ရန်ကုန်၊ ဇွန် ၁၆
လက်ရှိဖြစ်ပျက်နေသည့် ဘာသာရေး၊ သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးမည့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)၏ ဒုတိယအကြိမ်မြောက် ညီလာခံကို ဇွန်လ လယ်ပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး ရှေ့ဆက် လုပ်ငန်းစဉ်များကို ထုတ်ပြန်မည်ဖြစ်ကြောင်း မဘသအဖွဲ့မှ အဖွဲ့ဝင် ဆရာတော်ဦးဝီရသူက ဇွန် ၁၆ ရက်တွင် မြန်မာသံတော်ဆင့်သို့ မိန့်သည်။
ယင်းဒုတိယအကြိမ်မြောက် ညီလာခံကို ရန်ကုန်မြို့၊ အောင်ဆန်းတောရ ကျောင်းတိုက်၌ ဇွန် ၁၉၊ ၂၀၊ ၂၁ရက် (၃)ရက်အတွင်း ကျင်းပသွားမည်ဖြစ်ပြီး မဘသအဖွဲ့၏ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များကို လည်း စာတမ်းဖတ်ကြားသွားမည်ဖြစ်သည်။
““မဘသရဲ့သက်တမ်း ၂နှစ်ပြည့် ဆွေးနွေးပွဲ လုပ်တာပါ။ တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ မဘသအဖွဲ့တွေရဲ့ ဆောင်ရွက် ချက်တွေ၊ လုပ်ငန်းတွေကို ဆွေးနွေးမှာပါ””ဟု ဆရာတော် ဦးဝီရသူက မိန့်သည်။
အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ဗဟိုဦးဆောင်အဖွဲ့တွင် ရဟန်းသံဃာများ၊ လူပုဂ္ဂိုလ် ၂၀၀ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ တိုင်းနှင့်ပြည်နယ် တစ်ခုချင်းစီ၌ ဆရာတော် ၃ပါးနှင့် ဖွဲ့စည်းထားပြီး ရခိုင် ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် ချင်းပြည်နယ်မြို့နယ် ၂ခုမှလွဲ၍ တစ်နိုင်ငံလုံး ဖွဲ့စည်းထားသည်။
““ညီလာခံမှာက လက်ရှိဖြစ်ပေါ်နေတဲ့ ဘာသာရေး၊ သာသနာရေးတွေကို အဓိကဆွေးနွေးမှာပါ။ တစ်နှစ်တာ ကာလပတ်လုံးမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကိုလည်း ဆွေးနွေးကြမှာပါ””ဟု မဘသအဖွဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင် ဦးမောင်မောင်က ပြောသည်။
ယင်းညီလာခံတွင် မဘသဗဟိုမှ ဦးစီးကျင်းပသော ဒုတိယအကြိမ် စာမူပြိုင်ပွဲကို နိုင်ငံ့ခေါင်းဆောင်နှင့် အမျိုးသားရေး စိတ်ဓာတ်ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး အထူးဆုအဖြစ် ဦးသန်းထွန်း(မော်လမြိုင်)၊ ဦးလွန်းဆွေ တို့ရရှိ ကြပြီး တတိယဆုကို မင်းဗေဒါ(ပွင့်ဖြူ)တို့က ရရှိခဲ့သော်လည်း ပထမဆု၊ ဒုတိယဆုတို့မှာ သတ်မှတ်စံနှုန်း မမှီသောကြောင့် ပေးအပ်နိုင်ခြင်းမရှိပေ။
သူရိန်ကျော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment