Sunday, June 14, 2015

ကျေးလက် လူငယ်များ၏ ရွေးကောက်ပွဲ အမြင်

Written by 

ကေဇူး၊ ဟိန်းကိုစိုး စုစည်းသည်။

၂၀၁၅ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလအတွင်း ကျင်းပပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ
 ကော်မရှင်က ပြောကြားထားပြီးဖြစ်ရာ လက်ရှိအချိန်မှာ ပြည်တွင်းတွင် ရွေးကောက်ပွဲအတွက် စိတ်ဝင်စားမှု မြင့်တက် နေချိန်ဖြစ်ရာ မဇ္ဈိမက ပဲခူးတိုင်းအတွင်းရှိ လူငယ်များနှင့် တွေ့ဆုံပြီး ၎င်းတို့၏ ရွေးကောက်ပွဲနှင့်  ပတ်သက်သည့် အမြင်များကို စုစည်း တင်ပြပေးထားခြင်း ဖြစ်သည်။

မလွင်လွင်ဦး (ကွန်ပျူတာ သင်တန်းဆရာမ - ပဲခူးမြို့)

Lwin-Lwin-Oo

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သေသေချာချာတော့ သိမထားဘူး။ အသက် ၁၈ နှစ်ပြည့်ရင် မဲထည့်ရမယ်လို့ သိထားတယ်။ သေသေချာချာတော့ ပြန်ဖတ်ကြည့်ရဦးမှာပေါ့။ အများစုကတော့ မဲထည့်ဖို့ ဆန္ဒရှိကြတယ်လေ။ ကိုယ်လည်း မထည့်ဖူးလို့ ထည့်ချင်တယ်။ မဲစာရင်းထဲမှာ ကိုယ့်နာမည် မပါလို့ မထည့်ရဘူးဆိုရင် သူများတွေကို ထည့်ဖို့တိုက်တွန်း ရမှာပေါ့။

မဝင့်ရတနာလွင် ( ရုက္ခဗေဒ ဘွဲ့ရ)- ပဲခူးမြို့)

Wnnyatanar
ရွေးကောက်ပွဲကို သိပ်မသိဘူး။ စပါးဆို စပါးပေါ့၊ အမှန်ခြစ်ဆို အမှန်ခြစ်ပေါ့။ စပါးနှံဆိုတာ မြန်မာနိုင်ငံမှာ စပါးထွက်လို့ ရွေးလိုက်တယ်။ စပါးနှံရဲ့အကြောင်းကိုတော့ မသိဘူး။ မြန်မာနိုင်ငံမှာ စပါးနှံထွက်တာ
 တော့သိတယ်။ အဲဒါကြောင့် စပါးနှံကို အမှန်ခြစ်လိုက်တယ်။ ဒီနှစ်လည်း စပါးနှံပဲ ခြစ်မှာပဲ။
 မြန်မာနိုင်ငံမှာက စပါးပဲ ထွက်သေးတယ်လေ။

အောင်ထွန်းဦး (လယ်သမား - သနပ်ပင် မြို့နယ်)

ရွေးကောက်ပွဲကို မကြားဖူးပါဘူး။ ရွေးကောက်ပွဲကောင်းမယ်ဆိုရင် ဘယ်နားကပဲ အားပေးရ အားပေးရ ပေးချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ကိုင်နေရတာက ကွင်းထဲက နေရာ။ ထန်းလျက်ဝယ်ပြီး တစ်ယောက် တစ်ခဲ စားနေရတာ။ အခု မြေကြီး လာပေါက်နေတယ်။ ကျွန်တော့် မိသားစု စားဖို့။ ဒါပေမဲ့ လောကကြီးဆိုတာ အေးတူပူမျှတော့ ဖြစ်သင့်ပါတယ်။ ဆင်းရဲတဲ့ သူက ကုန်းကောက်စရာ မရှိအောင် ဆင်းရဲ၊ ချမ်းသာတဲ့သူက ချမ်းသာနေတော့ ဒီလိုကြီးဆိုတော့ ကျွန်တော်တို့လည်း စိတ်နာမိတာပေါ့။

ကိုစန်းနိုင် (ကိုရီးယားဘာသာ ဆရာ - သနပ်ပင်)

 အဓိကကတော့ လက်ရှိအာဏာရနေတဲ့ ပါတီ။ သူတို့က လက်ရှိအုပ်ချုပ်တဲ့သူ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲအပေါ်မှာ ပြည်သူတွေ သိဖို့ သူတို့မှာ လုပ်ပိုင်ခွင့်တွေ အများကြီးရှိတယ်။ ဒုတိယ ကတော့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပါတီတွေ သူတို့မှာလည်း တာဝန်ရှိပါတယ်။ တတိယ ကတော့ မီဒီယာတွေပေါ့။ သူတို့ကလည်း ပြည်သူတွေနဲ့ ထိတွေ့မှုများတဲ့တွက် အသိပညာပေးမှု လုပ်ငန်းတွေကို များများလုပ်ပေးနိုင်ဖို့ လိုပါတယ်။ အစိုးရဘက်က တာဝန်ရှိသလိုပဲ လူငယ်တွေ ဘက်ကလည်း သူတို့ သိသင့်တယ်ဆိုတဲ့ ဟာတွေကို ရှာဖွေဖတ်ဖို့လိုပါတယ်။

ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေ အနေနဲ့လည်း အဖွဲ့ထဲမှာပါဖို့ ဒီလို ရွေးချယ်လိုက်တယ် ဆိုကတည်းက တာဝန်တစ်ခုကို နာမည်ခံလိုက်တာပဲ ရှိတယ်။ နယ်တွေမှာ အသိပညာပေးမှုတွေ လုပ်ဖို့ဆိုတာ မရှိဘူး။ သိလည်း မသိဘူး။ အစ်ကိုတို့က နယ်မှာဆိုတော့ ပိုသိတယ်။ အခုချိန်ထိလည်း ဘာမှ မပြောသေးဘူး။ ရပ်ကွက်ထဲမှာ နီးစပ်ရာ လူတွေနဲ့ သွားနေတာပဲ ရှိတယ်။ နံပတ် (၁)က ကော်မရှင်ကိုယ်တိုင် ကိုယ်က အားနည်းနေသေးတယ်။ ကော်မရှင်ကိုယ်တိုင်က အားနည်းနေသေးတဲ့ အတွက် ကျေးလက်တွေမှာ အသိပညာပေးဖို့ဆိုတာ အဝေးကြီး ဖြစ်သွားပြီ။ မြို့နယ်တွေမှာ ဒီလိုဖြစ်တယ်ဆိုရင် ရွာတွေမှာ ပိုဆိုးပါ သေးတယ်။

မောင်ဉာဏ်လင်းအောင် (ဓာတုဗေဒ ဒုတိယနှစ် ကျောင်းသား - ပဲခူးတက္ကသိုလ်)

 ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် မဲထည့်ရမယ်ဆိုတာ သိတယ်။ ဘာလုပ်ရမယ်ဆိုတဲ့ အကြောင်းရင်းကိစ္စကို သေသေချာချာ မသိဘူးဗျ။ ၂၀၁၀ တုန်းက ကျွန်တော်တို့ ရွာမှာ မဲပေးကြမယ် မဲပေးကြမယ်ဆိုတော့ ပုံးတွေ ချထားတယ်။ လူတွေက စုစု စုစုနဲ့ သွားကြတယ်။ ဒီမဲပေးကြမယ်ဆိုတာ ဘာလဲ မသိဘူး မဲပေးပြီးရင် ပြီးပြီးဆိုပြီး စာရွက်တွေကို ပုံးတွေထဲထည့် ပြီးရင်ပြီးပြီဆိုပြီး ထည့်ကြတယ်။ ပြည်သူတွေအနေနဲ့ ဘာလိုကြောင့် မဲပေးရတယ်။ မဲပေးခြင်းကြောင့် ဘာရမယ်ဆိုတာကို  သိအောင်လုပ်ပေး သင့်ပါတယ်။

Credit - Mizzima News

No comments:

Post a Comment