Saturday, June 20, 2015

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့အကြား လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စ အဓိကထား ဆွေးနွေးရမည်

ရန်ကုန်၊ ဇွန် ၁၆

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်းနေသော အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းကိစ္စကို အဓိကထား ပြန်လည် ဆွေးနွေးရ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ ဦးဆောင်ကော်မတီဝင် ရဲဘော် ဆလိုင်းယောအောင်က ဇွန်လ ၁၆ ရက်တွင် မြန်မာသံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းကို မတ်လ ၃ ရက်က UPWC နှင့် NCCT တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး NCCT မှ ခေါင်းဆောင်များက ၎င်းတို့၏ ထိပ်သီးခေါင်းဆောင်များထံ ပြန်လည် တင်ပြရာ ဇွန် ၂ ရက်မှ ၇ ရက်အထိ KNU နယ်မြေ လော်ခီးလာ၌ ညီလာခံ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ သုံးသပ် ပြောလိုက်ခြင်းဖြစ်သည်။

““ကိုယ်တို့က SSR (လုံခြုံရေးအရ ပြန်လည်ပေါင်းစည်းခြင်း)လို့ ပြောတယ်။ သူတို့က DDR (လက်နက် ဖြုတ်သိမ်းရေး)ပေါ့။ အဲဒီမှာတော့ တော်တော်လေး အယူအဆပိုင်းဆိုင်ရာက ကွာတယ်လေ။ အဓိကတော့ စိုးရိမ်တာပါ။ သာဓကတွေ ရှိတယ်လေ။ တချို့မူပိုင်းဆိုင်ရာ ကိစ္စလေးတွေရှိတယ်။ ပြောရမယ်ဆိုရင် အခန်း ၁ မှာ ဖြည့်စွက်ချင်တဲ့ စာသားလေးတွေ ရှိတယ်။ ဖြုတ်ချင်တာလေးတွေ ရှိတယ်။ အသေးစိတ်ကတော့ ဆွေးနွေး စရာ မလိုတော့ပါဘူး””ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်က ပြောသည်။

လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စနှင့် ပတ်သက်၍ အစိုးရက DDR (Disarmament, Demobilization, Reintegration) ဟုဆိုသော လက်နက်ဖြုတ်သိမ်းရေး၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက် ခွင့်ပြုရေးနှင့် အရပ်သားအဖြစ် ပြန်လည်ပေါင်းစည်းရေး မူဝါဒကို လက်ကိုင်ထားပြီး တိုင်းရင်းသားများဘက် ကမူ Security Sector Reform(SSR) ဟုဆိုသော ဖက်ဒရယ်ပြည်ထောင်စုကိစ္စများ၊ ဖက်ဒရယ်တပ်မတော် ကိစ္စများကို နိုင်ငံရေး ဆွေးနွေးပွဲမှသာ အကောင်အထည် ဖော် လိုခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ဖြစ်ပေါ်လာရန်အတွက် တိုင်းရင်းသား ခေါင်းဆောင်များက လော်ခီးလာ ညီလာခံတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ကို တိုင်းရင်းသားအဖွဲ့ အသီးသီးမှ ခေါင်းဆောင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

အဆိုပါအဖွဲ့၏ ပထမဆုံးအကြိမ် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဇွန်လ ၁၂ ရက်က ပြုလုပ်ခဲ့ပြီး ပြင်ဆင်ရမည့် NCA မူကြမ်းကို အစိုးရနှင့် ဆွေးနွေးရန်အတွက် အဆိုပါ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့၏ ကြိုတင် ညှိနှိုင်းရေးအဖွဲ့ကို NCCT ခေါင်းဆောင်များဖြစ်သော ဦးနိုင်ဟံသာ၊ ပဒိုစောကွယ်ထူးဝင်း၊ ဦးထွန်းဇော်တို့ဖြင့် ဖွဲ့စည်းခဲ့ကာ UPWC ထံသို့ အမြန်ဆုံး တွေ့ဆုံလိုကြောင်း အသိပေးစာ ပေးပို့ထားသည်။

““UPWC နဲ့တွေ့ဖို့က ၁၅ ဦးအဖွဲ့က ဦးအောင်မင်းတို့ကို အသိပေးတယ်။ အမြန်ဆုံး တွေ့ချင်တယ်။ ကိုယ်စားလှယ် ၃ ဦး သွားတွေ့ဖို့တော့ စီစဉ်ထားတယ်။ ဦးအောင်မင်းတို့ ဘယ်တော့လောက် တွေ့နိုင်မလဲ ဆိုတာကတော့ ကိုယ်စားလှယ်အဖွဲ့ပဲ သွားတွေ့မှာပေါ့””ဟု ကြိုတင်ညှိနှိုင်းရေးအဖွဲ့မှ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ဝိုင်းမော်

- ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်က NCA စာချုပ်မူကြမ်း လက်မှတ်ရေးထိုးပွဲတွင် ပါဝင်ကြသူများ

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 

No comments:

Post a Comment