Thursday, June 18, 2015

သမ္မတနှင့် ဝန်ကြီးများ ပါတီစည်းရုံးရေး လုပ်ခွင့်ပေးထားသည့် အစိုးရအဖွဲ့ ဥပဒေများကို ပြင်ဆင်ရန် လွှတ်တော် ဥက္ကဋ္ဌက တာဝန်ပေး

Written by  စိုးသန်းလင်း 

နေပြည်တော် (မဇ္ဈိမ)။ ။ သမ္မတ အပါအဝင် အစိုးရဝန်ထမ်းတို့အား ပါတီစည်းရုံးရေး လုပ်ငန်းများ
 ဆောင်ရွက်ခွင့်ပေးထားသည့်  ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ခုနစ်ခုကို ပြန်လည်ပြင်ဆင်ရေးအတွက် သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီများက ဆောင်ရွက်ကြရန် သူရဦးရွှေမန်းက ဇွန် ၁၇ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တာဝန်ပေးခဲ့သည်။

Thura-Shwe-Mann-3


“ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့ ဥပဒေများကို ပြင်ဆင်ဖို့ ဆောင်ရွက်တဲ့ နေရာများမှာ ဥပဒေပြုလွှတ်တော်များနဲ့ သက်ဆိုင်တဲ့အတွက် သက်ဆိုင်ရာ ကော်မတီများနဲ့ သက်ဆိုင်ရာ ဥပဒေ များပြုတဲ့ ဥပဒေများ ပြင်ဆင်နိုင်တဲ့ အဖွဲ့အစည်းများက ဆက်လက်ဆောင်ရွက်သွားဖို့ လိုပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကွဲလွဲနေသည့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ခုနစ်ခုနှင့် ပတ်သက်ပြီးမည်သို့ စီစဉ်ဆောင်ရွက်
ပေးမည်နည်းဟု ရွှေပြည်သာမြို့နယ်အမတ် ဦးတင်မောင်ဦးက ပြည်သူ့လွှတ်တော်မှ တစ်ဆင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း
ကော်မတီ၊ ပြည်သူ့လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်နှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးတို့သို့ မေးခွန်းထုတ်ခဲ့သည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ မှာ - နိုင်ငံတော် သမ္မတ၊ သို့မဟုတ် ဒုတိယ သမ္မတများသည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော် သမ္မတ၊ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်းများ၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ” ဟုလည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၃၂ (ဋ)မှာ ပြည်ထောင်စု ဝန်ကြီးသည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင် ဖြစ်လျှင် ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရသည့် နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့ အစည်းများ၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ” ဟု လည်းကောင်း ပြဋ္ဌာန်းထားပါတယ်။ သို့သော် ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ဥပဒေပါ ပုဒ်မ ၇ (ခ) နဲ့ ၁၇ (ဃ) တို့ ကျတော့ ပါတီစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုထားတာ တွေ့ရပါတယ်” ဟု အစိုးရအဖွဲ့ ဥပဒေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ ကွဲလွဲချက်များကို ၎င်းက ရှင်းလင်း တင်ပြခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် နေပြည်တော် ကောင်စီဝင်များအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၈၅ (ဆ)၊ တရားသူကြီးချုပ်နှင့် တရားသူကြီးများအတွက် ပုဒ်မ ၃၀၀(က)၊ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်တို့အတွက် ပုဒ်မ ၃၃၃ (င)၊ ပြည်ထောင်စု ရှေ့နေချုပ်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၇ (ဇ)၊ ပြည်ထောင်စု စာရင်းစစ်ချုပ်အတွက် ပုဒ်မ ၂၄၂(ဆ)၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင်များအတွက် ပုဒ်မ ၂၄၆ (ခ)/၆ တို့တွင် ပါတီစည်းရုံးရေး လုပ်ဆောင်ခွင့် မပေးထားသော်လည်း သက်ဆိုင်ရာ အစိုးရအဖွဲ့ ဥပဒေများတွင် ဆောင်ရွက်ခွင့်ပြု ထားသည်ကို မည်သို့ ဖြေရှင်းပေးမည်နည်းနှင့်၊ ယခုကဲ့သို့ ၂၀၁၅ ရွေးကောက်ပွဲကြီး နီးလာသည်နှင့်အမျှ ပါတီစည်းရုံးရေး လုပ်ငန်းများကို ပါတီဝင်တွေ မလွဲမသွေ ဆောင်ရွက်ကြရတော့မည့် အချိန်မျိုးတွင် ကွဲလွဲနေသော ဥပဒေများကို အကာအကွယ်ယူပြီး ဆောင်ရွက်လာနိုင်သောကြောင့် ထိုသို့ဆောင်ရွက်မှုသည် အခြေခံဥပဒေနှင့် ညီ/မညီ ခုံရုံးက ဖြေကြားပေးရန်လည်း ဦးတင်မောင်ဦးက မေးမြန်းခဲ့ပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် မဖြစ်မနေ အဖြေရှာ ဆောင်ရွက်သင့်ကြောင်းလည်း ၎င်းက ထောက်ပြသည်။

Credit - Mizzima News

No comments:

Post a Comment