Thursday, June 18, 2015

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အလွန် မြန်မာ-တရုတ်ဆက်ဆံရေး

ဓာတ်ပုံ - ရိုက်တာ
မန်မာ-တရုတ်နယ်စပ်တွင် တရုတ်နိုင်ငံ၏စစ်ရေးလေ့ကျင့်နေမှု ၁၄ ရက်တိုင်ကြာမြင့်လာချိန်တွင် တရုတ်ဘက်မှ  အသံထွက်လာသည်။ ယခုလေ့ကျင့်မှုသည်  မြန်မာနိုင်ငံသာမက နိုင်ငံတကာကို အချက်ပေး သတင်းစကားပို့ခြင်းဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီအာဘော် ဂလိုဘယ်တိုင်းမ်စ်က ဆိုလိုက်ခြင်းပင်။  ပုံမှန်လေ့ကျင့်မှုသာဖြစ်ပါသည်ဟု မူလကပြောကြားခဲ့ပြီး ယခုမှ
ဤကဲ့သို့ဆိုလာခြင်းလည်းဖြစ်သည်။ နောက်ထပ် သတိမူစရာကောင်းသည်က တရုတ်နိုင်ငံသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် ၎င်း၏ စစ်ရေးမဟာဗျူဟာဆိုင်ရာ စက္ကူဖြူကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ယခု စစ်ရေးလှုပ်ရှားမှုကို ပထမဆုံးပြုလုပ်ခြင်းဖြစ်သည်။


‘‘လေ့ကျင့်မှုက အာရှတိုက်တစ်တိုက်လုံးကို သတင်းစကား ပို့လွှတ်တာပဲ’’ဟု တရုတ်နိုင်ငံအစိုးရပိုင် သတင်းဌာနက ခေါင်းစဉ်ဖော်ပြလာသည်။

တရုတ်နိုင်ငံအနားသတ်နယ်စပ်ဒေသရှိအခြေအနေသည် အမေရိကန်၏ အာရှမဟာဗျူဟာဝင်ရိုးစွန်းအလှည့်ကို စတင်မှု ၊ ဂျပန်၏ လွတ်လပ်ကြွယ်ဝခြင်းလျှပ်ကူးမှုတို့ကြောင့် တိုး၍တိုး၍ ခက်ခဲရှုပ်ထွေးလာနေပြီဟု တရုတ်ကမြင်လာကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ မြန်မာအပါအဝင် အရှေ့တောင်အာရှ၏ တည်ငြိမ်မှုသည် တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် နီးနီးစပ်စပ် ကွင်းဆက်ချိတ်လျက်ရှိသည်။

စစ်ရေး

‘‘One Belt, One Road’’အစီအစဉ်ဟုအမည်တွင်သော မဟာဗျူဟာမူဘောင်တစ်ရပ်ကို တရုတ်က စတင်ခဲ့ပြီးနောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အနေဖြင့် တရုတ်၏အမျိုးသားလုံခြုံရေး၊ ဆက်စပ်ဒေသများရှိ အကျိုးစီးပွားများကို ထိန်းသိမ်းရေးလိုအပ်သည်ဟု တရုတ်နို င်ငံရေးလေ့လာသူအချို့က ထုတ်ပြောလာသည်။

‘‘ဒီအခြေအနေတွေအောက်မှာတော့ နယ်စပ်တစ်လျှောက်စစ်ရေးလေ့ကျင့်မှုဟာ မြန်မာနိုင်ငံက အခြေအနေကိုတိုက်ရိုက်သက်ဆိုင်ရုံတင်မကဘဲ ပြောင်းလဲနေတဲ့အရှေ့တောင်အာရှဆီကို တရုတ်ရဲ့သဘောထားရပ်တည်ချက်ကို ပြသပုံလည်း ပေါက်တယ်’’ဟု  ယူနန်တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာန ပါမောက္ခ ပိုင်ရှိဟောင်က သုံးသပ်ခဲ့သည်။

စစ်ရေးမဟာဗျူဟာဆိုင်ရာ တရုတ်၏ပထမဆုံးစက္ကူဖြူစာတမ်းကို မေလ(၂၆)ရက်က  ထုတ်ပြန်ခဲ့ပြီး နိုင်ငံပေါင်း (၆၀)ခန့်မှ တရုတ်နှင့်နိုင်ငံခြားစစ်ရေးကျွမ်းကျင်သူပေါင်း ၈၀ ထက်မနည်းကို တရုတ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးရာရုံးက မိတ်ဆက်ခဲ့သည်။ ‘‘တရုတ်၏  စစ်ရေးမဟာဗျူဟာ’’ စက္ကူဖြူစာတမ်းကြေညာချက်၌ သမိုင်းဝင်ခေတ်ကာလသစ်အတွက် တရုတ်တပ်မတော်၏  ရည်မှန်းချက်များ၊ မဟာဗျူဟာမြောက်လုပ်ငန်းစဉ်များကိုအသေး စိတ်ရှင်းပြထားသည်ဟု တရုတ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးရာရုံးညွှန်ကြားရေးမှူး Guan Youfei ရှင်းလင်းခဲ့သည်။

ထိုကြေညာစာတမ်းကို ထုတ်ပြန်ပြီး ခြောက်ရက်မြောက်နေ့တွင် မြန်မာ-တရုတ်နယ်စပ်၌ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ ယင်းနောက် ကိုးကန့်တိုက်ပွဲများနှင့်စပ်လျဉ်းပြီး  အခြေအနေတင်းမာမှုရှိနေသောနယ်စပ်ဒေသတစ်လျှောက်တွင် စစ်လက်နက်ကိရိယာများလက်တွေ့အသုံးချ စစ်ရေးလေ့ကျင့်မှုကို ဇွန်လ၂ရက်မှစတင်ကာ ပြုလုပ်ခဲ့သည်။ ရက်ပေါင်းမည်မျှ လေ့ကျင့်မည်ကိုကြေညာခြင်းမရှိခဲ့ဘဲ ယခုထိ ဆက်လက်လေ့ကျင့်နေဆဲဖြစ်သည်။

‘‘PLA (တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်)ဟာ စစ်ရေးလေ့ကျင့်မှု ဆက်လုပ်နေတုန်းပဲ။ တရုတ်မီဒီယာတွေကလည်း သူတို့ရဲ့လေ့ကျင့်မှုကို မီးမောင်းထိုးပြနေကြတယ်။ ဘယ်တော့ပြီးမယ်မှန်းမသိဘဲ ဆက်လေ့ကျင့်နေတုန်းပါ’’ဟု နယ်စပ်ပြည်နယ် ယူနန်ရှိ အမည်မဖော်လိုသူဒေသခံသတင်းရင်းမြစ်က ပြောပြသည်။

နိုင်ငံရေး

စစ်ရေးလေ့ကျင့်မှုစတင်ပြီး ရှစ်ရက်အကြာတွင် မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် ပထမဆုံး  တရုတ်ပြည်ခရီးစဉ်ပေါ်ပေါက်လာခဲ့သည်။ ယင်းကိုလည်း တရုတ်၏ နောက်ထပ် အချက်ပေးသတင်းစကားတစ်ခုအဖြစ် သတ်မှတ်ကြပြန်သည်။ တရုတ်သည် ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ရှင်အဖြစ် ဧည့်ခံရုံမျှမက သမ္မတစီကျင်းပင်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် သံခင်းတမန်ခင်းကျင့်ဝတ်ကိုပင် မျက်နှာလွှဲခဲ့ကြောင်း ဘေဂျင်းမှလာသော အစီရင်ခံစာများက ဖော်ပြခဲ့သည်။ မြန်မာစစ်အာဏာရှင်အုပ်ချုပ်သူများက ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခဲ့ခြင်းအပေါ်ကိုပင် တရုတ်က အစောပိုင်းကာလများတွင် အကာအကွယ်ပေးထားခဲ့ဖူးသည်။ ထို့ကြောင့် ယခုခရီးစဉ်ကတရုတ်၏ရပ်တည်ချက် ဂငယ်ကွေ့ကွေ့လိုက်ကြောင်း အမှတ်အသားဖြစ်သည်ဟု သည်အီကိုနောမစ်က ထောက်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်ဖိတ်ခေါ်၍ တရုတ်သမ္မတ၊ ဝန်ကြီးချုပ်နှင့်တကွ နိုင်ငံ့အကြီးအကဲများက တွေ့ဆုံဆွေးနွေးခဲ့ခြင်းလည်း လောလောလတ်လတ်ပြုခဲ့သည်။ ယင်းမှာ မြန်မာ၏အာဏာအလှည့်အပြောင်းပြယုဂ်ကို တရုတ်ကဖော်ပြခြင်းဟုပင် အနောက်တိုင်း သတင်းဌာနအချို့က ဖော်ပြလာသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံရောက်သည့် ဇွန်လ၁၀ ၌ မြန်မာအစိုးရတပ်မတော်နှင့် ငါးလခန့်တိုက်ခိုက်လျက်ရှိသော ကိုးကန့်တိမ်းရှောင်အဖွဲ့က တစ်ဖက်သတ်စစ်ရပ်စဲကြောင်း ကြေညာခဲ့သည်။ ‘‘တရုတ်နိုင်ငံအစိုးရမှ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပြင်းပြသည့်တောင်းဆိုမှု၊ မြန်မာနိုင်ငံပြည်သူများ ဒီမိုကရေစီဖြစ်စဉ်နှင့် ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြင်းပြသည့် ဆန္ဒများကို တုံ့ပြန်ရန် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်စစ်ရေးကော်မတီမှတစ်ဖက်သတ်စစ်ရပ်စဲရန် ဆုံးဖြတ်ပြီး မိမိကိုယ်ကိုယ်ကာကွယ်သည့် အခွင့်အရေးကို ဆက်လက်ဆုပ်ကိုင်မည်ဖြစ်ကြောင်း’’ဟု ကြေညာချက်၌ ပါရှိသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ဖုန်ကြားရှင်ကို တရုတ်အစိုးရကဆက်သွယ်ပြီး တိုက်ပွဲရပ်စဲရန် တောင်းဆိုခဲ့ကြောင်း၊ ယင်းကဲ့သို့တောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ယန်ဟို့လန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ်ပြောကြားကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လာသည်။

