ပုသိမ် (မဇ္ဈိမ) ။ ။ လယ်ရောင်းရုံဖြင့် လယ်သမားများဆင်းရဲသွားမည်
မဟုတ်ဟု ပြောဆိုခဲ့သည့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်၏ ပြောဆိုချက် အပေါ်
လူမှုကွန်ယက် စာမျက်နှာပေါ်တွင် အများအပြား ဝေဖန်ခဲ့ကြသလို လယ်သမား
အဖွဲ့အစည်းများနှင့် ကာယကံရှင် လယ်သမားများ ကလည်း ပြင်းပြင်းထန်ထန်
ကန့်ကွက်ခဲ့ကြသည်။

(ဓာတ်ပုံ- စည်သူမောင်မောင်၊ မဇ္ဈိမ)
ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ပုသိမ်ဆိပ်ကမ်းနှင့် စက်မှုဇုန် စီမံကိန်း အကောင်အထည်ဖော်မည့် ဒေသရှိ လယ်မြေများ အား ရောင်းချခြင်းမရှိသော လယ်သမားများနှင့် တွေ့ဆုံစဉ် “လယ်ကို ရောင်းချလိုက်ရုံနဲ့ ခင်ဗျားတို့ ဘယ်လိုမှဆင်းရဲသွားစရာ အကြောင်းမရှိပါဘူး။ ခင်ဗျားတို့ ရလာတဲ့ ငွေတွေကို မစီမံတတ်ရင် ကျွန်တော့်ကိုပေး ကျွန်တော်စီမံပေးမယ်” ဟု ဇန်နဝါရီလ ၂ ရက်က ပြောဆိုခဲ့သည်ကို တက်ရောက်ခဲ့သူ အချို့က မဇ္ဈိမကို အတည်ပြု ပေးခဲ့ပြီး ယင်းအချက်ကို ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း တောင်သူလယ်သမားသမဂ္ဂမှ အတွင်းရေးမှူး ဦးသန့်ဇော်ဦးက “ဝန်ကြီးချုပ်က ကုန်သည်စကား၊ လုပ်ငန်းရှင်စကား ပြောသွားတာဗျ။ ဒီလိုပုဂ္ဂိုလ်မျိုးတွေ ၂၀၁၅ ဟိုဘက်မှာ ပြန်ပါလာမှာတောင် စိုးရတယ်။ လယ်သမားတွေက လယ်ပဲလုပ်တတ်တာလေ” ဟု ဝေဖန်သည်။
ဧရာဝတီတိုင်း၊ ပုသိမ်နှင့် ကန်ကြီးထောင့်မြို့နယ်အကြားရှိ လယ်ဧက ၂၅၀၀ ပေါ်တွင် တိုင်းအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဧရာဝတီ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက တာဝန်ယူကာ စက်မှုဇုန်တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။
စီမံကိန်း ဧရိယာတွင်ပါဝင်သည့် လယ်တစ်ဧကလျှင် ကျပ်သိန်း ၃၀ နှုန်းဖြင့် ဝယ်ယူနေခြင်းဖြစ်ပြီး လယ်သမား ၇၀ ဦးက ၎င်းတို့ပိုင်ဆိုင်သည့် လယ်ဧက ၈၀၀ ကျော်အား ရောင်းချရန် ငြင်းဆန်ခဲ့သည်။
စီမံကိန်းဧရိယာအတွင်း လယ်ပိုင်ဆိုင်သည့် ပုသိမ်မြို့ အမှတ်၁၂ရပ်ကွက်၊ ပုဂံပျောက်ကွင်းမှ လယ်ပိုင်ရှင် ဒေါ်မာလာချိုက “ကျွန်မတို့ လယ်ပဲလုပ်တတ်တယ်။ လယ်တွေရှိရင် ကျွန်မတို့တစ်သက် မဟုတ်ဘူး။ သားသမီးတွေအတွက်ပါ စားဝတ်နေရေးအဆင်ပြေတယ်။ ရောင်းလို့ရတဲ့ ပိုက်ဆံက ဘယ်လောက်ခံမှာလဲ။ တစ်ခြားလုပ်ငန်းတွေ အဆင်မပြေရင် ရှေ့ရေးအတွက် အဆင်မပြေမှာစိုးလို့ မရောင်းတာ” ဟု မဇ္ဈိမကို ပြောသည်။
ထိုကဲ့သို့ လယ်မြေများရာင်းချလိုခြင်း မရှိသည့် တောင်သူများအား အတင်းအဓမ္မ ရောင်းချခိုင်းခြင်းအစား ၎င်းတို့အတွက် အခြားနေရာတွင် လယ်မြေအစားပေးပြီး မြေယာပြင်ဆင်ပေးမှုအပါအဝင် လိုအပ်သည့် ထောက်ပံ့မှုများ လုပ်ဆောင်ပေးသင့်သည် ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ဆိုသည်။
၎င်းက “ကျွန်တော်တို့ မြင်တာတော့ အကောင်အထည်ဖော်သင့်တဲ့ စီမံကိန်းဆိုရင် ငွေကြေးပေး လျော်လိုက်တာထက် မြေယာ အစား ပြန်ပေးတာက ပိုကောင်းပါတယ်။ သူတို့လည်း လယ်ယာမြေဆုံးရှုံးမှု မရှိတော့ဘူးပေါ့” ဟု မှတ်ချက်ပြုသည်။
လယ်သမားတို့သည် ၎င်းတို့ ဓါးမဦးချ လုပ်ကိုင်လာသည့် လယ်မြေရှိမှသာ ဘဝအတွက် အာမခံချက်ရှိနိုင်မည် ဖြစ်သည့်အတွက် တိုင်းအစိုးရအနေဖြင့် စနစ်တကျစီမံခန့်ခွဲသင့်သည်ဟု ပုသိမ်မြို့ရှိ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုစိုးလှိုင်ဦးက ပြောသည်။
“လယ်သမားတွေအတွက် လယ်ယာမြေက အသက်ပဲ။ လယ်တွေကိုရောင်းချလိုက်ရင် ဘာသွားလုပ်မလည်း၊ လယ်သမားတွေကို ဆင်းရဲမှုပပျောက်အောင်လုပ်တာလား၊ ပိုဆင်းရဲအောင် လုပ်တာလား” ဟု ဝန်ကြီးချုပ်၏ ပြောဆိုချက်အပေါ် ကိုစိုးလှိုင်ဦး က မေးခွန်းထုတ်သည်။
Credit - Mizzima News
No comments:
Post a Comment