ရန်ကုန်၊ ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ရှိ ရေပူကျောင်းဆရာတော် ဦးဣန္ဒကအား ရှေးဟောင်း သာသနာ့ နယ်မြေအတွင်း မြေတူးခြင်းနှင့် ပတ်သက်၍ သာသနာရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးဌာနနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက ဇွန်လ ၉ ရက်က ၀င်ရောက် ဖမ်းဆီးရာ၌ မိုးကုတ်မြို့နယ် ရဲစခန်းက နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ဆန်းလွင်က ခြောက်လုံးပြူး သေနတ်ဖြင့်ချိန်ကာ ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးချိန်တွင် ဆရာတော်အနီး၌ ရှိသူ မိုးကုတ်မြို့၊ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှ အထွေထွေ အတွင်းရေးမှူး ဦးစိုးဌေးက ဇွန်လ ၁၆ ရက်တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရေပူကျောင်း ဆရာတော်အား အာဏာပိုင်များက လူဝတ်လဲကာ စေတီများ ဖြိုဖျက်မှုဖြင့် ပြစ်မှုနံပါတ် ၆၄/ ၂၀၁၅၊ သာသနာရေးဆိုင်ရာ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့်လည်းကောင်း၊ မြေစာများ အား ရေပိုက်များဖြင့် ထိုးပက်မှုကို ပြစ်မှုနံပါတ် ၆၃/၂၀၁၅၊ မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က)(ခ) အရ အမှုဖွင့်ကာ မိုးကုတ်မြို့နယ် အချုပ်တွင် ထိန်းသိမ်းထားသည်။
““ ၈ နာရီခွဲလောက်မှာ ကျွန်တော်က ဆရာတော်နဲ့ အတူတူရှိနေတယ်။ ဆရာတော့်နားမှာလည်း ဒကာ ၂ ယောက်၊ ၃ ယောက်ရှိနေတယ်။ အဲဒီအချိန်မှာ ဒုရဲအုပ်ဆန်းလွင်က ၆ လုံးပြူး သေနတ်ကို ထိုးချိန်ပြီးတော့ ကျောင်းပေါ် တက်လာတယ်။ တက်လာရုံတင်မဟုတ်ဘူး အခန်းတွေထဲကို ၆ လုံးပြူးနဲ့ လိုက်ချိန်ပြီးတော့မှ သူ့နောက်မှာ မြို့နယ်မှူးနဲ့ မြို့မရဲစခန်းမှူး ပါလာတယ်။ ဘယ်လိုလဲ ကျွန်တော်က မေးတော့ ဆရာတော်ဆီ လာတာပါတဲ့။ လာတယ်ဆိုလည်း ခင်ဗျားတို့က မိုက်ရိုင်းလွန်းတယ်လို့၊ ဒါ ဗုဒ္ဓဘာသာ ဆရာတော်ကျောင်း ပေါ်မှာ သာသနာတော်ကို စော်ကားလွန်းတဲ့ပုံစံ မိုက်ရိုင်းလွန်းတယ် ထင်တယ်လို့ ကျွန်တော်က ပြောတယ်”” ဟု ရေပူကျောင်းဆရာတော် ဦးဣန္ဒက ဖမ်းဆီးခံရစဉ်က အတူရှိနေသူ ဦးစိုးဌေးက ပြောသည်။
အဆိုပါလုပ်ရပ် အပါအ၀င် ဆရာတော်အား မတရားဖမ်းဆီး ချုပ်နှောင်ထားမှုအပေါ် ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် တရားမျှတမှုမဲ့စွာ သာသနာတော်အား စော်ကားမှုပြုလုပ်ခဲ့သော လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း မိုးကုတ်မြို့နယ်ရှိ အရပ်ဘက် လူ့အဖွဲ့အစည်းများက တောင်းဆိုလျက်ရှိသည်။
““သေနတ်ကို ကျွန်တော် ကိုင်ထားတာပဲရှိတာ မချိန်ပါဘူး။ သေနတ်ကို ခါးမှာချိတ်ထားတာ။ မချိန်ပါဘူး။ ကျွန်တော်က မြို့နယ်မှူး ခေါ်သွားလို့ ပါသွားတာလေ။ ခါးမှာပဲချိတ်ထားတာ၊ သူပြောသလို သေနတ်နဲ့တော့ မချိန်ပါဘူး””ဟု သေနတ်ဖြင့် ချိန်ရွယ်ကာ ဖမ်းဆီးခဲ့သည်ဟု ပြောဆိုခံရသူ မိုးကုတ်မြို့နယ် ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဆန်းလွင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ရေပူဆရာတော်အား ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ သံဃာတော်များ အနေဖြင့် မိမိ ပိုင်ဆိုင် ထိန်းသိမ်း စောင့်ရှောက်ထားသော သာသနိက ကျောင်းဝိုင်းမြေအတွင်း၌ လုပ်ပိုင်ခွင့် အပြည့်အ၀ရှိသည့် အတွက် ရေပူဆရာတော်အရှင် ဣန္ဒကအားခြွင်းချက်မရှိ ကွင်းလုံးကျွတ် လွှတ်ပေးရန် မန္တလေးမြို့၊ အတုလကာရီ ဆင်မင်းကျောင်းတိုက်မှ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ဆရာတော် ဘဒ္ဒန္တ သြဘာသာဘိဝံသက မန္တလေး တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်ထံသို့ ဇွန်လ ၁၅ ရက်က မေတ္တာရပ်ခံစာ ပေးပို့ထားသည်။
ထို့ပြင် ရေပူဆရာတော် ဦးဣန္ဒကအား လူဝတ်လဲ ဖမ်းဆီးချုပ်နှောင် ခံထားရာမှ ပြန်လည် လွတ်မြောက်ရန် ဒေသခံပြည်သူ အင်အားတစ်သောင်းကျော်က ဆန္ဒထုတ်ဖော် တောင်းဆိုသွားရန် စီစဉ်နေကြောင်း ဦးစိုးဌေးက မြန်မာသံတော်ဆင့်သို့ ပြောဆိုထားသည်။
ဆရာတော်ဦးဣန္ဒကသည် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး သက်တော် ၄၅ နှစ်၊ ၀ါတော် ၂၅ ၀ါရှိကာ ဆရာတော်မှာ မိုးကုတ်မြို့ရှိ အစိုးရနှင့်နီးစပ်သော ကျောက်မျက် လုပ်ငန်းရှင်များ သိမ်းထားသည့် မိုးကုတ်အင်းအား အများပြည်သူ အကျိုးအလို့ငှာ ပြန်လည်ရရှိအောင် ဦးဆောင်လုပ်ကိုင် ခဲ့မှုကြောင့် အာဏာပိုင်များ၏ စောင့်ကြည့်ခြင်းကို ခံနေရသူလည်းဖြစ်သည်။
ဝိုင်းမော်၊ အောင်ကိုဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment