
ရန်ကုန်၊ ဇွန် ၁၆
စင်ကာပူနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၈ ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲ အသက် ၂၃ နှစ်အောက် U-23 အမျိုးသား ဘောလုံးပွဲ နောက်ဆုံး ဗိုလ်လုပွဲတွင် ထိုင်းအသင်းအား ၃-၀ ဖြင့် ရှုံးနိမ့်ခဲ့သော မြန်မာအသင်း အားကစားသမားများအား ဒုတိယဆုရခဲ့သော်လည်း ကျေနပ်ကြောင်းနှင့်
အဆိုပါပွဲစဉ်ကို အစအဆုံးကြည့်ရှု အားပေးခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁၆ ရက်တွင် ပြောကြား လိုက်သည်။
အဆိုပါ မြန်မာ-ထိုင်း ဘောလုံးပြိုင်ပွဲအား စင်ကာပူနိုင်ငံ၌ ယှဉ်ပြိုင်နေမှုကို အစိုးရပိုင် မီဒီယာများက တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ခြင်းဖြစ်ပြီး အခြားသော ဘောလုံးပြိုင်ပွဲများကိုမူ ယခုကဲ့သို့ အစအဆုံး ကြည့်ရှုခဲ့ဖူးခြင်း မရှိ ကြောင်းလည်း ဇွန်လ ၁၆ ရက်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေး မစတင်မီ သတင်းမီဒီယာများ၏ မေးမြန်းမှုနှင့် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
““တယ်လီဗေးရှင်းပေါ်မှာ အစကနေအဆုံး မကြည့်ဖူးဘူး။ မနေ့ကပဲ အစကနေ အဆုံးကြည့်တယ်။ ကျေနပ် ပါတယ်၊ ဒီလောက် တက်လာတာလေ။ တော်တော်ကို တော်တယ်လို့ပြောရမှာပဲ။ ဘာလို့လဲဆိုတော့ အန်တီတို့ နိုင်ငံကနေ ဒီလို စကစားတာ သိပ်မှမကြာသေးပဲ”” ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းမီဒီယာများ မေးမြန်းမှုနှင့် ပတ်သက်၍ ဖြေကြားသည်။
အဆိုပါပွဲစဉ်တွင် မြန်မာဘက်မှ ပထမပိုင်း ၄၅ မိနစ်အထိ သရေကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင်မူ ၃ ဂိုးပေးခဲ့ရကာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ဒုတိယ ငွေတံဆိပ်သာ ရရှိခဲ့ခြင်း ဖြစ်သည်။
ဒုတိယဆု ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရသည့် မြန်မာ U-23 အသင်းနှင့် ပတ်သက်၍ ရွှေတံဆိပ် မရရှိခဲ့သော်လည်း နိုင်ငံ့ဂုဏ်ဆောင်ခဲ့မှုအပေါ် ဂုဏ်ယူမိကြောင်းလည်း ဘောလုံးပွဲအပြီးတွင် စင်ကာပူနိုင်ငံရောက် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှတစ်ဆင့် သမ္မတဦးသိန်းစိန်က ဖုန်းဖြင့် ဂုဏ်ပြုစကား ပြောကြား ခဲ့ကြောင်း ဇွန် ၁၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
မြန်မာ-ထိုင်း ဘောလုံး မယှဉ်ပြိုင်ခင်ကတည်း ဒုသမ္မတ ဦးဉာဏ်ထွန်းက ကစားသမားများ၊ နည်းပြအဖွဲ့ဝင် များနှင့် တွေ့ဆုံခဲ့သေးသည်။
MH-0025
- ဇွန်လ ၁၆ ရက်က လွှတ်တော်တက်ရောက်လာ သည့် ဒေါ်အောင်ဆန်းစုကြည်အား မီဒီယာများက မေးမြန်းနေစဉ်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/
No comments:
Post a Comment