အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် ဖမ်းဆီးခံ ကျောင်းသားများ၏ ၆ ကြိမ်မြောက် ရုံးချိန်းတွင် သာယာဝတီမြို့နယ် တရားရုံး၌ စစ်ဆေးခဲ့ရာ ကျောင်း သားများ၏ အမှုတွဲမှာ သာယာဝတီခရိုင် တရားရုံး သို့ ရောက်ရှိနေသည့်အတွက် အမှုမစစ်ဆေးဖြစ်ဘဲ ရုံးချိန်းသာ ချိန်းဆိုခဲ့ကြောင်း ကျောင်းသားများဘက်မှ အမှုလိုက်ပါ ဆောင်ရွက်နေသော တရားလွှတ်တော်ရှေ့ နေ ဦးအောင်သိန်းက ဇွန် ၁၆ တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။
အဝေးသင် တက်ရောက်နေသော ကျောင်းသား(၁၃)ဦးက ပြီးခဲ့သည့် ၅ ကြိမ်မြောက် ရုံးချိန်းတွင် အာမခံ လျှောက်ထားမှုကို ပုဒ်မ ၅၀၅(ခ) ပါသည်ဟုဆိုကာ သာယာဝတီမြို့နယ် တရားရုံးက ပယ်ချခဲ့သည့်အတွက် ခရိုင်တရားရုံးသို့ လျှောက်ထားခဲ့ရာ ခရိုင်တရားရုံးက အမှုတွဲများပါ တောင်းယူထားသောကြောင့် ၆ ကြိမ်မြောက် ရုံးချိန်းတွင် အမှုမစစ်ဆေးနိုင်ဘဲ ရုံးချိန်းသာ ထပ်မံချိန်းဆို လိုက်ခြင်းဖြစ်သည်။
““ကျွန်တော်တို့ အာမခံလျှောက်တာကို အောက်ရုံးက ပယ်ချတဲ့အတွက် ခရိုင်ကို တက်တယ်။ ခရိုင်က အမှုကို လက်ခံလိုက်တော့ အမှုတွဲကို တောင်းသွားတဲ့အတွက် မြို့နယ်မှာ အမှုတွဲမရှိဘူး။ အမှုတွဲမရှိတော့ စစ်လို့မရဘူး။ ခရိုင်ရုံးမှာ လျှောက်လဲချက်ပေး အမိန့်ချပြီး အမှုတွဲအောက်ပြန်ရမှ အမှုက စစ်ဖြစ်မှာ။ အနည်းဆုံး ၂ပတ်၊ ၄ ပတ် လောက်ကြာမယ်။ ဆေးရုံတက်နေတဲ့ ၂ ယောက်မှာ တစ်ယောက်က စာရွက်တွေ မပြည့်စုံလို့ အာမခံ ပြန်လျှောက်ရဦးမယ်။ ရုံးချိန်းကို ၂ ပတ်လောက် ချိန်းလိုက်တယ်။ အဲဒီကျရင် အာမခံလျှောက်တာ ရမရသိရမယ်”” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။
ဇွန် ၁၆ ရက် ရုံးထုတ်ချိန်တွင် ၂၀၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ရရှိခဲ့သော ကျောင်းသူ မဖြိုးဖြိုးအောင် အား ၎င်း၏ဖခင် ဒေါက်တာနေ၀င်းက ရရှိခဲ့သောဆုကို သွားရောက် ပေးအပ်ခဲ့သည်။
မဖြိုးဖြိုးအောင်အား ပြည်သူ့ဂုဏ်ရည်ဆု သွားရောက်ပြသခဲ့မှုနှင့် ပတ်သက်၍ ““ဒီနေ့ သမီးရတဲ့ ပြည်သူ့ ဂုဏ်ရည်ဆုကို သွားပြီးပြ တာပေါ့နော်။ ပေးထားလို့ မဖြစ်လို့၊ ပြန်တော့ ယူလာခဲ့တယ်။ သမီးကိုလည်း ဒီဆုက အများအကျိုးဆောင်တဲ့သူ၊ ကိုယ်ကျိုးစွန့်ပြီး လုပ်ဆောင်တဲ့ သူတွေကို ပေးတာဖြစ်လို့ ဒီဆုက ကျောင်းသားတွေ အားလုံးရဲ့ ဂုဏ်သိက္ခာတွေ ဖြစ်တဲ့အတွက်ကြောင့် အားမလျှော့ဖို့ ပြောခဲ့ ပါသေးတယ်””ဟု မဖြိုးဖြိုးအောင်၏ ဖခင် ဒေါက်တာနေ၀င်းက ပြောသည်။
ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို ဇွန်လ ၁၄ ရက်က ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မဖြိုးဖြိုးအောင်မှာ သာယာဝတီ အကျဉ်း ထောင်၌ ထိန်းသိမ်းခံထားရ မှုကြောင့် ၎င်းကိုယ်စား ဖခင်ဒေါက်တာနေ၀င်းက ဆုလက်ခံရယူခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံကျောင်းသားများနှင့် ၀န်းရံပြည်သူများ၏ ၇ ကြိမ်မြောက် ရုံးချိန်းကို ဇွန်လ ၃၀ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့သည်။
အကျဉ်းကျခံနေရသည့် ကျောင်းသားများထဲမှ အချို့မှာ အကျဉ်းထောင်အတွင်း ဖျားနာခြင်း၊ မူးလဲခြင်းစသည့် ကျန်းမာရေး ချို့ယွင်းမှုများ ကြုံတွေ့နေရကြောင်း ဇွန် ၁၁ ရက်တွင် ထောင်ဝင်စာ သွားရောက် တွေ့ဆုံသော ကျောင်းသား မိဘများက မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဇွန် ၁၁ ရက် သာယာဝတီ အကျဉ်းထောင်သို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံရာတွင် ကျောင်းသားများ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ ““ကျောင်းသူ မခိုင်မာငြိမ်းက ထမင်းစားပြီး အန်တာပါ။ အရိုက်ခံရတဲ့ ဒဏ်ကြောင့် အာရုံကြော ထိသွားတာလို့ ပြော တယ်။ ဖြစ်တာက ၂ ပတ်ကျော်ပြီ။ ဆေးကုပေးပေမယ့် မသက်သာဘူး။ ခဏခဏ ပြန်ဖြစ်နေတယ်””ဟု မဖြိုးဖြိုးအောင်၏ ဖခင်ဒေါက်တာနေ၀င်းက ပြောသည်။
ဇွန် ၂ ရက်က ရုံးထုတ်စစ်ဆေးချိန်တွင် ၀န်းရံပြည်သူ တစ်ဦးဖြစ်သူ ဦးတင်ဝင်းမှာ လည်ပင်းအရွတ် ပြတ်ထွက် သွားသောကြောင့် တင်ပါးဆုံရိုးမှ အရွတ်ဖြင့် အစားထိုး ကုသခဲ့ရပြီး ဇွန် ၉ ရက်ကလည်း ၀န်းရံသူတစ်ဦး ဖြစ်သော ကိုခင်လှိုင်မှာ မူးလဲပြီး ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေ ရသည်။
ဇွန် ၁၁ ရက်၌လည်း ကျောင်းသူ မခိုင်မာငြိမ်းမှာ ထောင်အတွင်း၌ မူးလဲကာ အော့အန်မှုဖြစ်ခဲ့ပြီး၊ ထောင် အတွင်းရှိ ကျောင်းသားများအနက် ကိုမျိုးသက်ပိုင်၊ ကိုထိန်လင်းအောင်၊ ကိုသော်ဇင်တို့မှာလည်း ကျန်းမာရေး ချို့ယွင်းမှုများ၊ ဖျားနာမှုများ ဖြစ်ပေါ်လျက်ရှိသည်။
““အခုကထောင်ထဲမှာ ကလေးတွေက ဖျားနေတာတွေရှိတယ်။ ဆေးကုပေးပေမယ့် ခဏခဏ ပြန်ဖြစ်နေ ကြတယ်။ အန်တီ့သားကတော့ ကျန်းမာရေးက ဘာမှမဖြစ်ပါဘူး။ ကလေး ၂ ယောက်လောက် ကတော့ သိပ်မကောင်းသေးဘူး””ဟု ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်၏မိခင် ဒေါ်ခင်ခင်ယု က ပြောသည်။
လက်ရှိ သာယာဝတီ အကျဉ်းထောင်၌ ဖမ်းဆီး ထိန်းသိမ်းခံထားရသော ကျောင်းသား ကျောင်းသူများ ကျန်းမာရေး ချို့ယွင်းမှုများ ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်(ဗကသ)က ဇွန်(၁၁) ရက်တွင် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် လက်ပံတန်း အကြမ်းဖက်မှုကြောင့် ရိုက်နှက် ဖမ်းဆီးခံရသော ကျောင်းသား ကျောင်းသူ များနှင့် ၀န်းရံပြည်သူများ ကျန်းမာရေး ချို့ယွင်းမှု အခြေအနေများကို ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသခွင့်ကို ဆောင်ရွက်ပေးရန် ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက် ဖမ်းဆီးမှုကြောင့် ရရှိသော ဒဏ်ရာများနှင့် လိုအပ်သော ဆေးဝါးကုသမှု မပေးခြင်း၏ နောက်ဆက်တွဲ အကျိုးရလဒ်မှာ တည်ဆဲ အစိုးရ၏ တာဝန်သာ ဖြစ်ကြောင်းကို အသိပေးလိုက်ကြောင်း အပါအ၀င် အချက် ၄ ချက်ကို ထုတ်ပြန်လိုက်သည်။
သူရိန်ကျော်
- ကျောင်းသားများ၏ ၆ ကြိမ်မြောက်ရုံးချိန်းတွင် ပြည်သူ့ဂုဏ်ရည်ဆုနှင့် အတူ တွေ့ရသည့် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


No comments:
Post a Comment