Monday, April 13, 2015

မိုင်းခွဲတိုက်ခိုက်ခံရသည့် ရဲနှစ်ဦးကို ဘာသာပေါင်းစုံသုဿန်တွင် ယနေ့ သင်္ဂြိုလ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မူဆယ် ၁၀၅ မိုင်-ပန်ဆိုင်းကားလမ်းမပေါ်ရှိ လုံခံကျေးရွာ ညောင်ပင်အနီးတွင် မူးယစ်ဆေးဝါးရဲတပ်ဖွဲ့တို့ ဧပြီလ ၁၁ ရက်က မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးသူ ရဲနှစ်ဦးကို ဧပြီ ၁၃ရက်တွင် ဘာသာပေါင်းစုံ သုဿန်တွင် သင်္ဂြိုလ်ခဲ့သည်ဟု မူဆယ်မူးယစ်ဆေးဝါးတပ်ဖွဲ့က ပြောသည်။

ဧပြီ ၁၃ရက် မွန်းလွဲ ၁ နာရီတွင် မူဆယ်ဆေးရုံမှ ဘာသာပေါင်းစုံ သုဿာန်တွင် သဂြိုလ်မည် ဖြစ်သည်။

မူဆယ် မူးယစ်ဆေးဝါးတပ်ဖွဲ့များက တာဝန်အရ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်အရ ရှာဖွေရေး လုပ်ဆောင်နေစဉ် မိုင်းခွဲ တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး ရဲအုပ်စိုးဝင်းနိုင်နှင့် ရဲအုပ်စိုင်းကျော်မြင့်ထွန်း သေဆုံးကာ တပ်ကြပ်အဆင့်ရှိ ရဲတပ်ဖွဲ့ သုံးဦး ဒဏ်ရာ ရှိခဲ့ခြင်း ဖြစ်သည်။

“၁၁ ရက်နေ့ ၁၅ နာရီ ၃၀ အချိန်မှာပါခင်ဗျ။ ၁၀၅ မိုင်ကနေ ပန်ဆိုင်းသွားလမ်း လုံခံရွာညောင်ပင်အနီးနားမှာ ထောင်မိုင်းလို့ပဲ ယူဆရတာပေါ့နော်။ ကျွန်တော်တို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အချိန်မှာပေါ့နော်။ တာဝန်နဲ့သွားတာ”ဟု မူဆယ်မူးယစ်ရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး တင်ထွန်းအောင်က  မဇ္ဈိမကို ပြောသည်။

အဆိုပါ မူခင်းနှင့် ပတ်သက်၍ လက်ရှိ စုံစမ်းဆဲ ဖြစ်ပြီး ရဲစခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ နှင့် လူသတ်ရန်အားထုတ်မှု ပုဒ်မ ၂၈၆ တို့ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သူက ပြောသည်။

လက်ရှိ မည်သည့်အဖွဲ့အစည်းများမှ လုပ်ဆောင်သည်ကို မသိရသေးဘဲ မူဆယ်မြို့နယ်အတွင်း တအာင်းတပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့တို့ အခြေစိုက်မှုများ ရှိသည်ဟု သိရသည်ဟု သူက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း နမ့်ခမ်းမြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ဗုံးခွဲတိုက်ခိုက်ခံရမှု တစ်ကြိမ် ဖြစ်ပွားခဲ့သော်လည်း သေဆုံးမှုမရှိဘဲ ဒဏ်ရာရသူများရှိခဲ့ဖူးသည်ဟု သူက ဆိုသည်။


Credit - Mizzima News

No comments:

Post a Comment