တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ မြေကွက် လပ်နေရာတွင် ကွန်ဒို ဆောက် လုပ်ခြင်းကို ကန့်ကွက်သည့် ဆန္ဒထုတ်ဖော် ဟောပြောခဲ့သည့်အတွက် အမှုဖွင့် အရေးယူခံထားရသူ ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအ၀င် ၅ ဦးသည် ထပ်မံခေါ်ဆိုမည့် တရားရုံးချိန်းတွင် ခံဝန် လက်မှတ်ထိုးခြင်းနှင့် ဒဏ်ငွေဆောင်ခြင်းတို့ကို ပြုလုပ်မည် မဟုတ်ကြောင်း တရားစွဲဆိုခံထားရသူ NLD ပါတီဝင် ရန်ကင်းမြို့နယ် ဗိုလ်ချုပ်ရာပြည့် ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးခင်က ဇွန်လ ၁၆ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
တောင်ဥက္ကလာပမြို့နယ် မြေကွက်လပ်နေရာတွင် ကွန်ဒို ဆောက် လုပ်နေမှုအပေါ် ကန့်ကွက်ကြောင်း တောင်ဥက္ကလာပ မြို့ခံပြည်သူများနှင့် ၈၈ ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးတို့က ကန့်ကွက်ဆန္ဒ ထုတ်ဖော်ရာခဲ့ရာ ခွင့်ပြုမိန့်ပေးသည့် တာမွေဟစ်တိုင်တွင် ဆန္ဒမထုတ်ဖော်ဘဲ
ယင်းမြေကွက်လပ်တွင် ဆန္ဒထုတ်ဖော် ဟောပြောမှု ပြုလုပ်ခဲ့သည့်အတွက် ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအ၀င် ၅ ဦးကို ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးအောင်က တရားလိုပြု အမှုဖွင့်ခဲ့သည်။
““မနေ့ကတည်းက အ၀တ်အစားတွေရယ်၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာတွေ ယူသွားပြီး ဦးတို့က တစ်ခါတည်း ခံဝန်လည်း မလုပ်ဘူး၊ ဒဏ်ငွေလည်း မဆောင်ဘူး။ ဘာလို့လဲဆိုတော့ ဦးတို့က နိုင်ငံရေး သမားတွေဆိုတော့ ဒါတွေကို ၀န်ခံလိုက်ပြီးတော့ ဒဏ်ငွေဆောင်လိုက်မယ်ဆိုရင် ဒီအစိုးရရဲ့ လုပ်ဆောင်ချက် မှန်ကန်တာကို အထောက်အထား ပေးသလို ဖြစ်သွားမယ်လေ။ မကြာမီ ဒီတစ်ပတ်အတွင်းမှာ အာဏာပိုင် အဖွဲ့အစည်းက ဆင့်ခေါ်ဦးမယ်လေ။ ဆင့်ခေါ်လည်း ဒီကနေ အ၀တ်အစား၊ သွားတိုက်ဆေး၊ ဆပ်ပြာယူပြီး တော့ တစ်ခါတည်း အင်းစိန်ထောင်ကို လိုက်သွားမယ်လို့ ဆုံးဖြတ်ထားတယ်””ဟု NLD ပါတီဝင် ဦးမျိုးခင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ တောင်ဥက္ကလာပမြို့နယ် NLD ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင် ၂ ဦး ဖြစ်သော ဒေါက်တာစောနိုင်နှင့် ဦးနိုင်ကိုလင်း၊ NLD ပါတီဝင် ရန်ကင်းမြို့နယ် ဗိုလ်ချုပ်ရာပြည့် ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးခင်နှင့် နိုင်ငံရေးလှုပ်ရှားသူ ဦးအောင်မော်တို့ကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်၌ အမှုဖွင့် အရေးယူထားခြင်း ခံထားရသည့်အတွက် ဇွန်လ ၁၅ ရက်တွင် တောင်ဥက္ကလာပ မြို့နယ်တရားရုံးက ဆင့်ခေါ်ရာတွင် တရားသူကြီး ရောက်မလာသည့်အတွက် တရားရုံးချိန်း ပျက်ခဲ့သည်။
ယင်းသို့ တရားစွဲဆိုခံရသူများ၏ ပြောကြားမှုနှင့် ပတ်သက်၍ ““ဒါက အာမခံ လွယ်လွယ် ပေးလို့ရတယ်။ ထောင်မှာ အများဆုံးရှိတာ ၃ လပဲ သို့မဟုတ် ဒဏ်ငွေ ၁ သောင်း ဒါက အာမခံပေးလို့ရတယ်။ မဆောင်ရင်တော့ သူတို့ချမှတ်ထားတဲ့ အမိန့်အတိုင်း ခံရမှာပေါ့။ ဒါကတော့ ပြောလို့မရဘူးပေါ့။ ဒါကတော့ ကြိုက်သလိုရတယ်။ ဘယ်အမှုမဆို ဒဏ်ရိုက်တာကို မဆောင်ဘူး ဆိုရင်တော့ ဒဏ်ငွေမဆောင်ရင် ထောင်ဒဏ် ဘယ်လောက်ဆိုတာကို နာခံရုံပဲ ရှိတာပေါ့””ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဇွန်လ ၁၅ ရက်တွင် တောင်ဥက္ကလာပမြို့နယ် တရားရုံး၌ အမှုဖွင့် အရေးယူ ခံထားရသူ ဦးကိုကိုကြီး အပါအ၀င် ၅ ဦးကို ဆင့်ခေါ်ခဲ့သော် လည်း တောင်ဥက္ကလာပမြို့နယ် တရားသူကြီး ဦးခင်မောင်ဆွေ ရောက်လာခြင်း မရှိသည့်အတွက် တရားရုံးချိန်း ပျက်သွားခြင်းနှင့် ပတ်သက်၍ ““မနေ့က တရားစွဲဖို့ချိန်းတာ။ တရားသူကြီးက တိုင်းရုံးကို သွားနေတဲ့အတွက်ကြောင့် ၁၀ ခွဲလောက်ထိ စောင့်ပြီး မစောင့်နိုင်ဘူးဆိုပြီး ပြန်သွားတာ။ ခွင့်ပြုမိန့် တင်ပေမယ့် ခွင့်ပြုမိန့် ပေးထားတဲ့ နေရာမဟုတ်ဘဲ တခြားနေရာမှာ လာလုပ်လို့ ပုဒ်မ ၁၉နဲ့ အရေးယူတာ””ဟု တရားလိုပြု အမှုဖွင့်ထားသူ တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမျိုးအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ယခင်တောင်ဥက္ကလာပမြို့နယ် တည်ထောင်စဉ်မှစ၍ ၁၉၉၂ ခုနှစ် နောက်ပိုင်းအထိ အဆိုပါ မြေနေရာမှာ အားကစားကွင်းနှင့် ပန်းခြံအဖြစ် တည်ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ပြည်ခိုင်ဖြိုးအသင်းက ယင်းမြေနေရာတွင် ရုံးခန်းဖွင့်လှစ်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းပြီး နောက်ပိုင်း ပြည်ခိုင်ဖြိုးအသင်းကို ဖျက်သိမ်းကာ ပါတီအဖြစ် ပြောင်းလဲရာ ၂၀၁၀ ပြည့်နှစ်တွင် ပါတီရုံးခန်းအဖြစ် ဖွင့်လှစ်ထားသည့် ပေ ၁၃၀၊ ပေ ၁၅၀ ကျယ်အ၀န်းရှိသည့် ယင်းမြေနေရာတွင် ပြည်ခိုင်ဖြိုးပါတီနှင့် YN ဆောက်လုပ်ရေး ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းကာ အထပ်(၈)ထပ်ပါ ကန်ထရိုက်တိုက် ဆောက် လုပ်ခြင်းဖြစ်သည်။
ရည်မွန်ဖြိုး
- ဇွန်လ ၁၅ ရက် ရုံးချိန်းသို့ လာရောက်သည့် ဦးကိုကိုကြီးအား တွေ့ရစဉ်။ Photo by Ko Ko Gyi(The 88 Generation Students) Facebook
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment