Thursday, June 18, 2015

မဲစာရင်း မှန်ကန်ရေးအတွက် အရပ်ဘက်အဖွဲ့များနှင့် အင်န်အယ်လ်ဒီတို့ ပူးပေါင်းဆောင်ရွက်ရန် မရှိသေး

Written by  ဟိန်းကိုစိုး 

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတရေးနှင့် ပတ်သက်ပြီး မဲစာရင်းများ မှန်ကန်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD တို့ ပူးပေါင်းဆောင်ရွက်ရေးကို ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အရပ်ဘက်အဖွဲ့ အချို့ထံမှ သိရသည်။

NLD-Party


‘‘အဓိကတော့ မဲစာရင်းမှန်ကန်ရေး ဘယ်လိုလုပ်မလဲဆိုတာကို ဆွေးနွေးတာ၊ NLD နဲ့ အရပ်ဘက်အဖွဲ့ တွေ ပေါင်းပြီး ဘယ်အဖွဲ့တွေမှာ ဘယ်လိုတွေ လုပ်မယ်၊ အရပ်ဘက်အဖွဲ့တွေက ဘယ်လောက်ပါပြီး ပါတီက ဘယ်လောက်ပါပြီး လုပ်မယ်ဆိုတာ ဆုံးဖြတ်ခဲ့တာမရှိဘူး" ဟု ပဏ္ဍိတ ဖွံ့ဖြိုးရေးမဏ္ဍိုင်မှ ရွေးကောက်ပွဲ အစီအစဉ်အရာရှိ ဦးဖြိုးတင်ဦးက မဇ္ဈိမကို ပြောသည်။

လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးအတွက်  NLD က ဇွန်လ ၁၇ ရက် နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ကမာရွတ်မြို့နယ် ဒိုင်းမွန်ကွန်ဒို၊ စံကားဝါခန်းမတွင် အရပ်ဘက်အဖွဲ့အစည်း ၃၀ ခန့်နှင့် ဆွေးနွေးခဲ့သည်။

"အဓိကတော့ NLD က အခုကြေညာပြီးတဲ့ မဲစာရင်းတွေနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့တွေ ဘာတွေလုပ်နေလဲ၊ ဘယ်လို တွေလုပ်နိုင်လဲဆိုတာကို ဆွေးနွေးတာပါ" ဟု အစီအစဉ် နေ့တစ်ပိုင်း တက်ရောက်ခဲ့သည့် ပဲခူးရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ ဦးလင်းနိုင်ဦးက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲသို့ မတက်ရောက်သည့် လက်ရှိ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆောင်ရွက်နေ သည့် အရပ်ဘက် အဖွဲ့အစည်းအချို့လည်း ရှိနေသည်။

"ပါတီတစ်ခုတည်းက ခေါ်ပြီးဆွေးနွေးလို့ မတက်တာပါ၊ ပါတီ ၂ ခု ၃ ခုကနေပြီး လုပ်တယ်ဆို ရင် တစ်မျိုးပေါ့။ မဲစာရင်းပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲအတွက်ပဲဖြစ်ဖြစ် ပါတီ၊ အရပ်ဘက်အဖွဲ့၊ ကော်မရှင် အများစုနဲ့ ပေါင်းပြီး လုပ်တာပိုကောင်းမှာပေါ့" ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မည့် Forward Institute မှ အမှုဆောင် ဒါရိုက်တာ ဦးသန့်ဇင်အောင်က ပြောသည်။

NLD နှင့်တွေ့ဆုံသည့် အရပ်ဘက်အဖွဲ့အများစုမှာ ရန်ကုန်တွင် အခြေစိုက်ပြီး ရန်ကုန် အပါအဝင် ပြည်နယ်တိုင်း အသီးသီး၌ ရွေးကောက်ပွဲ အသိပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့များဖြစ်ကြောင်း တက်ရောက်သည့် အဖွဲ့များထံမှ သိရသည်။

ဆွေးနွေးပွဲကျင်းပရသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး "အခုမဲစာရင်းက လွတ်လပ်တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ကို ခြိမ်းခြောက်လာတော့ ဒါကို ဆွေးနွေးတဲ့ သဘောပါ" ဟု NLD ပါတီ ဗဟိုအလုပ်မှုဆောင် ဦးထွန်းထွန်းဟိန်က ဆိုသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပြုစုပြီးသည့် မြို့နယ်များမှ အခြေခံမဲစာရင်းများကို ထုတ်ပြန်ကြေညာရာတွင် ယင်းအရေအတွက်ရာခိုင်နှုန်း၏ ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိက မှားယွင်းနေသည်ဟုလည်း NLD က ကော်မရှင်ကို အိတ်ဖွင့်စာ ပေးပို့ခဲ့သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဖြစ်ပြီး တစ်နိုင်ငံလုံး နောက်ဆုံးမဲစာရင်းများကို သြဂုတ်လအတွင်း ထုတ်ပြန်ပေးသွားမည်ဟု
 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

Credit - Mizzima News

No comments:

Post a Comment