‘‘သူတို့ရဲ့ရည်ရွယ်ချက်က ပထမ မြန်မာအစိုးရကို ကစားပြီးဖိအားပေးဖို့  ဒုတိယက တရုတ်-မြန်မာနိုင်ငံရေးဆက်ဆံမှုအပေါ် သူတို့ဘယ်လို ပါဝါအပျော့ကစားနိုင်၊ အလိမ္မာသုံးနိုင်သလဲဆိုတာ မြန်မာအစိုးရကို ပြချင်လို့။ တတိယကတော့ မြန်မာ့အရေးအပေါ် သူတို့ရဲ့အနာဂတ်လမ်းပြမြေပုံကို ပြချင်တာပဲ’’ဟု တရုတ်-မြန်မာနိုင်ငံရေး၊ စစ်ရေးလေ့လာသူက ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက ‘‘သေချာတာတစ်ခုကတော့ ဒီခရီးစဉ်ပြီးနောက်မှာဒေါ်အောင်ဆန်းစုကြည်အပေါ် တရုတ်ခေါင်းဆောင်တွေက အင်မတန်မှကို အထင်ကြီးသဘောကျကြတယ်’’ဟု  ဆိုသည်။

သို့သော် ကိုးကန့်တိုက်ပွဲများမှာ MNDAA တစ်ဖက်သတ်အပစ်အခတ်ရပ် ကြေညာပြီးနောက်တွင်လည်း ဖြစ်ပွားနေဆဲဖြစ်သည်။ ဇွန်လ ၁၁ရက်ကလည်း တရုတ်နိုင်ငံ  ယူနန်ပြည်နယ်တွင်းသို့ လက်နက်ကြီးကျည် ၆ လုံး ထပ်မံကျရောက်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များက  ဆို သည်။

ထိုဖြစ်ရပ်သည် သုံးလအတွင်း တရုတ်နိုင်ငံနယ်နိမိတ်တွင်းသို့ သုံးကြိမ်မြောက်ကျရောက်မှုဖြစ်သည်။ မတ်လတွင် တစ်ကြိမ် ၊ မေလတွင်တစ်ကြိမ် နယ်ကျော်ကျရောက်ခဲ့ဖူးသည်။မေလတွင် လက်နက်ကြီးကျရောက်ခဲ့သည်ဆိုခြင်းအပေါ် အစိုးရတပ်မတော်စစ်ကြောင်း၏ ပစ်ခတ်မှုမဟုတ်ကြောင်း တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြင်းဆိုခဲ့သည်။

တရုတ်အကျိုးစီးပွားများ

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ငါးရက်ကြာခရီးစဉ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ကော်မတီ အထွေထွေအတွင်းရေးမှူး လီကျိဟိန်နှင့် တွေ့ဆုံမှုလည်း ရှိခဲ့သည်။ မြန်မာ့နိုင်ငံရေးအခြေအနေမည်သို့ပင်ပြောင်းလဲစေကာမူ နှစ်နိုင်ငံဆက်ဆံရေးကို အပြောင်းအလဲမရှိ ရပ်တည်ချက်ထိန်းထားရန် မျှော်လင့်ကြောင်း သမ္မတစီကျင်းပင်က ဒေါ်အောင်ဆန်းစုကြည်အား ပြောခဲ့သည်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရန့် (CPPCC) ဒုတိယ ဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီဗဟို ကော်မတီ ပြည်ပဆက်သွယ်ရေး ဌာနဝန်ကြီးဝမ်ကျားရွေ့၊ တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီ၊ တရုတ်ပြည်သူ့ကွန်ဂရက် (လွှတ်တော်) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ အမျိုးသမီး သမဂ္ဂဥက္ကဋ္ဌ စိန်ယွဲ့ယွဲ့ ၊ တရုတ် ကွန်မြူနစ်ပါတီ၊ ရှန်ဟိုင်းမြို့ ကော်မတီအထွေထွေအတွင်းရေးမှူး ဟန်ကျိမ့်တို့နှင့်လည်း တွေ့ဆုံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်အကြောင်းတရုတ်အစိုးရ က အသေးစိတ်အချက်အလက်ကို ထုတ်ပြန်မှုမရှိသေးပေ။

‘‘ကျွန်တော်တို့ပါတီရဲ့မူဝါဒအရဆွေးနွေးမှုတွေကို ထုတ်ပြန်လေ့မရှိပါဘူး။ ဒီခရီးစဉ်က အောင်မြင်တဲ့ခရီးစဉ်တစ်ခုလို့ သုံးသပ်ပါတယ်’’ဟု တရုတ်ခရီးစဉ်တွင် အတူလိုက်ပါခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်ရေးရာပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောသည်။ အသေးစိတ်ကိုမူ မပြောပေ။

ခရီးစဉ်တွင် မြစ်ဆုံဆည်စီမံကိန်း၊ လက်ပံတောင်းတောင်စီမံကိန်း ၊ ကျောက်ဖြူ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းအစရှိသည်တို့နှင့်ပတ်သက်၍ မည်ကဲ့သို့ဆွေးနွေးကြမည်လဲ၊ မည်သည့်နောက်ဆက်တွဲများဖြစ်ပေါ်မည်လဲ ဆိုသည်မှာ ပြည်သူများ အများဆုံးစောင့်ကြည့် သိလိုခဲ့သော အရေးကိစ္စများပင် ဖြစ်သည်။

‘‘သူ့ခရီးစဉ်အပေါ် တိတိကျကျ အသေးစိတ်ရလဒ် ကျွန်တော် မသိရသေးဘူး။ ဒါပေမဲ့ တရုတ်အစိုးရဟာ သူနဲ့ ဘယ်စီမံကိန်းအကြောင်းမှ မဆွေးနွေးခဲ့ဘူးဆိုတာတော့ ကျွန်တော်သေချာသိတယ်’’ဟု နှစ်နိုင်ငံ နိုင်ငံရေးလေ့လာသူ၊ ကွန်မြူနစ်ပါတီသမိုင်းကြောင်း ကျွမ်းကျင်သူ ဦးအောင်ကျော်ဇောက ပြောကြားသည်။

ယခုခရီးစဉ်မှာ အနောက်ဘက်နှင့် တံခါးပွင့်လာသော မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းကြောင့် တရုတ်နှင့်မြန်မာကြား  လေစိမ်းတိုက်လာသည့် ဆက်ဆံရေးကို တရုတ်က နည်းဗျူဟာသစ် သုံးလိုက်ခြင်းဟု အထင်အရှားသုံးသပ်ကြပြန်သည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် မဲအများစု အနိုင်ရရန် သေချာနေ၍ ၎င်းနှင့်ကောင်းမွန်သောဆက်ဆံရေးကို တရုတ်ကွန်မြူနစ်ပါတီ (CPC) က အချိန်မီ တည်ဆောက်လိုက်ခြင်းဟုလည်း လေ့လာသူများက သုံးသပ်ကြသည်။


Credit - 7DAY DAILY

No comments:

Post a Comment