၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ၀င်ရောက်မည့် ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်သည် မာန်အောင်မြို့နယ် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခြင်းမှာ ပါတီ၏မူဝါဒနှင့် ကိုက်ညီနေမှု မရှိသည့်အတွက် ကန့်ကွက်ဆန္ဒပြမှု တစ်ရပ်ကို ဇွန် ၁၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ကန့်ကွက် ဆန္ဒပြရာတွင် ဦးဆောင်သူ တစ်ဦး ဖြစ်သည့် ရခိုင်အမျိုးသားပါတီမှ မာန်အောင်မြို့နယ် မြို့နယ်ကော်မတီဝင် ဦးတင်ရွှေက ဇွန် ၁၇ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။
မာန်အောင်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်အတွက် ပါတီတွင်း ကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးမောင်နှင့် ဦးတင်ရွှေတို့ မဲစနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ရာတွင် ဒေသခံမဟုတ်သူ ဒေါက်တာအေးမောင် အနိုင်ရသွားခဲ့ရာ ၎င်း၏ ယှဉ်ပြိုင်မှုကို ပါတီ၏မူဝါဒနှင့် ကိုက်ညီမှုမရှိဘဲ ၀င်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သောကြောင့် မြို့ခံလူထုအင်အား ၁၀၀ ခန့်က ကန့်ကွက် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
““ဒေါက်တာအေးမောင်ကို မာန်အောင်မြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိစ္စကို ဆန္ဒပြတာပါ။ အဓိကက ပါတီမှာ ချထားတဲ့မူဝါဒက ဒေသခံကို ဦးစားပေးဖို့ မူချထားတယ်။ ဒေသခံတွေ ယှဉ်ပြိုင်မယ့်သူမရှိမှ အခြားလူ ၀င်ပြိုင်ရမယ့် မူရှိတယ်။ အခုက အမှတ်၂ မှာလာဝင်တယ်။ ဒေသခံကလည်း အလိုမရှိဘဲ။ ပါတီရဲ့မူအတိုင်းပဲ သွားချင်တယ်။ ပါတီတွင်း ရွေးကောက်ပွဲ လုပ်တာလည်း ပွင့်လင်းမြင်သာမှု မရှိတာကြောင့် ကန့်ကွက်ထား တယ်။ ပွင့်လင်းမှုလည်းမရှိဘူး။ ဒေသခံတွေကလည်း မကျေနပ်လို့ အားလုံး ကန့်ကွက်တာပါ။ ဘယ်သူ လာပြိုင်ပြိုင် ဒေသခံမဟုတ်ရင် ကန့်ကွက်သွားမှာပါ””ဟု ကန့်ကွက် ဆန္ဒပြသူ ဦးတင်ရွှေက ပြောသည်။
ဒေါက်တာအေးမောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တွေ မြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇွန်လ ၉ ရက်တွင် ပါတီ၏ ဆုံးဖြတ်ချက်အရ မာန်အောင်မြို့နယ် ကိုယ်စားပြု အဖြစ် ရွေးကောက်ပွဲ ၀င်ရန်အတွက် ယခုကဲ့သို့ ပါတီတွင်း ကိုယ်စားလှယ်လောင်း ရွေးချယ် ခံခဲ့ခြင်းဖြစ်သည်။
ဒေါက်တာအေးမောင်နှင့် ဦးတင်ရွှေကို မာန်အောင်မြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ရန် မဲခွဲရာတွင် မြို့နယ် ကော်မတီဝင် ၂၅ ဦးတွင် ၂၀ ဦး အစည်းအဝေး တက်ရောက်ခဲ့ပြီး ၁၇ ဦးက ထောက်ခံ၍ ၃ ဦးသာ ကန့်ကွက် ခဲ့ပြီး ဒေသခံ ၅၁ ဦး မဲပေးရာတွင်လည်း ဒေါက်တာအေးမောင်မှာ ၄၅ မဲ၊ ဦးတင်ရွှေ ၄ မဲနှင့် ပယ်မဲ ၂ မဲ ဖြစ်သည့်အတွက် ဒေါက်တာအေးမောင်အား အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။
““ဒေါက်တာအေးမောင်ကို ကန့်ကွက် ဆန္ဒပြမယ်ဆိုပြီး ပါတီနာမည်နဲ့ ရဲစခန်းမှာ လျှောက်ကတည်းက ကန့်ကွက်ထားပါတယ်။ ပါတီဗဟိုကလည်း ပါတီနာမည်မသုံးဘဲ တစ်ဦး၊ တစ်ယောက်၊ အဖွဲ့တစ်ခုခုရဲ့ အမည်သုံးပါဆိုလို့ ဆန္ဒပြတာပါ။ ဒီနေ့ဆန္ဒပြတာလည်း ပါတီနာမည်တွေ မပါဘဲ ဒေသခံ ကိုပဲ နိုင်ငံရေး လုပ်ခွင့်ပေးရမယ်ဆိုတဲ့ အကြောင်းတွေပဲပါတယ်။ ဒါကတော့ ဒေါက်တာအေးမောင်ကို မလိုလားလို့ လုပ်တာပါ။ ဒီကိစ္စမှာ တစ်ယောက်ယောက်က လုပ်ခိုင်းတာမျိုးရှိမယ်။ ဒီမှာက အခုရမ်းဗြဲက လူကလည်း ဆန္ဒလာပြတာ တွေရှိတယ်”” ဟု မာန်အောင်မြို့ ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးသန်းနိုင်က ပြောသည်။
ရခိုင်အမျိုးသားပါတီမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်အမျိုးသား တိုးတက်ရေးပါတီတို့ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း နှစ်ဖက် သဘောတူညီမှုအရ ပူးပေါင်းခဲ့သည့်ပါတီဖြစ်သည်။
ဒေသခံများ ကန့်ကွက်ဆန္ဒပြမှုနှင့် ပတ်သက်၍ ““ကျွန်တော်တို့ ပါတီရဲ့မူမှာ မိမိယှဉ်ပြိုင်တဲ့ မြို့မှာနေရမယ်။ မဲဆန္ဒနယ်မှာ မနေရင် မြို့နယ်ပါတီရဲ့ ထောက်ခံချက်ရှိရမယ်။ ဒါကြောင့် မာန်အောင်မှာပြိုင်ဖို့ မဲခွဲတော့ နိုင်တယ်။ ဒါကြောင့် ဦးတင်ရွှေ ဦးဆောင်ပြီး ဆန္ဒပြတာပါ။ ပါတီကတော့ ရွေးကောက်ပွဲ မတိုင်ခင် ပုံသဏ္ဌာန် ပျက်ပျက်လေးနဲ့ ရောက်လာနေပြီ။ ပြည်သူတွေ ပေါင်းစေချင်လို့ ပေါင်းထားပေးရပေမယ့် လက်ရှိပါတီ ၂ခုက ဘယ်လိုမှပေါင်းလို့မရဘဲ အတိုက်အခိုက်တွေ ဖြစ်နေကြတယ်။ ဇူလိုင်လ ပထမပတ် လောက်မှာတော့ CEC အစည်းအဝေး လုပ်ပါ့မယ်””ဟု ရခိုင်ပါတီ ၂ ခုပေါင်းထားသော ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။
သူရိန်ကျော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment