Sunday, June 14, 2015

ရခိုင်မှ ရဲဝန်ထမ်းများကို လူ့အခွင့်ရေးနှင့် လူစုလူဝေး ဖြေရှင်းနည်း အီးယူ သင်တန်းပေး

Written by  ကေဇူး

ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များကို ဥရောပသမဂ္ဂ (EU) က လူ့အခွင့်အရေး စံနှုန်းများနှင့် လူစုလူဝေးကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနည်း သင်တန်းများ ပို့ချလျက်ရှိသည် ဟု ရခိုင်ပြည်နယ် ပြန်ကြားရေး တာဝန်ခံ ဦးလှသိန်းက ပြောသည်။

သင်တန်း ပို့ချရာတွင် ရခိုင်တစ်ပြည်နယ်လုံးရှိ ရဲဝန်ထမ်းများအနက် အရာရှိနှင့် ရဲဝန်ထမ်း ၂၄၀ ဦးတို့ကို စစ်တွေမြို့တွင် ဆယ်ရက်ကြာ သင်တန်းပို့ချမည် ဖြစ်သည်။

“လူ့အခွင့်အရေး စံနှုန်းတွေလည်း ပါတယ်။ ပြီးတော့ လူစုလူဝေးကို ဘယ်လိုဖြေရှင်းရမယ် ကိုင်တွယ်ရမယ် ဆိုတာတွေ သင်ကြတာပါ” ဟု ဦးလှသိန်းက ဆိုသည်။

သင်တန်းတွင် လူအုပ်စု သက်ဝင်လှုပ်ရှားမှုနှင့် သဘောတရားများ၊ လူ့အခွင့်အရေး စံနှုန်းများ၊ ဥပဒေ ဆိုင်ရာ အချက်အလက်များ၊ လူစုလူဝေးကိုင်တွယ် ဖြေရှင်းနည်းများ၊ ကြီးကြပ်မှုနှင့် ကွပ်ကဲမှု ဆိုင်ရာ သဘောတရားများကို စာတွေ့ လက်တွေ့ သင်ကြားခြင်းများ ပါဝင်သည်ဟုလည်း ၎င်းက ဆိုသည်။

“ ဒီဘက်မှာက လူစုလူဝေးတွေ ဖြစ်တတ်တယ်၊ ပြီးတော့ တစ်ဘက်နဲ့ တစ်ဘက်ဖြစ်တဲ့ ပဋိပက္ခ တွေလည်း အရင်က ဖြစ်ခဲ့တယ်လေ။ သူတို့ သင်တာနဲ့ လက်တွေ့နဲ့တော့ တိုက်ဆိုင်တာ လည်း ရှိတယ်၊ မတိုင်ဆိုင်တာလည်း ရှိတယ်” ဟု မောင်တောမြို့ ရဲစခန်းမှ ရဲအုပ် ကံလှက ပြောသည်။

ရခိုင်ပြည်နယ် လုံခြုံရေးဝန်ထမ်းများကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများ ပို့ချခြင်းတို့ကို မေလ အတွင်းက ပြုလုပ်ခဲ့သေးသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဥရောပသမဂ္ဂ (အီးယူ)က လူစုလူဝေးကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနည်း သင်တန်းများ၊ ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းများ ပို့ချခဲ့ပြီး ကျောင်းသား သပိတ်ကို ဖြိုခွင်းရာတွင် အကြမ်းဖက် နှိမ်နှင်းမှုကြောင့် ဝေဖန်ခံခဲ့ရသေးသည်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာမှ စတင်ခဲ့သည့် ဥရောပသမဂ္ဂ (အီးယူ)၏ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လေ့ကျင့်သင်ကြားမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစီမံကိန်းအတွက် ယူရို ၁၀ သန်း (ကျပ် ၁၃ ဒသမ ၂ ဘီလီယံခန့်) ကို အသုံးပြုမည်ဟု အီးယူက ဆိုထားသည်။

Credit - Mizzima News

No comments:

Post a Comment