်မှာ ၆၇ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ သို့တိုင် ပြည်သူများ လိုလားသည့် လွတ်လပ်မှု၊ လွတ်လပ်ခွင့်၊ လွတ်လပ်ရေး အမှန်တကယ် ရခဲ့ကြပါပြီလား။

မြန်မာ့ ကလေးငယ်တိုင်းသည် အာဟာရ ပြည့်ဝကုံလုံပါရဲ့လား။ မြန်မာ့ တက္ကသိုလ်ကျောင်းသားများသည် ၎င်းတို့လိုလားသည့် တက္ကသိုလ် အခင်းအကျင်းနှင့် အ၀န်းအ၀ိုင်းကို ရကြပါပြီလား။ မြန်မာလူငယ်များသည် ၎င်းတို့အာရုံဝင်စားရာ နယ်ပယ်များတွင် စိတ်ကျေနပ်စွာဖြင့် အားပြည့်ခွန်ပြည့် ကျင်လည်ခွင့် ရနေကြပါပြီလား။

မြန်မာ့စွန့်ထွင်ဦးစီး လုပ်ငန်းရှင်များသည် လိုအပ်သောငွေကြေး အရင်းအနှီးအတွက် လွယ်လွယ်ကူကူ ရှာဖွေနိုင်ပါပြီလား။ မြန်မာ့တောင်သူ လယ်သမားများသည် ထွန်ယက်စိုက်ပျိုးရန် မြေနေရာများ အသိမ်းမခံရဘဲ အေးချမ်းစွာဖြင့် လုပ်ကိုင် စားသောက်နေနိုင်ပါပြီလား။ မြန်မာ့ အလုပ်သမားများသည် မိမိတို့၏ ကာယ၊ ဥာဏအားဖြင့် သတ်သတ်မှတ်မှတ် ရှိပြီးဖြစ်သော အနိမ့်ဆုံးလုပ်ခများကို သက်သောင့်သက်သာ ခံစားနိုင်ကြပါပြီလား။

ပြည်ချစ်နိုင်ငံရေးသမားများသည် ပြည်သူ့အကျိုးကို ပြည့်ပြည့်စုံစုံ ထမ်းပိုးနိုင်စွမ်းကြပါပြီလား။ အစိုးရ၀န်ထမ်းများသည် လာဘ်လာဘ မမျှော်ကိုးဘဲ မှန်ကန်မျှတသော လစာများဖြင့် ပြည်သူ့ဝန်ထမ်း ပီသစွာ အလုပ်လုပ်ကိုင်နိုင်ကြပါပြီလား။ မြန်မာနိုင်ငံသားတိုင်းသည်  သက်ဆိုင်ရာမှ ထုတ်ပေးထားသော နိုင်ငံကူးလက်မှတ်ဖြင့် အစေအပါး အခိုင်းခံဘ၀မျိုး မဟုတ်မူဘဲ နိုင်ငံတကာသို့ ခေါင်းမော့ရင်ကော့ စိတ်ရှင်းလက်ရှင်း ၀ံ့ဝံ့ရဲရဲ ခရီးသွားနိုင်ကြပါပြီလား။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အပါအ၀င် မြန်မာတိုင်းရင်းသားအားလုံး၏ ၎င်းတို့ မျှော်မှန်းနေသည့် ငြိမ်းချမ်းရေး ခရီးသည် နီးပါပြီလား။ နိုင်ငံသားတစ်ဦးချင်း အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးများကို တရားဝင်ပြဋ္ဌာန်းပေးမည့် ပုံစံကျနသော ဖွဲ့စည်းပုံအခြေခံဥပဒေ အသွင်သစ်ဆီ မကြာမီတွင် ရောက်ရှိနိုင်ပါမည်လား။

လုပ်ပိုင်ခွင့်ရှိသော ခေါင်းဆောင်များ၏ တိုင်းပြည်နှင့်လူထုအကျိုးရည် တွေ့ဆုံဆွေးနွေးပွဲများသည် နီးပါပြီလား။ ပြည်သူတို့သည် လူတန်းစား တစ်ရပ်ကို ကြောက်မနေရသည့် ခေတ်သစ်ဆီသို့ ရောက်ရှိတော့မည်ဟု အာမခံချက်တစ်ရပ် ရှိလာပါမည်လား။ မီဒီယာပလက်ဖောင်းများ သည် အစိုးရ၏ထိန်းချုပ်မှုအောက်တွင် ရှိမနေသည့် မြန်မာသစ်ကို တွေ့မြင်ရချိန် နီးပါပြီလား။ လူထုလူတန်းစားအသီးသီးသည် မိမိတို့အစွမ်းရှိသလောက် ကြီးထွားခွင့်များ မည်သည့်အခါတွင်မှ ရနိုင်ပါမည်နည်း။

အထက်ပါမေးခွန်းများအတွက် မဇ္ဈိမသည် အပေါင်းဖက်ဆောင်သည့် အဖြေမပေးနိုင်ပါ။ မပြည့်စုံသေးပါ၊ လိုအပ်နေပါသေးသည် ဟုသာ ပြောနိုင်ပါမည်။ နိုင်ငံသားတစ်ဦးချင်းစီသည် ဥပဒေဘောင်အတွင်းမှ စိတ်ရှိတိုင်း အစွမ်းရှိတိုင်း လုပ်ပိုင်ခွင့်ရသည့် လွတ်လပ်သော အခြေအနေမျိုးကို ရပိုင်ခွင့် ရှိသည်ဟု မဇ္ဈိမက ယုံကြည်သည်။

လူငယ်၊ လူလတ်၊ လူကြီး အရွယ်သုံးပါးဖြင့် ဖွဲ့စည်းထားသော ပြည်သူများသည် နိုင်ငံနှင့်အ၀ှမ်း လွတ်လပ်စွာ ပညာသင်ကြား စီးပွားရှာဖွေ လုပ်ကိုင်စားသောက်ရာတွင် အစိုးရကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ၊ မတရားဖိနှိပ်ထားမှုတစ်ခုခုကိုဖြစ်စေ မကြောက်မရွံ့ရဘဲ လွတ်လပ်မှုဖြင့် ရှင်သန် ကြီးထွားခွင့်၊ ရပိုင်ခွင့်ရှိသည်ဟု မဇ္ဈိမက မှတ်ယူသည်။

ပြည်သူတို့ အမှန်တကယ် လိုလားသည့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့သည် မြန်မာနိုင်ငံတွင် မကြာမတင် ပြည့်စုံကုံလုံ ၍ နိုင်ငံသားတစ်ဦးချင်းစီသည် ကိုယ်စိတ်နှစ်ပါး လွတ်လပ်နေစေသတည်း။ ယင်းသည် ပြည်သူများ တောင့်တ လိုလားသည့် လွတ်လပ်ရေး အစစ်ဖြစ်သည်ဟု မဇ္ဈိမက ရှုမြင်သည်။

Credit - Mizzima News

No comments:

Post a Comment