Saturday, June 20, 2015

တချို့က မတည်ငြိမ်စေဖို့ လုပ်နေတယ်၊ မတည်ငြိမ်မှုလမ်းကို မတွန်းပို့ပါနဲ့ ဟု ဒေါ်စုပြော


နေပြည်တော်၊ ဇွန် ၁၉ ။         ။ နိုင်ငံအတွက် အထူးလိုအပ်နေသည့် မှန်ကန်သည့် အပြောင်းအလဲကို ရရှိရေး ၂၀၁၅ရွေးကောက်ပွဲ သည် တည်ငြိမ်သည့် ရွေးကောက်ပွဲ ဖြစ်ရန်လိုကြောင်း၊
မတည်ငြိမ်သည့်လမ်းကို တွန်းပို့ နေသူအချို့အား မတွန်းပို့ ပါနှင့်ဟု ပြောလိုကြောင်း
 ဒေါ်အောင်ဆန်းစုကြည်က ယနေ့ (ဇွန် ၁၉ရက်)၌ ကျရောက်သော သူမ၏ ၇၀ နှစ်ပြည့် မွေးနေ့တွင် မီဒီယာသို့ ပြောခဲ့သည်။

“မတည်ငြိမ်မှုလမ်းကို မတွန်းပို့ပါနဲ့  အခုကာလကတော့ အမေတို့ နိုင်ငံအတွက် တည်ငြိမ်မှုက အရမ်း အရေးကြီးတယ်။ တည်ငြိမ်တဲ့ ရွေးကောက်ပွဲလမ်းကို သွားနိုင်မှ နိုင်ငံအတွက် အထူးလိုအပ်တဲ့ တကယ့် အပြောင်းအလဲကို ရနိုင်မယ်။

တချို့တွေဟာ မတည်ငြိမ်စေဖို့  လုပ်နေတယ်လို့  အမေတို့ သုံးသပ်လို့ ရတယ်။ ဒါဟာ အထင်အမြင်လွဲတာလည်း ဖြစ်နိုင်တယ်၊ မှားရင်လည်း မှားမယ်ပေါ့နော်။ ဒါပေမယ့် အဲဒီလို မတည်ငြိမ်မယ့်လမ်းကို မတွန်းပို့ပါနဲ့လို့ ပြောချင်တယ်။ ဒါဟာ မီဒီယာမှာ အများကြီးလုပ်နိုင်တာတွေရှိတယ်။ ထိန်းထိန်းသိမ်းသိမ်းဖြစ်အောင်၊ လူတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ဘယ်လိုသွားရမလဲဆိုတာကို သဘောပေါက်အောင် အဲဒါကိုတော့ ကူညီစေချင်တယ်” ဟု သူမက မီဒီယာကို တိုက်တွန်းပြော ကြားခဲ့သည်။

မတည်ငြိမ်သည့် အခြေအနေများ ပေါ်ပေါက်သည့်တိုင် ပိုပြီး ကြီးထွားမလာစေရန် မီဒီယာက ထိန်းထိန်း သိမ်းသိမ်း ရေးသားဖော်ပြပြီး ပြည်သူတို့ အာရုံလွဲ လမ်းလွဲမှု မဖြစ်စေရန် တည့်မတ်ပေးဖို့လည်း သူမက တိုက်တွန်းခဲ့သည်။

“ရွေးကောက်ပွဲများ မှန်မှန်ကန်ကန်နဲ့ အေးအေးဆေးဆေးဖြစ်အောင် ရွေးကောက်ပွဲအလွန်မှာလည်း
 အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ်လိုချင်တဲ့ နိုင်ငံမျိုး ဖြစ်ပေါ်လာအောင်ပေါ့နော်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မဲစာရင်းများ လွဲမှားနေခြင်း၊ မဲစာရင်းတွင် ပါရမည့် ဒေသခံတို့ အမည်များ ကျန်နေခြင်းအတွက် ပြန်လျှောက်ထားရာတွင် NLD ပါတီက ပုံစံဖြည့်ခြင်းမှအစ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိရာ ထိုသို့  မဲစာရင်းများ လွဲမှားနေခြင်းကို ပြန်လည် တည့်မတ်ရာတွင် မီဒီယာများက မိမိတို့ လက်လှမ်းမီသလောက် ကူညီကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

“မဲပေးခွင့် စာရင်းတွေမှာ အမှားတွေ အများကြီး ရှိတယ်ဆိုတာ အဖွဲ့ချုပ်ကလည်း ကြေညာထားပြီးပြီလေ။ အဲဒါကို သေသေချာချာလေ့လာပြီး ရွေးကောက်ပွဲကော်မရှင် တွေ့တဲ့အခါကျတော့ ရွေးကောက်ပွဲကော်မရှင်ကလည်း သူတို့ ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒရှိပါတယ်။ NLD က လုပ်ပေးတာတွေကိုလည်း သူတို့သဘောကျတယ်။

ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ဒါပေမယ့် အများပြည်သူက ကိုယ့်ဘာကိုယ်ပဲ ကိုယ်လုပ်ရတယ်၊ ကိုယ်ပါရဲ့လားဆိုတာလည်း သွားကြည့်ရမယ်။ ကြည့်ဖို့ လည်း ကြိုးစားရမယ်။ အမေတို့ အဖွဲ့ ချုပ်ကတော့ လိုက်ကြည့်ပေးတာပဲ၊ ဒါပေမယ့် အဖွဲ့ ချုပ် တစ်ခုတည်းနဲ့ မပြီးဘူး။ ဘယ်လိုပုံစံနဲ့ ကြည့်ရမယ်၊ ကိုယ့်နာမည် မပါဘူးဆိုရင်ပါအောင် ဘယ်လို လုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေလည်း အမေတို့ ထုတ်မယ်။ ကိုယ် လက်လှမ်းမီရတွေမှာ အားလုံး ၀ိုင်းပြီးတော့ ကူညီစေချင်တယ်” ဟု သူမက ပြောသည်။

ထို့ အပြင် မဲပေးခွင့်ရထားသူတို့ အနေဖြင့် မိမိအခွင့်အရေးကို တန်ဖိုးထားပြီး ထိရောက်စွာ အသုံးချစေလိုကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

“အခု ၂၀၁၅ မှာ ပေးတဲ့မဲတစ်ပြားဟာ ကိုယ့်နိုင်ငံရဲ့ အနာဂတ် ဘယ်လိုပုံစံ ဖြစ်လာမယ်ဆိုတာကို ဆုံးဖြတ်ချက်ပေးတဲ့ မဲတစ်ပြားပဲ။ မဲတိုင်းမဲတိုင်းဟာ အရေးကြီးတယ်ဆိုတာကို သဘောပေါက်ရမယ်။ ၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းတော့ အန်တီရိုးရိုးလေးပဲ ရှင်းပြတယ် - မဲတစ်ပြားရဲ့ အရေးပါမှု - ရွေးကောက်ပွဲနေ့ မဲပေးတဲ့အခါမှာ လူတိုင်းလူတိုင်းဟာ တန်းတူပဲ။ သမ္မတနဲ့ တန်းတူ လူတိုင်းအခွင့်အရေးရှိတယ်။ သမ္မတကြီးကိုယ်တိုင် မဲတစ်ပြားပဲ ပေးခွင့် ရှိတယ်။ အိမ်ယာမရှိတဲ့ လမ်းဘေးကလူလည်း မဲပေးပိုင်ခွင့်မှာ သမ္မတကြီးနဲ့ တန်းတူအခွင့်အရေးရတယ်” ဟု အန်တီစုက ပြောသည်။

“ဒီလိုအခွင့်အရေးမျိုးဆိုတာ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာမှ ရတာ။ ဒါပေမယ့်လည်း ဒီလောက်အရေးကြီးတဲ့ရွေးကောက်ပွဲမှာ မဲပေးဖို့ ဆိုတာဟာ ၂၀၁၅ ရွေးကောက်ပွဲအချိန်မှာ မဲပေးပိုင်ခွင့်ရှိတဲ့ ပုဂိုလ်များရဲ့ အထူးအခွင့်အရေးပဲ။

ဒီလိုအခွင့်အရေးမျိုးဟာ နောင် မြန်မာ့သမိုင်းမှာ ပြန်လာချင်မှလာမှာ။  အဲဒီတော့ ၂၀၁၅ ရွေးကောက်ပွဲဟာ နိုင်ငံ့ သမိုင်းအတွက် အင်မတန် အရေးကြီးတယ်ဆိုတာကို ပြည်သူတွေ သဘောပေါက်စေချင်တယ်။ ရွေးကောက်ပွဲပဲဆိုပြီး ပေါ့ပေါ့ မထားဘဲ ဒါ ငါတို့ နိုင်ငံရဲ့ အနာဂတ်ပဲ။ ငါတို့ သားသမီးတွေဟာ ဘယ်လို လူ့ အသိုင်းအ၀ိုင်းမှာ နေသွားရမယ်ဆိုတာ ရွေးကောက်ပွဲရဲ့ မဲတစ်ပြားစီ တစ်ပြားစီက ဆုံးဖြတ်သွားမှာပါ” ဟုလည်း မွေးနေ့အထိမ်းအမှတ် စကားအဖြစ် ပြောကြားခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment