Written by
စည်သူအောင်မြင့်
ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေထဲမှာ အစားအသောက်နဲ့ ပတ်သက်ပြီး ပြည်သူတွေ တုန်လှုပ်စရာသတင်း တချို့ပါလာပြပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံအတွင်း မဟာဘွဲ့ယူ စာတမ်းတင်ပြသူ တစ်ယောက် က ပြည်တွင်းထုတ် သောက်ရေသန့်တံဆိပ် နမူနာ အမျိုး ၅၀ ကို ကျပန်း ၀ယ်ယူပြီး ဓာတ်ခွဲစစ်ခဲ့တဲ့အကြောင်း၊ အဲဒီမှာ ရာခိုင်နှုန်း ၄၀ ကျော်နဲ့ ညီမျှတဲ့ တံဆိပ် ၂၂ မျိုး ဟာ သောက်သုံးဖို့ မသင့်တာကို တွေ့ရှိတဲ့အကြောင်း ဖော်ပြထားပါတယ်။ အလားတူ အဲဒီ ညီလာခံက ထွက် ပေါ်လာတဲ့ တခြားသတင်းတစ်ပုဒ်မှာလည်း ရန်ကုန်က လမ်းဘေး အသုပ်စုံတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ စားသုံးဖို့ မသင့်တော်ဘူး ဆိုတာ တွေ့ရှိတဲ့အကြောင်း ဖော်ပြထားပြန်ပါတယ်။
ညီလာခံမှာတင်တဲ့ စာ တမ်းရှင်တွေရဲ့ တွေ့ရှိချက်တွေက ဘာတွေပါလဲ၊ ဒါနဲ့ ပတ် သက်ပြီး တာဝန်ရှိသူတွေဘက်က ဘယ်လို တုန့်ပြန်ပါသလဲ၊ ပြည်သူတွေရဲ့ အစားအသောက်ဆိုင်ရာ လုံခြုံမှုအဆင့်အတန်း ဘယ်လောက်ရှိနေသလဲ ဆိုတာ လေ့လာစူးစမ်းကြည့်ကြရအောင်။
ညီလာခံမှာ မဟာဘွဲ့ယူ စာတမ်းပြုစု သူအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA က ဦးစီးအရာရှိ (ဓာတ်ခွဲ) ဒေါက်တာ သင်းစုကျော်က သူ ဓာတ်ခွဲတွေ့ရှိတဲ့ သောက်သုံးဖို့မသင့်တဲ့ မသန့်ရှင်းတဲ့ ရေသန့် တံဆိပ် ၂၂ မျိုးဆိုတာ ၂၀ လီတာ သောက်ရေသန့် ဘူးကြီးတွေကို ဆိုလိုတဲ့ အကြောင်း၊ အဲဒီထဲမှာ အစိုးရ FDA က ခွင့်ပြုချက်ပေးထားတဲ့ ရေသန့်အမှတ်တံဆိပ်ရော၊ ခွင့်ပြုချက်မရထား တဲ့ ရေသန့် အမှတ်တံဆိပ်ပါ ပါဝင်တဲ့အကြောင်း၊ ဒီလို ဖြစ်ရခြင်းအကြောင်းရင်းဟာ ရေသန့် စထုတ်ကတည်းက ပင်မရေ အရင်းအမြစ် ကောင်းမွန်မှုမရှိတာ၊ သိုလှောင် ထုတ်လုပ်မှုစနစ် အားနည်းတာ၊ ရေသန့်ဘူးခွံတွေကို ကောင်းကောင်း မဆေးကြောတာ၊ သယ်ယူ ပို့ဆောင်ရာမှာ သန့်ရှင်းမှုအားနည်းတာစတဲ့ အချက်တွေကြောင့်လို့ ဆိုပါ တယ်။ သူ့ရဲ့ အဲဒီပြောကြားချက်နဲ့တင် အစိုးရ FDA အဖွဲ့ကြီးရဲ့ စစ်ဆေးနိုင်မှုအားနည်းတဲ့ အချက်ပေါ် လွင်တာတွေ့ရပါတယ်။ ဒါပေမဲ့ FDA အဖွဲ့တာဝန်ရှိသူ အစားအသောက် ဌာနခွဲ ညွှန်မှူး ဒေါက်တာထွန်း ဇော်ကတော့ အဲဒီ အချက်ကို လက်မခံပါဘူး။
ဒေါက်တာသင်းစုကျော် အဲဒီစာတမ်း ပြုစုနေတာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ဖြစ်တဲ့အကြောင်း၊ လတ်တလော ပြဿနာမဟုတ်တဲ့ အကြောင်း၊ သူတို့ FDA အနေနဲ့ ရေသန့်တွေကို လေးလတစ်ကြိမ် စစ်ဆေး နေတဲ့အကြောင်း၊ သောက်သုံးဖို့ မသင့်ဘူးဆိုပြီး တစ်ကြိမ်တွေ့ရင် ပြုပြင်ခိုင်းတာ ရှိသလို၊ နှစ်ကြိမ်ဆိုရင် စက်ရုံ ပိတ်သိမ်းခိုင်းတာတောင် ရှိပြီး သတင်းတွေလည်း အမြဲ ထုတ်ပြန်ပေးနေတဲ့ အကြောင်း၊ လက်ရှိမှာ ဆိုရင်လည်း သောက်သုံးဖို့ မသင့်တဲ့ သောက်ရေသန့် ၂၂ မျိုးထက် ပိုများတာတွေ့ရှိထားတဲ့အကြောင်း၊ အဲဒါကို ထုတ်ပြန်ဖို့ ၀န်ကြီးဌာနကို တင်ပြထားတဲ့အကြောင်း၊ ခွင့်ပြုမိန့်ကျတာနဲ့ ချက်ချင်း သတင်းထုတ် ပြန်သွားမယ့်အကြောင်း သတင်း မီဒီယာတွေကို ပြောဆိုပါတယ်။
တကယ်တော့ FDA တာဝန်ရှိသူ ဒေါက်တာထွန်းဇော်ပြောတာ သဘာဝမကျပါဘူး။ သူပြောတဲ့အထဲမှာ ဘယ်ရေသန့် အမှတ်တံဆိပ်တွေ ကိုတော့ သောက်သုံးရန် မသင့်ဆိုပြီး တွေ့လို့ ပြုပြင်ဖို့ ခိုင်းခဲ့တယ်၊ ဘယ် တံဆိပ်တွေကိုတော့ နှစ်ကြိမ်တွေ့လို့ စက်ရုံပိတ်သိမ်းခိုင်းခဲ့တယ် ဆိုတာမျိုး သိပ်မကြာသေးခင်အချိန်က ထုတ်ပြန်ခဲ့တာ မတွေ့ရပါဘူး။ သူပြောသလို လေးလတစ်ကြိမ် စစ်ဆေးတယ်ဆိုရင် လေးလ တစ်ကြိမ် သတင်းထုတ်ပြန်ပေးရမှာပါ။ တကယ်တော့ မြန်မာနိုင်ငံက ရေသန့် ပြဿနာ ဒီထက် နက်ရှိုင်းပါတယ်။ ရေ သန့် ထုတ်လုပ်တဲ့ စက်ရုံနဲ့ အမှတ်တံဆိပ်တွေဟာ နိုင်ငံအနှံ့အပြားမှာ ရှိနေပါတယ်။ ရေသန့် ထုတ်လုပ်မှု နည်းစဉ်တွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ တိကျတဲ့ စည်းကမ်းချက်တွေ ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တချို့သိပ်ကြီးတဲ့ ရေသန့် အမှတ်တံဆိပ် နည်းနည်းလောက်ကလွဲရင် ကျန်ရေသန့်ထုတ်လုပ်သူအများစုက အဲဒီနည်းစဉ်တွေကို အတိအကျ မလိုက်နာကြပါဘူး။ ဥပမာ ရေသန့်ဘူး အဟောင်းကို နောက်ဆုံးအဆင့်တွေမှာ ရေသန့်ကိုပဲ အသုံးပြုပြီး သန့်စင်အောင် ဆေးကြောရမယ် ဆိုတာမျိုးပါ။ အဲလို အချက်အလက်တွေ အများကြီးရှိပါတယ်။
စစ်ဆေးတဲ့နည်းမှာလည်း နယ်မှာဆို ရင် သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးမှူးက ရေသန့်ဘူးနမူနာတွေ စစ်ဆေးနိုင်တဲ့ ရန်ကုန်၊ နေပြည်တော်အရောက် ပုံမှန် ပို့ပေးရပါတယ်။ အမည်မဖော်လိုတဲ့နယ်မြို့ တစ်မြို့ က ကျန်းမာရေးမှူးတစ်ယောက်ကတော့ သူပို့ပေးတဲ့ ရေသန့် နမူနာအားလုံးလိုလို မသန့်ရှင်းမှုတွေ တွေ့ တဲ့အကြောင်း၊ ဒါပေမဲ့ ဒီမှတ်ချက် သက်ဆိုင်ရာ ရေသန့် ထုတ်လုပ်သူကို ပြန်ပေးပြီး ပြုပြင်ခိုင်းတာ လောက်ပဲ လုပ်နိုင်ကြောင်း ပြောဆိုပါတယ်။ တချို့မြို့နယ်တွေ၊ တချို့သောက်ရေသန့် အမှတ်တံဆိပ်တွေနဲ့ ပတ်သက်ရင် သူတို့ ရေသန့် သန့်ရှင်းပါတယ်ဆိုတဲ့ ပုံမှန်ထောက်ခံချက်ရဖို့ လာဘ်ငွေပေးရတာမျိုး ရှိတာ ကြားဖူးတယ်လို့လည်း ဆိုပါတယ်။ ဘယ်လောက် မှန်မမှန် တိတိကျကျ မသိနိုင်ပါ။ သေချာတာကတော့ FDA ဟာ လေးလတစ်ကြိမ် စစ်ဆေးတွေ့ရှိချက် အများပြည်သူသိအောင် သတင်းမှန်မှန် ထုတ်ပြန်မပေး ဘူး ဆိုတာပါ။ အခု ဘွဲ့ယူ စာတမ်းမှာပါတဲ့ အချက်အလက်တွေ ထွက်ပေါ်လာမှ အထက်ကို တင်ပြထား တယ်၊ ခွင့်ပြုရင် သတင်းထုတ်ပြန်မယ်လို့ ပြောဆိုလာတာပါ။
ဒီနေရာမှာ နောက်ထပ် မေးစရာ မေးခွန်းက တော့ ခွင့်မပြုရင် မထုတ်ပြန်ပေးတော့ဘူးလား၊ ခွင့်မပြုတဲ့ အမှတ်တံဆိပ်တစ်ခုခုကို ဝန်ကြီးဌာနက ထိန်ချန်လို့ ရသလား ဆိုတာမျိုးပါ။
အခုဆိုရင် ပြည်သူအများစု ကျန်းမာရေးဆိုင်ရာ အသိပညာရေချိန်မြင့်လာပါပြီ။ တွေ့ကရာရေကိုမသောက် ဘဲရေသန့်ကို ငွေပေးပြီး ၀ယ်ယူသောက်သုံးနေကြပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံမှာလို ရေပိုက်ကလာတဲ့ရေတွေ ကို အန္တရာယ်ကင်းကင်း သောက်သုံးနိုင်ခြင်း မရှိလို့ ငွေကုန်ကြေးကျခံပြီး ၀ယ်ယူသောက်သုံးနေရတာ ဖြစ်ပါတယ်။ စီးပွားရေးသမားတွေကလည်း အကျိုးအမြတ် ဖြစ်ထွန်းလို့ ရေသန့် ထုတ်လုပ် ရောင်းချကြတာပါ။ ဒီနေရာမှာ အစိုးရရဲ့ တာဝန်က ပြည်သူတွေ ၀ယ်ယူသောက်သုံးရတဲ့ ရေသန့်တွေ သန့်ရှင်းမှုရှိအောင် ကြပ်မတ်ပေးရေးပါ။ အခု အစိုးရဘက်က အဲဒီတာဝန် ကျေပွန်တာ မတွေ့ရပါဘူး။
ဒါတင်လား ဆိုတော့ မကသေးပါဘူး။ လမ်းဘေးမှာ ပြည်သူတွေ နှစ်နှစ်ခြိုက်ခြိုက် ဝယ်စားနေတဲ့ အသုပ်စုံတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာလည်း မသန့်ရှင်း၊ စားသုံးဖို့ မသင့်ဘူး ဆိုတာ သိလာရပါပြီ။ ဒီ ပြဿနာမှာလည်း အစိုးရပဲ တာဝန်ရှိတာပါ။ ဈေးသည်တွေ သန့်ရှင်းတဲ့ အစားအသောက် ရောင်းချလာအောင် ပညာပေးတာ၊ စည်းရုံးတာ၊ လိုအပ်ချက်တွေ ပံ့ပိုးတာ၊ စည်းကမ်းသတ်မှတ်ပေးတာ၊ စည်းကမ်းချက် ချိုးဖောက်ရင် အရေးယူတာ စတာတွေ လုပ်ရမှာက အစိုးရပဲ ဖြစ်ပါတယ်။ အစိုးရက သူလုပ်သင့်တဲ့ အလုပ်မလုပ်၊ ပြည်သူတွေ အတွက် လုပ်ပေးဖို့လည်း ဆန္ဒရှိပုံမရတဲ့အတွက် ပြည်သူတွေဟာ အစားအသောက်မလုံခြုံတဲ့ ဘေးအန္တ ရာယ်ကြားမှာ နေထိုင်နေကြရပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Credit - Mizzima News
No comments:
Post a Comment