Sunday, June 14, 2015

နိုင်ငံပိုင်မီဒီယာက တရုတ်အစိုးရ ဌာနဆိုင်ရာအရာရှိများကို စာများများဖတ်ရန် တိုက်တွန်း

Written by 

ဘီဘီစီ (ပေကျင်း)။ ။ တရုတ်နိုင်ငံတွင် အစိုးရဌာနဆိုင်ရာ အရာရှိများသည် တန်ဖိုးထိန်းသိမ်းမှု အားကောင်းရေးနှင့် အကျင့်ပျက် အဂတိလိုက်စားမှုများကို ရှောင်ကြဉ်နိုင်ရေးတို့အတွက် စာများများဖတ်ရန် လိုကြောင်း နိုင်ငံပိုင် သတင်းဌာနက တိုက်တွန်းလိုက်သည်။

ရှန်ကျင်း အရာရှိ တစ်ဦး၏ ဖြစ်ရပ်ကို ကိုးကားကာ နိုင်ငံပိုင်သတင်းဌာနက ယခု သီတင်းပတ်အတွင်း ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ယင်းတာဝန်ရှိသူ၏ စာအုပ်စင်တွင် စာအုပ်တစ်အုပ်မှ မရှိဘဲ အရက်ပုလင်းများ၊ ပန်းချီလက်ရာများသာ အပြည့်ရှိနေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအရ အရာရှိအရာခံများသည် အထိန်းအကွပ်မဲ့ပြီး အလျှံပယ် ဘဝနေထိုင်မှု ပုံစံများကို ရှောင်ကြရန် တိုက်တွန်းထားသည်။

ပြီးခဲ့သည့် မတ်လအတွင်းက အရာရှိ အရာခံတစ်ဦးဖြစ်သူ ကျိအန်းဆိုသူကို အလွန်အကျွံ လာဘ်စားမှု၊ လောင်းကစားနှင့် လူမှုရေး ဖောက်ပြန်မှုများဖြင့် ဖမ်းဆီးခဲ့သည်။ ကျိအန်း၏ အိမ်သို့ စစ်ဆေးခဲ့သည့် ထောက်လှမ်းရေးတစ်ဦး၏ ပြောကြားချက်အရ “တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ အိမ်ကြီးအိမ်ကောင်းပါ။ ဒါပေမယ့် အိမ်ကြီးတစ်အိမ်လုံးမှာ စာအုပ် တစ်အုပ်တစ်လေတောင် မတွေ့ရဘူး” ဟု ပြောသည်။

ကျိအန်း၏ စာအုပ်စင်တွင်လည်း တန်ဖိုးကြီး ဝီစကီပုလင်းများ၊ ကျောက်မျက်စီခြယ် အလှထည်များ၊ ပန်းချီကားများနှင့် လက်ရေးလှပုံကားများကို သာတွေ့ရကြောင်း ယင်း ထောက်လှမ်းရေးအရာရှိက ပြောသည်။

“စာဖတ်ခြင်းကို အရာရှိများအနေနဲ့ လုပ်ကြရမှာဖြစ်တယ်။ အကျင့်စာရိတ္တပိုင်း၊ ကမ္ဘာ့အမြင်၊ စံတန်ဖိုးတွေနဲ့ အာဏာအပေါ် သဘောပေါက်မှုတို့အတွက် အရာရှိများအနေနဲ့ စာများများဖတ်ဖို့ လိုပါတယ်”ဟု ဆင်ဟွာမှ အာဘော်ရေးသားသူ မစ္စတာကျန်းယုရှန်းက ဆိုသည်။

သမ္မတရှီကျင့်ဖျင်က ၂၀၁၂ ခုနှစ်က ရာထူးလက်ခံပြီးနောက်ပိုင်းမှာ တရုတ်နိုင်ငံတွင်း အကျင့်ပျက်ခြစားမှုကို အမြစ်ဖြုတ်သွားရန် သံန္နိဋ္ဌာန်ချမှတ် လုပ်ဆောင်လျက်ရှိသည်။

Credit - Mizzima News

No comments:

Post a Comment