Saturday, June 20, 2015

ကြံ့ခိုင်ရေး တင်သွင်းသော ခြေ/ဥပြင်ဆင်သည့် ဥပဒေ ကိုယ်စားလှယ်များ ဆွေးနွေးခွင့်ရှိသော်လည်း ပြင်ဆင်ခွင့်မရှိ

 ရန်ကုန်၊ ဇွန် ၁၆

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်၌ ကိုယ်စားလှယ်များက ဥပဒေကြမ်း၏ အပိုဒ်တစ်ပိုဒ်ချင်းစီ အလိုက် ဆွေးနွေးခွင့်ရှိသော်လည်း ထပ်မံ၍ပြင်ဆင်ချက် တစ်စုံတစ်ရာ ထည့်သွင်းခွင့် မရှိကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (ပုဒ်မ၄၃၆၊ ပုဒ်မခွဲ-က)နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာစိစစ်ချက် အစီရင်ခံစာတွင် ပါရှိသည်။ ကိုယ်စားလှယ်များအနေဖြင့် ပြင်ဆင်လိုသည့် ဥပဒေအချက် အလက်များကို ဆွေးနွေးခွင့်ရှိပြီး ပြင်ဆင်ခွင့် မရှိခြင်းမှာ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပြဋ္ဌာန်းချက်များအရ ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

““ဥပဒေ နည်းဥပဒေထဲမှာ ဒါကို ပြင်ဆင်တယ်ဆိုပြီးတော့ လက်မှတ်ထိုးပြီးတော့ ပြင်ဆင်ချက်ကို တင်သွားတဲ့ ကိုယ်စားလှယ်တွေကနေပြီးတော့ လက်မှတ်ရေးထိုး ပြင်ထားတာ။
ဒီကိုယ်စားလှယ်တွေက ပြင်ထားတဲ့ဟာကို လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးခွင့် ရှိတယ်။ သူတို့ဟာကို သွားပြီးတော့ ပြင်လို့မရဘူး။ ဒီဟာက မောင်ဖြူပါလို့ ပြောထား တာကို မောင်မဲပါလို့ ပြောလို့မရဘူး။ ကြိုက်မကြိုက်ကိုပဲ မဲပေးလို့ရတယ်တဲ့။ နည်း ဥပဒေက အဲဒီလိုပြောတာ””ဟု ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော် နည်းဥပဒေများအရ ဆွေးနွေးရန် အမည်စာရင်း ပေးထားသော လွှတ်တော် ကိုယ်စားလှယ်များ ထဲမှ ပြည်ထောင်စု လွှတ်တော် နာယကက သင့်မြတ်သည်ဟု ထင်မြင်ယူဆသော ကိုယ်စားလှယ်များကသာ ဆွေးနွေးရမည်ဖြစ်ပြီး ဥပဒေကြမ်းပါ အပိုဒ်များမှကိစ္စရပ်များအပ အခြားမည်သည့် ကိစ္စကိုမျှ ထည့်သွင်း ဆွေးနွေးခြင်း မပြုရန်နှင့် ဆွေးနွေးချက်များ ပြီးဆုံးပါက ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် အစည်းအဝေး၏ အဆုံးအဖြတ်ကို ရယူရမည်ဟု ရေးသားထားသည်။

““ကိုယ်စားလှယ်တိုင်းက ဥပဒေကို ဆွေးနွေးခွင့် ရှိစေချင်ပါတယ်။ နာယက ခွင့်ပြုမှ ဆိုတာကတော့ နည်းနည်းတော့ မဟုတ်ဘူးပေါ့။ ပိုပြီးတော့မှ လှုပ်စေတာက လက်မှတ်ထိုးထားတဲ့ ကိုယ်စားလှယ်တွေရှိတယ် မလား။ ကျွန်မတို့ဆိုရင်လည်း လက်မှတ်ထိုးလိုက်တယ်။ ဒီဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး လုပ်ပေးမယ်ဆိုတော့ ထိုးပေး လိုက်တယ်ပေါ့။ ဘယ်လိုဖြစ်လာလဲ ဆိုတော့ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပြဋ္ဌာန်းချက် များအရ လွှတ်တော် ကိုယ်စားလှယ်များသည် ပြင်ဆင်သည့် ဥပဒေကြမ်း အပိုဒ် တစ်ပိုဒ်ချင်း အလိုက် ဆွေးနွေးခွင့် ရှိသော်လည်း ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လက်မှတ် ရေးထိုးထားသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ ပြင်ဆင်ချက် အပိုဒ်များကို ထပ်မံ၍ ပြင်ဆင်ရန် မရှိကြောင်း လေ့လာသိရှိရပါသည် ဆိုတဲ့ဟာကြီးက လက်မှတ် ထိုးလိုက်မိတဲ့အတွက် ပြင်ဆင်လို့ မရတော့ဘူးဆိုတာမျိုး ဖြစ်သွားတယ်”” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ပြောသည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ၌ စက်ခလုတ်နှိပ် အသုံးပြုပါက သံသယရှိဖွယ်ရာ အချက်များ ပေါ်ပေါက် လာနိုင်ပါသဖြင့် ပွင့်လင်းမြင်သာမှုရှိစေရန် ရှင်းလင်းစွာ ဆောင်ရွက်နိုင်ရေး လိုအပ်ကြောင်းလည်း ယင်းအစီရင်ခံစာတွင် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက သုံးသပ်ထားသည်။

““ကျွန်တော်တို့ စက်ခလုတ်က ၂ မျိုးရှိတယ်လို့ ကြားတယ်။ တစ်မျိုးက လုံးဝလျှို့ဝှက်ပေါ့။ မဲပေးလိုက်တဲ့ သူတွေရဲ့ နာမည်စာရင်းတွေ မော်နီတာမှာ မပေါ်ဘူး။ တစ်မျိုးကပေါ်တယ်။ နောက်တစ်ခုက မဲပေးခွင့်ရှိသူ ဦးရေနဲ့ ထောက်ခံကန့်ကွက်၊ ကြားနေနဲ့ မဲစုစုပေါင်းနဲ့ အမြဲတမ်း ကွာဟချက်တွေ့ရတယ်။ အမြဲလိုလို ဖြစ်တယ်””ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို အာဏာရပါတီ ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဇွန်လ ၁၀ ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ လွှတ်တော် ကိုယ်စားလှယ် ၄၃ ဒသမ ၅၂ ရာခိုင်နှုန်း လက်မှတ်ရေးထိုးကာ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါဥပဒေကြမ်းမှာ ပြောင်းလဲ ထားသည်ဟု ဆိုသော်လည်း ဒီမိုကရေစီ အနှစ်သာရများနှင့် မကိုက်ညီသေးကြောင်း အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်များက ဝေဖန်ထားသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment