Thursday, June 18, 2015

အစိုးရသစ် လက်ထက်တွင် ကချင်ပြည်နယ်တွင်း သဘာဝသယံဇာတ စီမံခန့်ခွဲမှု တိုးတက်လာခြင်း မရှိဟုဆို

Written by  ယုဝေ 

ရန်ကုန် (မဇ္ဈိမ)။ ။ အစိုးရသစ် လက်ထက်တွင် ကချင်ပြည်နယ်အတွင်း သဘာဝသယံဇာတ စီမံခန့်ခွဲမှု တိုးတက်လာခြင်း မရှိဘဲ ဒေသခံပြည်သူများမှာ သဘာဝသယံဇာတများ ဆုံးရှုံးနစ်နာမှုကို ရင်ဆိုင်ခံစားနေရဆဲ ဖြစ်သည်ဟု ကချင် လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) ပြောရေးဆိုခွင့်ရှိသူ ကိုစားဂျီးက မဇ္ဈိမကို ပြောသည်။

၎င်းက “သဘာဝ သယံဇာတ ထိခိုက်နစ်နာမှုတွေ အများကြီး ဖြစ်ပေါ်နေပါတယ်။ ဒေသခံ

 ပြည်သူလူထုတွေ လယ်ယာမြေဆုံးရှုံးမှုတွေ ဖြစ်နေတာလည်း များပါတယ်။ ပြဿနာတွေကို
 စောင့်ကြည့်နေရမယ့်အချိန် မဟုတ်တော့ဘူး။ ပြဿနာရဲ့အရင်းအမြစ်ကို တစ်စုံလုံး ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို အကောင်အထည်ဖို့ အချိန်ကျပြီ’’ ဟု ပြောသည်။

ယင်းအပြင် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ရက်က ၁၀ နှစ်ကြာ ရေးသားပြုစုခဲ့သည့်  KDNG ၏ ကချင်ပြည်နယ် သဘာဝသယံဇာတ အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒဆွေးနွေးချက် စာတမ်းကိုလည်း ဇွန် ၁၇ ရက်က ထုတ်ပြန်လိုက်ပြီး ယင်းထုတ်ပြန်ချက်တွင်  မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် ကာလအတွင်း၌ပင် သဘာဝသယံဇာတ စီမံခန့်ခွဲမှုသည် ထူးခြားလာမှုမရှိဟုလည်း ဖော်ပြထားသည်။

အဆိုပါ မူဝါဒဆိုင်ရာ ဆွေးနွေးချက်စာတမ်းကို ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) က ကချင်ပြည်နယ် အတွင်းရှိ ဖွံ့ဖြိုးရေး စီမံကိန်းများကြောင့် ဒုက္ခနှင့် ရင်ဆိုင်ရသည့် ပြည်သူများနှင့် လက်တွဲ၍ သုတေသနပြုခြင်း၊ စနစ်မကျသည့် သယံဇာတ သဘာဝအရင်းအမြစ် ထုတ်ယူသုံးစွဲမှုကို လေ့လာခြင်း၊ နိုင်ငံတကာမှ သဘာဝ သယံဇာတ အရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲခြင်း ပြဿနာ ဖြေရှင်းသော အတွေ့အကြုံများကို အခြေခံ၍ ၁၀ နှစ်ကြာ ရေးသားပြုစုထားခြင်း ဖြစ်သည်။

အစိုးရ၏ ဗဟိုထိန်းချုပ်မှု ဖွံ့ဖြိုးရေး စီမံကိန်းစနစ်ကြောင့် ကချင်ပြည်နယ်တွင်း ပြည်သူလူထုသည် လူမှုရေးပြဿနာများ၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုများနှင့် နှစ် ၂၀ ကြာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ဟုလည်း မူဝါဒဆိုင်ရာ ဆွေးနွေးချက် စာတမ်းတွင် ဖော်ပြထားသည်။

ထိရောက်သည့်ဖြေရှင်းမှုအဖြစ် ကချင်ပြည်နယ်တွင် အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်း မစတင်ချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တရားမမျှတမှုတို့ကို ဦးစားပေး ဖြေရှင်းသင့်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်သည့် ကာလတွင်လည်း ကချင်ပြည်နယ် ပြည်သူများသည် ၎င်းစီမံကိန်းမှ အကျိုးအမြတ်များကို  ခံစားခွင့် ရရှိရမည် ဖြစ်သည်ဟုလည်း KDNG က အကြံပြုတင်ပြထားသည်။

သဘာဝ သယံဇာတများနှင့်ပတ်သက်၍ စီမံကိန်း ဖော်ဆောင်ရာတွင် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရန် အစိုးရက သေချာစွာ လုပ်ဆောင်သင့်သည်ဟုလည်း ဆိုထားသည်။

အဆိုပါ မူဝါဒစာတမ်းကို ဒေသခံပြည်သူလူထုများက အရင်းအမြစ်များ စီမံခန့်ခွဲဖြန့်ဝေ အသုံးပြုမှု အခြေအနေနှင့်၊ အနာဂတ် မျိုးဆက်သစ်တို့အတွက် ရေရှည်ခိုင်မာမှုရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို လုပ်ဆောင်သွားရန်  တိုက်တွန်းနှိုးဆော်သည့် ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်ဟု ကိုစားဂျီးက ဆိုသည်။


Credit - Mizzima News

No comments:

Post a Comment