နေပြည်တော် (မဇ္ဈိမ)။ ။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို
တရားမျှတပြီး လွတ်လပ်စွာ ကျင်းပနိုင်ရန်အတွက် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့က ကူညီပေးရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က
တိုက်တွန်းတောင်းဆို လိုက်သည်။

သမ္မတ
ဦးသိန်းစိန်နှင့် ဗိုလ်ရှုခံသဘင် အခမ်းအနားလာတက်သည့် တိုင်းရင်းသားပါတီ ၁၂
ခုတို့ နေပြည်တော်ရှိ MICC 2 တွင် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် နံနက်က
တွေ့ဆုံ အပြီး တွေ့ရစဉ်။ (ဓာတ်ပုံ-မောင်သင်တုန်း၊ မဇ္ဈိမ)
“အထူးမေတ္တာရပ်ခံ ပြောကြားလိုတာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အနေဖြင့် မိမိတို့နေတဲ့ ဒေသတွေ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်နိုင်ဖို့အတွက် ဝိုင်းဝန်ကူညီပေးကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်” ဟု သမ္မတဦး သိန်းစိန်က ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့နှင့် မြန်မာ ကွန်ဗာရှင်းစင်တာ အစည်းအဝေခန်းမတွင် ဇန်နဝါရီလ ၅ ရက် နံနံက် ၉ နာရီမှ ၁၁ နာရီအထိတွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် အဓိကနည်းလမ်းတစ်ခုမှာ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပြီး ဒုတိယအရေးကြီးဆုံး အချက်မှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို တရားမျှတစွာ လွတ်လွတ်လပ်လပ် ကျင်းပနိုင်ရန်အတွက် အချက်တစ်ချက် ဖြစ်သည်ဟု သမ္မတကပြောသည်။
ရွေးကောက်ပွဲ လွတ်လပ်စွာ ကျင်းပနိုင်ရေးအတွက် သမ္မတ၏ တောင်းဆိုမှုနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ဝင်၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) ၏ အဖွဲ့အလုပ်အမှုဆောင် အဖွဲ့နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ “ရှင်းရှင်းပြောရ ရင်တော့ ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့တွေကတော့ ရွေးကောက်ပွဲဖြစ်စေ။ ရွေးကောက်ပွဲကို ဦးစီးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဖြစ်စေ ကျွန်တော်တို့က တရားဝင်လက် ခံတာ မရှိသေးဘူး။ မရှိသေးတော့ ၂၀၀၈ အကြောင်းမေးရင် ၂၀၀၈ အောက်မှာ လုပ်မယ့် ရွေးကောက်ပွဲ အကြောင်းမေးရင် သဘောထားပေးဖို့ ခက်တယ်။ တရားဝင်မပေးနိုင်ဘူးပေါ့။ သို့သော်လည်း ယေဘုံရအားဖြင့် ရွေးကောက်ပွဲဆိုတာက ဒီမိုကရေစီစနစ်ရဲ့ မဏ္ဍိုင်တစ်ခုဖြစ်တာ။ ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် ရွေးကောက်ပွဲက မပါမဖြစ်မဏ္ဍိုင် တစ်ခု ဖြစ်တာပေါ့” ပြောသည်။
Credit - Mizzima News
No comments:
Post a Comment