Saturday, June 20, 2015

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းမှ လွှတ်တော်နှစ်ရပ်၏ ကွဲလွဲချက် ၉ ချက်အား ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်

 နေပြည်တော်၊ ဇွန် ၁၅

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တင်သွင်းသည့် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ဇွန်(၁၅)ရက် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခဲ့ကြပြီး ဥပဒေကြမ်း ကော်မတီ၏ တင်ပြချက်များထဲမှ အချက်(၁၈)ချက်အား အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း အတည်ပြု လိုက်ပြီဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းအား လွှတ်တော်ကိုယ်စားလှယ် (၃)ဦးတို့က ပြင်ဆင်ချက်အဆို တင်သွင်းကြသည့် အတွက် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များဆိုင်ရာ လေ့လာရေး ကော်မရှင်အဖွဲ့ဝင်များ၊ ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်းလုပ်ငန်းကော်မတီများ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တာဝန်ရှိပုဂ္ဂိုလ်များတို့နှင့် အဆိုတင်သွင်းသည့် ကိုယ်စားလှယ်များ နှစ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ယနေ့ ပြည်သူ့လွှတ်တော်၌ ဆွေးနွေး အတည်ပြု ခဲ့ခြင်းဖြစ်သည်။

ပြင်ဆင်ချက် အဆိုတင်သွင်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် (၃)ဦးထဲမှ ချင်းပြည်နယ် ထန်တလန် မဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါ်ဇာတဲလန်က အဆိုပါဥပဒေကြမ်းနှင့် ပတ်သက်၍ လုံးဝပြဋ္ဌာန်းဖို့ မသင့်ကြောင်း ကန့်ကွက်ပြောကြားရာတွင် ““မြန်မာပြည်မှာ နေထိုင်သူများ အားလုံးအတွက် မရှိမဖြစ်အကျိုးရှိမယ့် ဥပဒေ မဟုတ်ဘဲ ဘာသာမတူတဲ့ လူနည်းစုတိုင်းရင်းသားတွေကို သွေးခွဲဆက်ဆံတဲ့ ဥပဒေဖြစ်ပြီး အမျိုးသမီးများနှင့် လူငယ်များအတွက် အကျိုးရှိတဲ့ ဥပဒေမဟုတ်တဲ့အပြင် ချည်နှောင်ထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ယင်းဥပဒေကြမ်း အပါအ၀င် ဘာသာကိုအခြေခံတဲ့ ဥပဒေ(၄)ရပ်ကို ပြဋ္ဌာန်းဖို့ မသင့်ပါဘူး””ဟု ကန့်ကွက် ပြောဆိုသည်။

ယင်းသို့ ကန့်ကွက်မှုနှင့်ပတ်သက်၍ ““ဒီဥပဒေကြမ်းမှာ ဒေါ်ဇာတဲလန် စွပ်စွဲသလို အချက်အလက်များနဲ့ မကိုက်ညီဘူး ဆိုတာကို သီးခြား တင်ပြလိုပါတယ်။ အဲဒီ ဥပဒေကို ၁၉၃၉ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ၁၉၅၃ တွင်လည်း ထပ်မံပြဋ္ဌာန်းခဲ့ပါတယ်။ ယခုအခါ အချိန်အခါနှင့် လိုက်လျောညီထွေရှိအောင် ပြန်လည်ပြင်ဆင် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါတယ်။ သို့အတွက်ကြောင့် ဒေါ်ဇာတဲလန်၏ ကန့်ကွက်ချက်အပေါ် မဲခွဲဆုံးဖြတ်ရန် မသင့်ကြောင်း ဥပဒေကြမ်းကော်မတီဘက်မှ ပြန်လည် တင်ပြခဲ့ရာ လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူကာ ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်ကို လွှတ်တော်က အတည်ပြုခဲ့သည်။

ယင်းဥပဒေနှင့် ဆက်စပ်၍ပင် ““မြန်မာဗုဒ္ဓဘာသာ အနွယ်ဝင် မိန်းမများ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ အမျိုးသမီးများနဲ့ နိုင်ငံသား အမျိုးသမီးများရဲ့ အခွင့်အရေးကို ကာကွယ်ရာမကျဘဲ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေရဲ့ အခွင့်အရေး သက်သက်ကို ကာကွယ်ပေးဖို့ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။ တိုင်းရင်းသား လူနည်းစုကို ခွဲခြားဆက်ဆံသလို ဖြစ်စေတဲ့ အထူးဥပဒေ ပြဋ္ဌာန်းခြင်းကို ပြန်လည် ဆန်းစစ်စေလိုပါတယ်။ ယခု ထက်ပိုမိုပြည့်စုံပြီး လေးစားထိုက်တဲ့ ဥပဒေကောင်း တစ်ခုဖြစ်ဖို့ ပြန်လည်ပြင်ဆင်သင့်ပါတယ်””ဟု ပုလဲ မဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်မှ အဆိုပါဥပဒေပါ အမှတ်စဉ်(၂)၊ အခန်း (၁)အပိုဒ်(၃)ဆ အား ဥပဒေကြမ်း ကော်မတီက လွှတ်တော်သို့ အတည်ပြုပေးနိုင်ရန် တင်သွင်းမှုအပေါ် ဒေါ်ခင်စန်းလှိုင်က ပယ်ဖျက်ရန် ဆွေးနွေး ခဲ့သေးသည်။

ဒေါ်ခင်စန်းလှိုင်၏ အဆိုတင်သွင်းမှုနှင့် ပတ်သက်၍ ““ဒေါ်ခင်စန်းလှိုင် ဆွေးနွေးတင်ပြတဲ့ဥပဒေဆိုတာ အခုမှ ရေးဆွဲတာမဟုတ်ပါဘူး။ အပိုဒ်(၃)-ခရဲ့ ဖွင့်ဆိုချက်ဟာ ၁၉၅၄ ဥပဒေမှာ ပြဋ္ဌာန်းတဲ့အတိုင်း ပဲဖြစ်ပါတယ်။ အသစ်ပြင်ဆင်တာ မရှိပါဘူး။ မြန်မာဗုဒ္ဓဘာသာဝင် ဆိုသည့်စကားရပ်တွင် မြန်မာနိုင်ငံ သား ဖြစ်သည့် အပြင်ဆိုတာ ပါတဲ့အတွက် တိုင်းရင်းသားများ ပါဝင်ပြီး ဖြစ်တဲ့အတွက် အပိုဒ်-၃(ခ)အား ပယ်ဖျက်ဖို့ မသင့်ပါဘူး””ဟု ပြည်ထောင်စု တရားလွှတ်တော်ကိုယ်စား တရားသူကြီး ဦးစိုးညွန့်က ဖြေကြားခဲ့ပြီး မဲခွဲဆုံးဖြတ်မှုတွင် ဥပဒေကြမ်း ကော်မတီ ၏ ပြင်ဆင်ချက်အား လွှတ်တော်က အတည်ပြုခဲ့သည်။

ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်ဖြစ်သော အခန်း(၂၃) အပိုဒ်ခွဲ-ဆတွင် ပါရှိသည့် အခန်း (၆)၊အပိုဒ်(၂)၊ အပိုဒ်(၂၂) အပိုဒ်ခွဲ (င)တွင်ပါရှိသည့် မြို့နယ်တရားရုံးက ချမှတ်သောအမိန့်ကို စီရင်ပိုင်ခွင့်ရှိသည့် ခရိုင်တရားရုံးသို့ အယူခံခွင့်ရှိသည်ဟူသည့် ဥပဒေကြမ်းကော်မတီ၏ အဆိုပြုချက်ကို လမ်းမတော်မြို့နယ် မဲဆန္ဒနယ် ဦးခင်မောင်ဝင်းက ပြင်ဆင်ချက်အဆို တင်သွင်းရာတွင် ““တိုင်းဒေသကြီး အဆုံးအဖြတ် အတည် မဖြစ်စေဘဲ တရားလွှတ်တော်ရဲ့အဆုံးအဖြတ်သာ အတည်ဖြစ်သင့်ပြီး ပြည်ထောင်စု တရားစီရင်ရေး ဥပဒေနှင့် အညီသာ အယူခံခွင့်ရှိသည်””ဟု ပြင်ဆင် လိုကြောင်း တင်သွင်းခဲ့သည်။

တရားလွှတ်တော်ချုပ်၏ သဘောထားမှာ ဥပဒေကြမ်းကော်မတီ၏ အဆိုပြုတင်ပြချက်ကို ထောက်ခံ တင်ပြခဲ့သဖြင့် မဲခွဲဆုံးဖြတ်ရာတွင် ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်အား လွှတ်တော်မှ အတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်မှ သဘောမတူကြောင်း အတည်ပြုခဲ့သည့် လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲခဲ့သည့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦး၏ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အသုံးအဆောင်များ ထားရှိခွင့်၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးနှင့် အခြားဘာသာဝင်တို့ ကွာရှင်းရာတွင် ပိုင်ဆိုင်မှုခွဲဝေခြင်း စသည်တို့ ပါဝင်သည့် ကွဲလွဲချက်(၉)ချက်အား ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည် ဖြစ်သည်။

ကိုကိုလွင်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
 

No comments:

Post a Comment