မန္တလေး (မဇ္ဈိမ)။ ။ နိုင်ငံခေါင်းဆောင်ကို ပြည်သူများ လွတ်လပ်စွာ
ရွေးခြယ်ခွင့် မရှိသည့်အတွက် မြန်မာပြည်သူပြည်သားများ အမှန်တကယ် လွတ်လပ်ရေး
ရပြီးလားဟု မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း ၆၇ နှစ် မြောက် လွတ်လပ်ရေးနေ့
အခမ်းအနားတွင် ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ
ဒေါက်တာဝင်းမြင့် က ပြောကြားလိုက်သည်။

(၆၇)
နှစ်မြောက် လွပ်လပ်ရေးနေ့ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၈
နာရီအချိန်တွင် မန္တလေးမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းနှင့် ၈၄ လမ်းပေါ်တွင်
ကျင်းပစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
ဇန်န၀ါရီ ၄ ရက်တွင် ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်ပွဲ ကျင်းပရေးကော်မတီရုံးရှေ့၌ ကျင်းပပြုလုပ်သော ထိုအခမ်း အနားတွင် အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“တကယ့်လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာဆိုရင် နိုင်ငံသားမျာရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ရေးသားခွင့်၊ ဟောပြောခွင့်တွေ ရှိနေကြပါတယ်။ ကွန်တော်တို့နိုင်ငံမှာတော့ လူမပြောနဲ့ ဘုန်းကြီးတောင် တရားဟောရင် တရားဟောပြောခွင့် လျှောက်လွှာတင်ပြီးမှ ဟောရတဲ့ နိုင်ငံ၊ မီဒီယာသမားတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ချနေတာကလည်း ဒီနိုင်ငံပါပဲ။ ဒီလိုဆိုရင် ကျွန်တော်တို့ နိုင်ငံသားတွေ လွတ်လပ်ရေး တကယ်ရပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ” ဟု ၎င်းက လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် လူထုအား ပြောကြားလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသူ နိုင်ငံသားများသည် စစ်အာဏာရှင် လက်အောက်တွင် နှစ်ပေါင်း ၅၀ ကျော်ကြာ ကျပ်ကျပ် တည်းတည်းဖြင့် အဖိနှိပ်ခံဘ၀ဖြင့် နေလာခဲ့ရပြီး တရားဥပဒေကို လက်နက်သဖွယ် အသုံးချ၍ ပြည်သူများ ကို ခြိမ်းခြောက်နေဆဲဖြစ်သည် ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံအနှံ့ ရောက်ရာအရပ်ဒေသတွင် နိုင်ငံသားများက ဧည့်စာရင်းတိုင်နေရခြင်း၊ ကိုယ့်ခေါင်းဆောင်ကိုယ် လွတ်လပ်စွာ ရွေးချယ်ခွင့် မရှိခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခွင့် မရ စေရန် ပြုလုပ်ခြင်းများကို ကြည့်ခြင်းအားဖြင့် လွတ်လပ်ခွင့် မရှိသည်ကိုတွေ့ ရသည်ဟု ၎င်းက ပြောသည်။
အဆိုပါ လွတ်လပ်ရေးနေ့ အခမ်းအနားကို ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် ပွဲကျင်းပရေးကော်မတီနှင့် မန္တလေးရှိ မြို့မိမြို့ဖများက ပူးပေါင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားကို အစီအစဉ် ခုနစ်ရပ်ဖြင့် ကျင်းပခဲ့ သည်။ ထို အခမ်းအနားသို့ ကျောင်သား ကျောင်းသူများ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများ၊ ဗိုလ်ချုပ်ချစ်မြတ်နိုးသည့် လူငယ်လူရွယ်များ အင်အား ၁၀၀၀ ခန့် တက်ရောက်ခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment