Saturday, April 18, 2015

စိုးရိမ်ရေမှတ် မရောက်သေးသည့် ငွေကြေးဖောင်းပွမှု ပြဿနာ

 ရန်ကုန်၊ ဧပြီ ၉

လက်ရှိမြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒသမ ၄ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း မြင့်တက် လာနေသော်လည်း မြန်မာ့စီးပွားရေး အခြေအနေမှာ စိုးရိမ်ရသည့် အခြေအနေ မဟုတ်ကြောင်း မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၏ အကြီးတန်းအတိုင်ပင်ခံ ဦးသန်းလွင်က ဧပြီလ ၉ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ဟုတ်ပါတယ်။ စိုးရိမ်စရာမရှိပါဘူး။ သူများနိုင်ငံက ၅၀ တို့ ၁၀၀ တို့တက်တာ အများကြီးပဲ၊ မစိုးရိမ်ပါနဲ့။ ငွေကြေးဖောင်းပွမှုကတော့ ဒါထိုက်သင့်သလောက်တော့ ရှိရမှာပဲ။ ဘယ်တိုင်းပြည် မဆို ငွေကြေးဖောင်းပွမှု ရှိရတာပဲ။ မရှိရင် တိုင်းပြည်က ဇောက်ထိုးကျသွား
မှာပေါ့။ ငွေကြေးဖောင်းပွမှုဆိုတာ ဘယ်နိုင်ငံမှ မလွတ်ဘူး။ ရှိတာပဲ အနည်းနဲ့အများသာကွာတာ။ အမြင့်ပါဘူး။ အခုဟာက ၆ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်း မြင့်တယ်ဆိုတာ ပြောလို့မရပါဘူး။ ဒါကတော့ ဂျီဒီပီတက်ရင်တော့ သူ့ဟာသူ ငြိမ်သွားမှာပေါ့။ အခုလည်း တက်နေတာပဲ။ ဂျီဒီပီက ပိုပြီးတော့ တစ်ဟုန်ထိုးတက်ရင်တော့ ကုန်ထုတ်လုပ်မှု တိုးလာမယ်လေ။ တိုးလာရင်တော့ ငွေကြေး ဖောင်းပွမှုနှုန်းလည်း တဖြည်းဖြည်း လျော့သွားမှာပေါ့””ဟု အကြီးတန်း အတိုင်ပင်ခံ ဦးသန်းလွင်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်းနှင့် စားသောက်ကုန် ဈေးနှုန်း များ မြင့်တက်နေရသည့် အကြောင်း အရင်းသည် ၂၀၁၅ ရွေးကောက်ပွဲနှင့် အစိုးရ၀န်ထမ်းများ၏ လစာတိုးမြှင့်သည့် နောက်ပိုင်း ဖြစ်ပေါ်လာသည့် အကြောင်းရင်း ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ပြောကြားသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည်၂၀၁၃ – ၂၀၁၄ ဘဏ္ဍာနှစ်တွင် ပျမ်းမျှ ၅ ဒသမ ၆ ရှိခဲ့ပြီး၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၆ အထိ ရောက်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားခဲ့သည့်အတိုင်း ရောက်ရှိလာခြင်း ဖြစ်သည်။

ငွေကြေးဖောင်းပွနှုန်းသည် ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ကျဆင်းခဲ့ပြီးနောက် ပြန် လည် မြင့်တက် လာခဲ့ကာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှ ဇွန်လအတွင်း ၆ ရာခိုင်နှုန်း ၀န်းကျင်၌ တည်ငြိမ်လျက် ရှိခဲ့သည်။

အဓိက အကြောင်းရင်းမှာ စားသောက်ကုန်ဈေးနှုန်း မြင့် လာခြင်းကြောင့်ဖြစ်ပြီး ထိုသို့ ဈေးနှုန်းများ မြင့်တက် လာ ခြင်းမှာလည်း စိုက်ပျိုးရေး ထုတ်ကုန်များ မျှော်မှန်းသလောက် မထုတ် လုပ်နိုင်ခြင်းကြောင့် ဖြစ်သည်။၂၀၁၃ ခုနှစ်အတွင်း အစိုးရ၀န်ထမ်းများ၏ လစာတိုးမြှင့်ခြင်းသည်လည်း ဈေးနှုန်းများ မြင့်တက်လာခြင်း၏ အကြောင်း အရင်း တစ်ခုဖြစ်ခဲ့ပြီး၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးနှစ်ကုန် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒသမ ၃ ရာခိုင်နှုန်း ရှိလာပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က ၄ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အစတွင် လျှပ်စစ်ဓာတ်အားခ ဈေးနှုန်း များ မြင့်တက်ခြင်းကလည်း ငွေဖောင်းပွမှုနှုန်း ၆ ဒသမ ၆ ရာခိုင်နှုန်းသို့ အနည်းငယ် မြင့်တက်သွားရသည့် အကြောင်းရင်းဖြစ်မည်ဟု ကမ္ဘာ့ဘဏ်က ၂၀၁၄ ခုနှစ်အတွင်း ခန့်မှန်းထားသည်။

၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုများ ဆက်လက်မြင့် တက်လာခြင်းမှာ အမေရိကန် ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲနှုန်း မြင့်တက်လာခြင်း၊ အခြေခံစားကုန်ဖြစ်သောဆန်၊ ဆီဈေးများ လွန်ကဲစွာ မမြင့်သော် လည်း ဟင်းသီးဟင်းရွက်၊ စက်သုံးဆီ၊ လျှပ်စစ်မီတာခများ မြင့် တက်ခြင်း၊ နိုင်ငံတော်ဘတ်ဂျက် လိုငွေပြမှုရှိနေခြင်း၊ စီးပွားရေးကျပ်တည်းပြီး ငွေကြေးလည်ပတ်မှု မကောင်းသေးသော် လည်း ငွေလုံးငွေရင်း အသုံးစရိတ် စီမံကိန်းများကြောင့် ဖြစ်နိုင်ကြောင်း ပညာရှင်များက မှတ်ချက်ပြု ထားသည်။

ယင်းသို့ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှု၊ ကျပ်ငွေတန်ဖိုး ကျဆင်းမှုတို့ ရှိနေသည့် မြန်မာ့ စီးပွားရေးမှာ အကောင်းဘက်သို့ ဆက်သွားနေကြောင်း အေဒီဘီဘဏ်က သုံးသပ်ထားသည်။

မြန်မာနိုင်ငံအစိုးရ၏ ပြုပြင်ပြောင်းလဲမှု အစီအစဉ်က လက်ရှိနှစ်များအတွင်း ခိုင်မာသော တိုးတက်မှု ရရှိစေရန် ကျောထောက်နောက်ခံ ပြုလျက်ရှိပြီး ၂၀၁၅ ခုနှစ်တွင်လည်း ယင်းတိုးတက်မှု ဆက်လက် ဖြစ်ပေါ်နေ မည် ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)က ထုတ်ပြန်ခဲ့သော စီးပွားရေးဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထား သည်။ အေဒီဘီ၏ အထင်ကရ စီးပွားရေးဆိုင်ရာ အစီရင်ခံစာဖြစ်သော အာရှ၏ဖွံ့ဖြိုး တိုးတက်မှု အလားအလာ ၂၀၁၅ အစီရင်ခံစာက မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၃ ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားဆဲဖြစ်သည်။

““လက်ရှိ ဖြစ်တည်နေတဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ တိုးတက် ကောင်းမွန် လာတဲ့ စီးပွားရေး ပတ်ဝန်းကျင်နဲ့ မြန်မာနိုင်ငံအနေနဲ့ အရှေ့တောင်အာရှ ဒေသခွဲအတွင်းကို ပိုမို ပေါင်းစည်း လာနိုင်တာတွေကြောင့် နောင်လာမယ့် ၂၀၁၆ ဘဏ္ဍာနှစ်မှာလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက ၈ ရာခိုင်နှုန်း အထက်မှာ ရှိနေဦးမယ်လို့ အေဒီဘီအနေနဲ့ မျှော်လင့်ထားပါတယ်””ဟု အေဒီဘီ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ ဌာနေကိုယ်စားလှယ် ပီတာဘရင်းဘဲလ်က ပြောကြားသည်။

ဘဏ္ဍာရေးဆိုင်ရာသုံးငွေများ မြင့်မားလာခြင်းနှင့်အတူ မြင့်မားလာမည်ဟု မျှော်လင့်ရသော လုပ်ခလစာ များသည် ပြည်တွင်း ၀ယ်လိုအားကို တိုးလာစေပြီး ယင်းကြောင့် ၂၀၁၅ ဘဏ္ဍာရေးနှစ် တွင် ငွေကြေး ဖောင်းပွ နှုန်း သည် ၈ ဒသမ ၄ ထိ မြင့်တက်လာနိုင်သော် လည်း သုံးစွဲသူများ၏ ဈေးနှုန်းတွန်းအားကြောင့် ၂၀၁၆ ဘဏ္ဍာရေး နှစ်တွင်မူ ၆ ရာခိုင်နှုန်းသို့ ပြန်လည် ကျဆင်းနိုင်သည် ဟု အေဒီဘီက ခန့်မှန်းထားသည်။

လက်ရှိ အခြေအနေတွင် အစိုးရ၏ နိုင်ငံရေး နောက်ကြောင်းပြန်မှု အခြေအနေအချို့ မြင်တွေ့ နေရသော်လည်း ၂၀၁၅ အလွန်တွင် ဆက်လက် တိုးတက်ပြောင်းလဲ နိုင်ဦးမည်ဟု နိုင်ငံတကာ အသိုင်းအ၀ိုင်းက ယုံကြည် နေဆဲလည်း ဖြစ်သည်။

““မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကြောင့် ကြီးမားတဲ့ တိုးတက်မှု အရှိန်တွေ ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့် အခြေခံ အဆောက်အအုံတွေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့၊ စီမံအုပ်ချုပ်မှုနဲ့ အများပြည်သူဆိုင်ရာ ကဏ္ဍစွမ်းဆောင်မှု အားကောင်းစေဖို့၊ လူသားအရင်းအနှီး ဖွံ့ဖြိုးဖို့၊ သက်ဝင်လှုပ်ရှားတဲ့ ပုဂ္ဂလိကကဏ္ဍ တည်ဆောက်ဖို့နဲ့ စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ရှင်သန်အား ကောင်း လာစေဖို့ စတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုနဲ့လည်း ဆက်လက်ရင်ဆိုင် ရဆဲ ဖြစ်ပါတယ်””ဟု အေဒီဘီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ် ဗင်းဖရက်ဗခ်ကလိုင်းက ပြောကြားပါသည်။

လုပ်ငန်းခွင်သို့ စတင်ဝင် ရောက်ကြ သည့် ငယ်ရွယ်သူ လုပ်သားထုမှ ပညာရေးနှင့် ကာယဉာဏပိုင်းဆိုင်ရာ အရည်အသွေးမှာ နိမ့်ပါးနေရာ ယင်းသို့လူ့စွမ်းအားလိုအပ်ချက် မလုံလောက်မှုက စီးပွားရေး ဆောင်ရွက်ရာတွင် အဓိက အတားအဆီးအဖြစ် အလုပ်ရှင်များက ခန့်မှန်းမှုဖြစ်စေကြောင်း အေဒီဘီအစီရင်ခံစာက ဖော်ပြထားပါသည်။

““အဓိကအရေးကြီးတဲ့ စိန်ခေါ်မှုတွေထဲက တစ်ရပ်ကတော့နိုင်ငံရဲ့ လူငယ်ထုကို ခေတ်သစ် စီးပွားရေးနဲ့ လူသားဝန်းကျင်မှာ ရှိမယ့်သူတို့အခန်းကဏ္ဍအတွက် လိုက်လျောညီထွေရှိမယ့် အရည်အသွေးတွေ ဖွံ့ဖြိုးမှု တွေရအောင် ဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်”” ဟု အေဒီဘီ၏ လူမှုရေးရာကဏ္ဍဆိုင်ရာ ဦးဆောင်ပညာရှင် ခရစ်စဖော်က ပြောကြားသည်။

ကုန်ထုတ်စွမ်းအား (ဂျီဒီပီ)တိုးတက်ရေး ဆက်လက် လုပ်ဆောင်နိုင်စွမ်းရှိလျှင် စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်းသမ္မတ၏ စီးပွားရေးအကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် ကလည်း ပြောကြားသည်။

““တက်စရာ အကြောင်းမရှိပါဘူး။ ကုန်ထုတ်စွမ်းအား တိုးအောင်ပဲကြိုးစားရမှာပဲ။ ထုတ်လုပ်မှုစွမ်းအား တိုးလာလို့ရှိရင် အလိုလို ဈေးနှုန်းတွေ ကျသွားမှာပဲ။ ဆရာတို့အနေနဲ့ ကြိုးစားရမှာက ကုန်ဈေးနှုန်း မကြီးလာအောင် ထုတ်လုပ်မှုစွမ်းအား တိုးအောင် လုပ်ရမှာပဲ။ ကုန်ဈေးနှုန်းကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်တယ်လို့ ပြောလို့ရတယ်။ အရေးကြီးတာက စီးပွားရေးတည်ငြိမ်အောင် နိုင်ငံတော် အစိုးရက ကာကွယ် ရမယ်။ ပုဂ္ဂလိကကလည်း ကာကွယ်ရမယ်။ အားလုံးဝိုင်းပါပြီးမှ စီးပွားရေးတက်အောင် လုပ်ရမှာပေါ့””ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်က မြန်မာသံတော်ဆင့်သို့ပြောသည်။

ရည်မွန်ဖြိုး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment