Written by
စည်သူအောင်မြင့်
အခုဆိုရင် ရခိုင်ပြည်နယ်ထဲမှာ အစိုးရ လဝက ဝန်ကြီးဌာနက ပြန်လည်သိမ်းဆည်းလိုက်တဲ့ ယာယီ သက်သေခံလက်မှတ် White Card တွေအစား အစိမ်းရောင်နဲ့ ပန်းနုရောင် နှစ်မျိုးစပ် ကတ်တစ်မျိုးကို ပြန်လည်ထုတ်ပေးနေပါပြီ။ (အခု ဆောင်းပါးမှာတော့ အများ မှတ်မိလွယ်ကူအောင် အစိမ်းရောင်ကတ်လို့ပဲ သုံးနှုန်းပါ့မယ်။) White Card ဆိုတာ ဘယ်လို ကတ် အမျိုးအစားတွေလဲ၊ အဲဒီ ကတ်နဲ့ ပတ်သက်ပြီး ဘာပြဿနာတွေ ဖြစ်ခဲ့သလဲ၊ အစိုးရက White Card တွေ အစား အခု ပြန်ထုတ်ပေးလိုက်တဲ့ အစိမ်းရောင်ကတ်တွေကရော ဘယ်လို အမျိုးအစားလဲ၊ ဒီ အစိမ်းရောင်ကတ်တွေ ထုတ်ပေးလိုက်ခြင်းအားဖြင့် ရခိုင်ပြည်နယ်ထဲက အစ္စလာမ် ဘာသာကိုးကွယ်တဲ့ ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး ပေါ်ပေါက်နေတဲ့ ပြဿနာတွေ ဖြေရှင်းရာမှာ အထောက်အကူ ဖြစ်စေမှာလား ဆိုတာ ဒီကနေ့ လေ့လာသုံးသပ် တင်ပြသွားပါ့မယ်။
ပြီးခဲ့တဲ့ ကာလအတွင်း လဝက ဝန်ကြီး ဦးခင်ရီရဲ့ တိုင်းပြည်ကို ရှင်းလင်းပြောပြချက် တွေအရ White Card လို့ခေါ်တဲ့ ယာယီ သက်သေခံ လက်မှတ်တွေကို ၁၉၉၀ ပြည့်နှစ်ကျော် ကာလ ကတည်းက ထုတ်ပေးထားခဲ့တာလို့ ဆိုပါတယ်။ လွှတ်တော်ထဲ ရောက်နေတဲ့ ဘူးသီးတောင် မောင်တောဘက်က အစ္စလာမ် ဘသာဝင် အမတ်တစ်ယောက်ရဲ့ တရားဝင် ထုတ်ဖော်ပြောဆိုချက်အရ အစိုးရဟာ ရခိုင်ပြည်နယ်က မွတ်စလင်တွေ နဂိုကိုင်ဆောင်ထား တဲ့ အမျိုးသား မှတ်ပုံတင်တွေကို သိမ်းယူပြီး White Card ထုတ်ပေးတာမျိုး ရှိသလို၊ အခြား အထောက်အထား မရှိသူတွေကိုလည်း White Card ထုတ်ပေးထားခဲ့တယ်လို့ ဆိုပါတယ်။ White Card ဆိုတာ ယာယီသာ ကိုင်ဆောင်ရမယ့် ကတ်ပြားတွေ ဖြစ်ပေမယ့် အစိုးရဟာ နှစ်ပေါင်းများစွာတိုင်အောင် သူတို့ကို နိုင်ငံသား စိစစ်တာ လုပ်မပေးခဲ့ဖူးလို့ ဆိုပါတယ်။
ဥပဒေ နည်းဥပဒေ သတ်မှတ်ချက်အရ မြန်မာနိုင်ငံအတွင်း နေထိုင်သူတွေ ကိုင်ဆောင်နိုင်တဲ့ ကတ် အမျိုးအစား ၄ မျိုးရှိပါတယ်။ နိုင်ငံသား စိစစ်ရေးကတ်၊ ဧည့်နိုင်ငံသားကတ်၊ နိုင်ငံသား ပြုခွင့်ရသူကတ် နဲ့ အဲဒီ သုံးမျိုးထဲက တစ်မျိုးမျိုးအဖြစ် မစိစစ်ရသေးသူတွေကို ယာယီ ထုတ်ပေးတဲ့ White Card တွေပဲ ဖြစ်ပါတယ်။ White Card ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ နိုင်ငံခြားသားတွေကို ထုတ်ပေးလို့ လုံးဝ မရပါဘူး။ နိုင်ငံခြားသားတွေကို ထုတ်ပေးရင် ဒါဟာ ဥပဒေချိုးဖေါက်တာပဲ ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့်လည်း အရင် စစ်အစိုးရဟာ စစ်ဆေးစဉ်ကာလ ယာယီပဲ ထုတ်ပေးခွင့်ရှိတဲ့ White Card တွေကို နှစ်ပေါင်းများစွာ ကိုင်ဆောင်စေခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုဖို့ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲလုပ်တဲ့ ကာလ၊ ၂၀၁၀ ရွေးကောက်ပွဲ ကာလ နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကာလတွေမှာ White Card ကိုင်သူတွေကို မဲပေးခွင့် ပြုခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ရောက်တဲ့အခါ တစ်တိုင်းပြည်လုံးမှာ လဝက စာရင်းအရ White Card ကိုင်ဆောင်သူ ၈ သိန်းလောက်အထိ ရှိလာပြီး ရခိုင်ပြည်နယ် တစ်ခုတည်းမှာပဲ ၆ သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။
ဥပဒေ ပြဋ္ဌာန်းချက်မှာ မပါပေမယ့် ဒေသန္တရ အမိန့်တွေအရ White Card ကိုင်ဆောင် ထားသူတွေဟာ မြန်မာနိုင်ငံအတွင်း လွတ်လွတ်လပ်လပ် ခရီးသွားခွင့် မရှိပါဘူး။ ကိုယ်နေထိုင်ရာ မြို့နယ်ကျော်ပြီး ခရီးသွားမယ် ဆိုရင်တောင် အာဏာပိုင်တွေဆီ ခွင့်တောင်း၊ ခွင့်ပြုမှ သွားလာခွင့်ရှိပါတယ်။ နိုင်ငံခြားကို တရားဝင် ထွက်ခွာခွင့် မရပါဘူး။
ရခိုင်ပြည်နယ်ဘက်မှာ ဆိုရင် အိမ်ထောင်ပြုတာ၊ ကလေးယူတာတွေကိုတောင် ခွင့်ပြုချက်ရမှ လုပ်ကိုင်နိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာရဲ့ ကဲ့ရဲ့ ပြစ်တင်မှုကနေ သက်သာရာရအောင်နဲ့ အစိုးရ၊ ပြည်ခိုင်ဖြိုးပါတီ မဲရအောင် ရွေးကောက်ပွဲတွေမှာတော့ အဲဒီ White Card ကိုင်ဆောင်သူတွေကို မဲပေးခွင့် ပြုခဲ့တယ်လို့ ယူဆနိုင်ပါတယ်။
အခုနောက်ပိုင်း White Card ကိစ္စ နိုင်ငံတကာကလည်း ဝေဖန်၊ ရခိုင်တိုင်းရင်းသား တွေကလည်း White Card ကိုင်သူတွေ မဲပေးခွင့်ရတာ မလိုလားတဲ့ အခြေအနေ ကြုံလာရတဲ့ အခါ အစိုးရဟာ White Card တွေ အားလုံး သက်တမ်းကုန်ပြီ ဆိုပြီး ဖျက်သိမ်းပစ်လိုက်ပါ တော့တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးကလည်း ရွေးကောက်ပွဲမှာ White Card ကိုင်သူတွေကို မဲပေးခွင့်ပြုတာဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ ဆိုလာပါတယ်။ ဒီလိုနဲ့ White Card ပြဿနာ နိဂုံးချုပ်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် White Card ကိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေရဲ့ ပြဿနာကတော့ အေး မသွားပါဘူး။
အစိုးရဟာ White Card တွေကို သိမ်းပြီးပြီးချင်း အပ်နှံထားကြောင်း စာရွက် တစ်ရွက် ထုတ်ပေးပါတယ်။ အခုတော့ အဲဒီ ထောက်ခံစာ နေရာမှာ အစိမ်းရောင်ကတ် ထုတ်ပေးနေပါ ပြီ။ “ နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား” လို့ နာမည်ပေးထားပြီး သက်တမ်း ၂ နှစ်ရှိတယ်လို့ ဆိုပါတယ်။ သက်တမ်းမပြည့်ခင် သုံးလအလိုမှာ သက်တန်း ထပ်တိုးနိုင်တယ် လို့ ဆိုပါတယ်။ တကယ်တော့ ဒီကိစ္စ အားလုံးမျှော်လင့်သလို ဖြစ်လာတာပါ။ အစိုးရဟာ ရခိုင်ပြည်နယ်ထဲက မွတ်စလင်တွေကို နိုင်ငံသား စိစစ်တာ လုပ်ပေးရမယ့်အစား ဘာမှ ရေရေရာရာ မရှိတဲ့၊ သက်တမ်းကိုလည်း လိုသလို တိုးနိုင်တဲ့ နောက်ထပ် ကတ်ပြားတစ်ခု တီထွင်ဖန်တီး ထုတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
ဒီ အစိမ်းရောင် ကတ်ပြားတွေ ထုတ်ပေးလိုက်ပေမယ့် နိုင်ငံသား စိစစ်မှု လာခံယူရင် အချိန်ဘယ်လောက် အတွင်း စိစစ်ပေးမယ်၊ တကယ်လို့ အစိုးရဘက်က ပြောသလို အစိစစ်ခံတဲ့လူဟာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ အဆင့်အတန်း တစ်ခုခု မရရင် သူတို့ကို ဘာလို့ သတ်မှတ်ပြီး ဘာဆက်လုပ်ပေးမယ် ဆိုတာ ရေရာတဲ့ အဖြေမရှိ သေးပါဘူး။ ဒီလူတွေအားလုံးကို White Card ထုတ်ပေးထားခဲ့ပြီးသားမို့ နိုင်ငံခြားသား အဖြစ် စွပ်စွဲလို့လည်း မရနိုင်ပါဘူး။ နိုင်ငံခြားသားအဖြစ် စွပ်စွဲခဲ့မယ် ဆိုရင်လည်း တည်ဆဲ ဥပဒေအရ အရေးယူရမယ့်ကိစ္စ ပေါ်ပေါက်လာမှာဖြစ်သလို ပြန်ပို့ရမယ့်နိုင်ငံ ရှိကို ရှိရမှာ ဖြစ်ပါတယ်။
ပြောရရင် သမ္မတ ဦးသိန်းစိန် အစိုးရဟာ နဂိုက White Card ကိုင်ဆောင်သူတွေကို အခု အစိမ်းရောင်ကတ် ပြောင်းလဲ ထုတ်ပေးလိုက်တာဟာ တကယ်ဖြစ်ပျက်နေတဲ့ ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ ပြဿနာကို အချိန်ဆွဲသလိုပဲ ဖြစ်ပါလိမ့်မယ်။ ဖြေရှင်းသင့် ဖြေရှင်းထိုက်တဲ့ အရေးကြီး ပြဿနာကို မဖြေရှင်း၊ အချိန်ဆွဲပြီးထားရင် ကာယကံရှင်တွေက ကျေနပ်ကြမှာ မဟုတ်သလို နိုင်ငံတကာရဲ့ ဝေဖန်ကဲ့ရဲ့မှုကလည်း ကင်းလွတ်မှာ မဟုတ်ပါဘူး။ ခုဆိုရင် ရခိုင်ပြည်နယ်ထဲမှာ အဲဒီ မွတ်စလင် ဘာသာဝင်တွေကို ပိတ်လှောင် ထားတဲ့ကိစ္စ ရခိုင်တိုင်းရင်းသားတွေ ကိုယ်တိုင်ကလည်း ကျေနပ်မှု မရှိသလို ဒီလုပ်ရပ်ကြောင့် နောက်ဆက်တွဲ ပဋိပက္ခ ပြဿနာတွေ ဆက်ပြီး ပေါ်ပေါက်လာ နိုင်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။
Credit - Mizzima News
No comments:
Post a Comment