Saturday, June 20, 2015

မဲဆန္ဒရှင်စာရင်း ကြည့်ရှုရန် မြင်းခြံခရိုင်အတွင်း လူမှုအဖွဲ့အစည်းက လိုက်လံလှုံ့ဆော်

ရန်ကုန်၊ ဇွန် ၁၅

၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင် စာရင်းများကို ကြေညာထားရာတွင် ပြည်သူများ စိတ်ဝင်စားမှု လျော့နည်း နေသောကြောင့် မဲစာရင်းကြည့်ရှုရန်နှင့် မှားယွင်းမှုများရှိပါက သွားရောက် တောင်းဆို ရမည့် အကြောင်းကို မြင်းခြံခရိုင်အတွင်း ၆ ရက်တာ လှည့်လည် လှုံ့ဆော်သွားမည် ဖြစ်ကြောင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအသင်း(H.R.D)၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒေါ်ရီရီထွန်းက ဇွန် ၁၅ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

အခြေခံ မဲဆန္ဒရှင်များစာရင်း ကြေညာရာတွင် အမည်မှားယွင်းမှုများ၊ သေဆုံးသူ အမည်များ ပါဝင်ခြင်း၊ ရွှေ့ပြောင်း သွားသူများ ပါဝင်နေသော်လည်း ရပ်ကွက်နေ ပြည်သူများက သွားရောက် ကြည့်ရှုမှု မရှိခြင်း တို့ကြောင့် ယခုကဲ့သို့ လိုက်လံ လှုံ့ဆော်ခြင်းဖြစ်သည်။

““အခုချိန်မှာ ပြည်သူတွေက မဲစာရင်းကြည့်ဖို့ နည်းပါးတယ်။ ကျွန်မတို့က ရပ်ကွက် တစ်ခုပြီးတစ်ခုဆင်းပြီး လှုံ့ဆော်ပေးတာပါ။ မဲစာရင်းမှာက နာမည်မှားတာတွေ၊ သေဆုံးတဲ့သူ ပါတာတွေ၊ ရွှေ့ပြောင်းတဲ့သူတွေ ပါနေတာတွေကို ပြည်သူတွေသိအောင် လိုက်ပြီးလှုံ့ဆော်ပေးတာ ပါ။ မြင်းခြံမြို့နယ် ၃ မြို့နယ်ကို မနက်ပိုင်းနဲ့ ညပိုင်းတွေအထိ လိုက်ပြီးလှုံ့ဆော်မှာပါ။ မဲစာရင်း မကြည့်နိုင်တဲ့ သူတွေအတွက် မဲစာရင်းကို ပြုစုပေးမှာ မဟုတ်ဘူး။ ကျွန်မတို့ ရပ်ကွက်ထဲက လူတွေက စိတ်ဝင်စားမှုနည်းတော့ ဒါကိုစိတ်ဝင်စားလာအောင် လှုံ့ဆော် တဲ့ သဘောပါ”” H.R.D သတင်း ပြန်ကြားရေး တာဝန်ခံ မရီရီထွန်းက ပြောသည်။

H.R.D အဖွဲ့မှနေ၍ မဲစာရင်း ကြည့်ရှုရန် အဖွဲ့ဝင် ၅ ယောက်ဖြင့် မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာ မြို့နယ်တွင် ဇွန်လ ၁၅ရက်မှ ၂၁ ရက်ထိ ၆ ရက်တာအတွင်း မဲစာရင်း ကြည့်ရှုရန်အတွက် လိုက်လံ နှိုးဆော်သွားမည် ဖြစ်သည်။

““ရပ်၊ ကျေးကော်မတီကို မဲစာရင်း အမည်မှားတာတွေ၊ မပါတာတွေ လျှောက်တဲ့ ပုံစံစာရွက်တွေကို ဖြန့်ပေး ထားပါတယ်။ မလောက်ရင် မိတ္တူဆွဲ ကူးပေးဖို့လို့ ပြောထားတယ်။ ကျွန်တော်တို့က တစ်ရပ်ကွက်ကို စာရွက် ၂၀ လောက်မှန်းထားပေမယ့် အခုက ၅၀-၆၀ လောက် ဖြစ်သွားတော့ ပုံစံစာရွက် မလောက်တာတွေ ဖြစ်သွား တာပါ။ မဲစာရင်းမှာက လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။ အခုကတော့ အခြေခံ မဲစာရင်းက အမှားတွေကို ပြင်ဆင်ပြီး ဒုတိယအကြိမ် ကြေညာပေးဦးမှာပါ။ အဲဒီအချိန်မှာလည်း လာရောက်ပြီး ပြင်လို့ရ ပါသေးတယ်။ ရွေးကောက်ပွဲရက် အတည်ပြုပြီးရင်တော့ မဲစာရင်းကို အတည်ပြုမှာပါ။ အခုအချိန်မှာတော့ လိုအပ်တာတွေ ပြင်ဆင်ချင်တာတွေ မှားနေတာတွေကို အမြန်ဆုံး ပြေလည်အောင် ဆောင်ရွက်ပေးနေ ပါတယ်””ဟု မြင်းခြံခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်က ပြောသည်။

တတိယအကြိမ်မြောက် အခြေခံမဲဆန္ဒရှင် စာရင်းများကို ဆန္ဒရှင်စာရင်းများကို မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မန္တလေးခရိုင်၊ မြင်းခြံခရိုင် အပါအ၀င် ၄ ခရိုင်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယာပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ဇွန် ၈ ရက်မှ ၂၁ ရက်နေ့ထိ ကြေညာ ထားမည် ဖြစ်သည်။

မဲစာရင်းများတွင် မိမိအမည် မပါဝင်ပါက ပုံစံ ၃ ဖြင့် လျှောက် ထားရမည်ဖြစ်ပြီး၊ အချက်လက် မှားယွင်းပါက ပုံစံ ၄-ဂ ဖြင့် လျှောက် ထားနိုင်ပြီး မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ ၇ ဖြင့် ကန့်ကွက်နိုင်သည်။

သူရိန်ကျော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 

No comments:

Post a Comment