ရန်ကုန် (မဇ္ဈိမ)။ ။ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်အထိ ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် စီမံကိန်း ပဋိပက္ခများကို တာဝန်ရှိသူများအနေဖြင့် တရားမျှတစွာ၊ ပွင့်လင်းမြင်သာစွာဖြင့် အမြန်ဆုံးတာဝန်ယူ ဖြေရှင်းပေးရန် အမျိုးသမီး အဖွဲ့အစည်း ၁၀ ဖွဲ့ စုပေါင်းပြီး ဇန်နဝါရီ ၉ ရက်က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။
ဒေါ်ခင်ဝင်း သေဆုံးခဲ့ရမှုသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းကို ဆန့်ကျင်သည့် နိုင်ငံတကာစာချုပ် ဖြစ်သော စီဒေါ(CEDAW) ကို
လက်မှတ်ရေးထိုးထားသည့် မြန်မာအစိုးရအနေဖြင့် “အမျိုးသမီးများ၏ အခွင့်အရေးများကို အပြည့်အဝကာကွယ် ပေးရန် ကတိကဝတ် ပြုထားမှုများကိုလည်း အလုံးစုံလျစ်လျူရှု၍ တိုက်ရိုက်ချိုးဖောက်ခြင်းဖြစ်သည်” ဟု အမျိုးသမီးအဖွဲ့အစည်းများ၏ စုပေါင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် လက်ပံတောင်းစီမံကိန်းပဋိပက္ခသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၊ သမ္မတရုံးဝန်ကြီး ဦးလှထွန်းဦးဆောင်သည့် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ရေးကော်မတီ၊ တရားဥပဒေစိုးမိုးရေးကော်မတီနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တို့ အမြန်ဆုံး ပူးပေါင်းပြီး ထိခိုက်ခံစားရသည့် ဒေသခံများ ကျေနပ်သည်အထိ အမြန်ဆုံး ဆောင်ရွက်ပေးရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသေးသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ခြံစည်းရိုးခတ်စဉ် လုံခြုံရေးရဲတပ် ဖွဲ့ဝင်များနှင့် ဒေသခံများကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် အသက်ငါးဆယ်ကျော်အရွယ်ဒေသခံအမျိး သမီး ဒေါ်ခင်ဝင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။
လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ဒေသခံ ဒေါ်ခင်ဝင်သေဆုံးခဲ့ရမှုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုရှိ၊ မရှိ ဖော်ထုတ်ရန် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကလည်း ယခုလဆန်းပိုင်းက ကွင်းဆင်း စစ်ဆေးထားပြီး အစီရင်ခံစာ ထုတ်ပြန်မည် ဖြစ်သည်။
လက်ပံတောင်းပဋိပက္ခများနှင့် ဒေသခံများ၏ နစ်နာမှုများကို အမြန်ဆုံးဖြေရှင်းရန် တောင်းဆိုလိုက်သည့် အမျိုးသမီးအဖွဲ့အစည်းများမှာ အမျိုးသမီးအဖွဲ့အစည်းများကွန်ရက် (WON)၊ Women League of Burma(WLB)၊ ဖန်တီးအိမ်အဖွဲ့၊ အခရာအမျိုးသမီးအဖွဲ့၊ ကျား၊ မ ရေးရာ တန်းတူညီမျှခြင်းကွန်ယက် (GEN)၊ Triangle Women Group၊ ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေးကွန်ယက် (KWPN)၊ Women Initiative Network for Peace (WIN Peace)၊ Women Can Do It (WCDI) နှင့် NGO Gender Group (NGO GG) တို့ ဖြစ်သည်။
ဒေါ်ခင်ဝင်းသေဆုံးမှုဖြစ်ပြီးနောက် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆန္ဒပြတောင်းဆိုမှုများရှိခဲ့သလို ရန်ကုန်ရှိ တရုတ်သံရုံးအနီး လုံခြုံရေးစည်းကို ကျော်ဖြတ်ပြီး ဆန္ဒပြရန်ကြိုးစားသည့် ဦးနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှ အပါအဝင် တက်ကြွလှုပ်ရှားသူအချို့ကို ဒီဇင်ဘာ ၃၀ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment