အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဆိုသည်မှာ တရားဝင် ပိုင်းခြားသတ်မှတ်ထားသော နယ်နမိတ်၊ တရားဝင် ရပ်တည်နိုင်ခွင့်ရှိသော အစိုးရတစ်ရပ်နှင့် အရေအတွက်အားဖြင့် သတ်သတ်မှတ်မှတ်ရှိသော နိုင်ငံသား ပြည်သူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်း ငါးနိုင်ငံဖြင့် နယ်နမိတ် ထိစပ်နေပြီး ဦးသိန်းစိန်အစိုးရလက်အောက်တွင် ၅၁ သန်းသော ပြည်သူများ ရှင်သန် ရပ်တည်နေကြသည်။ ပြည်သူများဟုဆိုအပ်သော မြန်မာနိုင်ငံသားများသည် မည်သည့်အခွင့်အရေးများကို ရထိုက်ပါသနည်း။ ထိုထိုသော အခွင့်အရေးများကို မည်သူက ပေးအပ်ပါမည်နည်း။
ဦးသိန်းစိန်အစိုးရကို ၂၀၀၈ အခြေခံဥပဒေဖြင့် ပြည်သူများက လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေ၏ အခန်း ၈၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားအခွင့်အရေးတချို့ကို ပြဋ္ဌာန်းထားသည်။
"နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့် ရှိသည်။
(က) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်
(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်
(ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်
(ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသား လူမျိုးအချင်းချင်းကိုလည်းကောင်း၊ ခြားဘာသာ
သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်"
၂၀၀၈ အခြေခံဥပဒေက အခွင့်အရေးများ ပေးထားသလို နိုင်ငံသားတစ်ဦးချင်းတိုင်း ထမ်းဆောင်ရမည့် တာဝန်များလည်း ရှိသေးသည်။ အခြေခံဥပဒေ ပုဒ်မ ၃၈၉ တွင် အခွန်အကောက် ပေးရမည်ဟုလည်းကောင်း၊ ပုဒ်မ ၃၈၄ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာ စောင့်ထိန်းရမည်ဟုလည်းကောင်း ဖော်ပြထားသည်။
တကယ်တမ်းတွင်တော့ ၂၀၀၈ အခြေခံဥပဒေကို ပြည်သူအများစုက နှစ်လို လက်ခံထားခြင်း မရှိပေ။ စစ်အာဏာရှင်များက နှစ်ပေါင်းများစွာ အချိန်ယူ၍ စစ်အာဏာရှင်များ သက်ဆိုးရှည်အောင် အကွက်စေ့ ထောင့်စေ ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ပြည်သူများလက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ လောလောဆယ်တွင်တော့ ဤအခြေခံဥပဒေဖြင့်ပင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ အဖြစ် မြန်မာနိုင်ငံနှင့် နိုင်ငံသားများ စခန်းသွားနေရသည်။
ပြည်သူများ လိုလားသော ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အခြေခံအခွင့်အရေးများကို မည်သူက အာမခံမည်နည်း။ မည်သူက ပေးမှ ပြည်သူက ရကြလိမ့်မည်နည်း။ ထိုအခွင့်အရေးများ ရနိုင်ရန် ပြည်သူများကိုယ်တိုင်ကရော မည်သည်တို့ကို ပြန်လည်ဆောင်ရွက်ပေးရပါမည်နည်း။
၂၀၀၈ အခြေခံဥပဒေက ပေးထားသော အခွင့်အရေးကိုဖြစ်စေ၊ ပြည်သူများ၏ နေ့စဉ်ဘ၀အတွက် အမှန်တကယ် လိုအပ်နေသော စား၊ ၀တ်၊ နေ အဓိက အရေးသုံးပါးနှင့် လူသားတစ်ဦးချင်းအတွက် လိုအပ်သော အခြေခံလူ့အခွင့်အရေးများကိုဖြစ်စေ နိုင်ငံသားတစ်ဦးချင်းက မတောင့်တ မကြောင့်ကျဘဲ လိုချင်နေပါသည်။ ပေးရန်တာဝန်ရှိသူများကား ၂၀၀၈ အခြေခံဥပဒေနှင့် ပေါ်ပေါက်လာသည့် ဦးသိန်းစိန်အစိုးရ၊ ဦးရွှေမန်းနှင့် လွှတ်တော်အရပ်ရပ်နှင့် အာဏာများစွာ ရယူ ကိုင်စွဲထားသော တပ်မတော်တို့ ဖြစ်ပါသည်။
လက်ရှိတွင်ကား ပြည်သူများမှာ ထိုထိုဤဤ အခွင့်အရေးများကို နေ့စဉ်နဲ့အမျှ တောင်းဆိုနေရဆဲ၊ တိုက်ပွဲဝင်နေရဆဲ၊ လွတ်လပ်ခွင့် များအတွက် ကြိုးပမ်းနေရဆဲ ဖြစ်ပါသည်။ ပြည်သူများကား စား၊ ၀တ်၊ နေ အရေးသုံးပါးနှင့် ရုန်းကန် ရှင်သန်နေရသည့်တိုင် အနည်းနှင့်အများဆိုသလို နိုင်ငံသားတစ်ဦးချင်း တာဝန်ကို ကျေပွန်ကြပါသည်။
ပြည်သူ့အခွင့်အရေးများကို ပြည်သူများ ပြည့်ဝစွာ ရရှိစေရန် ယင်းအခွင့်အရေးများကို တစ်နည်းနည်းဖြင့် ထိန်းချုပ်ထားသူများအား တိုင်းပြည်နှင့်လူထုကို မျက်နှာမူ၍ ဖြေလျော့ပေးပါရန်နှင့် ဖြည့်စွမ်းပေးပါရန် မဇ္ဈိမက တောင်းဆိုသည်။
Credit - Mizzima News
No comments:
Post a Comment