Sunday, June 14, 2015

၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရရှိသူ အများစုဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရန် ပဲခူးတိုင်း ပြည်ခိုင်ဖြိုး လျာထား

Written by  ဟိန်းကိုစိုး 

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သူ အများစုဖြင့်သာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသို့ ဝင်ရောက်ရန် ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လျာထားကြောင်း ပါတီ အတွင်းရေးမှူး ဦးစောမော်ထွန်းက ဇွန်လ ၁၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

"အမျိုးသမီးတော့ နည်းတယ်၊ အများစုက အရင်အနိုင်ရထားတဲ့ သူတွေပဲ၊ ကျန်းမာရေး မကောင်းသူနဲ့ အသက်ကြီး သူတွေကတော့ ရှိတယ်။ သူတို့ကတော့ ပြန်ဝင်ကြမှာ မဟုတ်ဘူး၊ ရွေးကောက်ပွဲ အောင်နိုင်ရေးက တော့ မှန်းရခက်ပါတယ်" ဟု ၎င်းက ဆိုသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ၊ ပြည်သူ့လွှတ်တော် ၂၉ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာနှင့် တိုင်းဒေသကြီး လွှတ်တော် ၅၈ နေရာဖြစ်သည့် လွှတ်တော်နေရာ အားလုံးတွင် ပြည်ခိုင်ဖြိုး က

ဝင်ရောက်ရန် ကိုယ်စားလှယ်လောင်းများကို တိုင်းအဆင့် လျာထားသတ်မှတ်ပြီး ဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီထံမှ သိရသည်။

ပြည်ခိုင်ဖြိုးသည် အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင် ခြင်း မရှိသည့် ၂၀၁၀ ပြည့်နှစ်တွင် ပြည်သူ့လွှတ်တော် ၂၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၁ နေရာ နှင့် တိုင်းဒေသကြီး လွှတ်တော် နေရာအားလုံးနီးပါးတွင် အနိုင်ရရှိထားသည်။

ပဲခူးတိုင်း ဒေသကြီးမှ ရွေးကောက်တင်မြှောက်ခံရသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်တို့တွင် အမျိုးသမီးပါဝင်မှု တစ်ဦးသာ ရှိနေသည်။

၂၀၁၅ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက်ရန် ဆုံးဖြတ်ထားပြီး ရွေးကောက်ပွဲရက် တိတိကျကျ ထုတ်ပြန်မှသာ ကိုယ်စားလှယ် လောင်းများကို အပြီးသတ် ရွေးချယ်သွားမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်းများကို ဗဟိုအလုပ်အမှုဆောင် ကော်မတီ ကိုယ်စားလှယ်လောင်း စိစစ်ရေးအဖွဲ့သာမက ပါတီ ပြင်ပ ပညာရှင်များနှင့် ဖွဲ့စည်းထားသည့် ကိုယ်စားလှယ် စိစစ်ရေးအဖွဲ့များဖြင့်ပါ စိစစ်ရန် ပြင်ဆင်ထားကြောင်း ပါတီ ဗဟိုအလုပ်မှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က ဆိုထားသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အောက်တိုဘာ နောက်ဆုံးအပတ်နှင့် နိုဝင်ဘာ ပထမပတ်အတွင်း ပြုလုပ်မည်ဖြစ်ပြီး နောက်ဆုံးအဆင့် မဲပေးခွင့်ရှိသူ စာရင်းများကို သြဂုတ်လတွင် တစ်နိုင်ငံလုံး အနှံ့ထုတ် ပြန်ပေးမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။


Credit - Mizzima News

No comments:

Post a Comment