Sunday, April 12, 2015

သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲတွင် အိုဘားမားနှင့် ကက်စထရို လက်ဆွဲနုတ်ဆက်

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် ကျူးဘားသမ္မတ ရာအူးလ်ကက်စထရိုတို့သည် သမိုင်းဝင် အမေရိကန် ထိပ်သီးဆွေးနွေးပွဲတစ်ခုတွင် လက်ဆွဲနုတ်ဆက်ကာ တစ်ဦးနှင့် တစ်ဦး အနီးကပ်ထိုင်ခဲ့ကြသည်။ ယင်းကဲ့သို့အခြေအနေမှာ ဆယ်စုနှစ်များစွာ ရန်ဘက်ဖြစ်နေမှုကို အဆုံးသတ်ရန် ကြိုးပမ်းသော သမိုင်းမှတ်တိုင်သစ်တစ်ခုလည်းဖြစ်သည်။ ပနားမားစီးတီးရှိ ကွန်ဗင်းရှင်းစင်တာတွင် တခြားဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် ထိုင်ခုံတွင် မထိုင်ကြသေးမီ ကုလအကြီးအကဲ ဘန်ကီမွန်းက ရပ်ကြည့်နေစဉ် အိုဘားမားနှင့် ကက်စထရိုတို့က နုတ်ဆက်ခဲ့ခြင်းဖြစ်သည်။


Obam600

အခန်းတစ်ခုတည်းတွင် ရှိနေခဲ့သော အိုဘားမားနှင့် ကက်စထရိုတို့၏ ပုံရိပ်က ၁၉၆၁ခုနှစ်က ပြတ်တောက်ခဲ့သော သံတမန်ဆက်ဆံရေးပြန်ဆက်ရန် အလွန်အားကောင်းသည့် သင်္ကေတဖြစ်လာခဲ့သည်။  ထိပ်သီးဆွေးနွေးပွဲ၏ ၂၁ နှစ်ကြာသမိုင်းတွင် ယင်းထိပ်သီးဆွေးနွေးပွဲသို့ ကျူးဘားခေါင်းဆောင်တစ်ဦးက ပထမဆုံးအကြိမ် တက်ရောက်လာခြင်းဖြစ်သည်။

အိုဘားမားနှင့် ကက်စထရိုတို့၏ နုတ်ဆက်မှုမှာ အလွတ်သဘော တွေ့ဆုံပြောဆိုမှုသာဖြစ်ပြီး အတည်ပြုချက် သဘောဆောင်သည့် ပြောဆိုမှုမဟုတ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်စောင့်စားထားသည့် အမေရိကန်နှင့် ကျူးဘားခေါင်းဆောင်များကြား ပထမဆုံးတွေ့ဆုံမှုကို ဧပြီ ၁၁ တွင် ပြုလုပ်မည်ဟု မျှော်လင့်ရသည်။

ခေါင်းဆောင်နှစ်ဦးသည် ၂၀၁၃ခုနှစ်ကလည်း တောင်အာဖရိကနိုင်ငံ၊ ဂျုဟန်နက်စ်ဘတ်တွင် နယ်လ်ဆင်မင်ဒဲလား အထိမ်းအမှတ်ဆုတောင်းပွဲတွင် လက်ဆွဲနုတ်ဆက်ခဲ့ကြသေးသည်။

အိုဘားမားနှင့် ကက်စထရိုတို့သည် ဧပြီ ၈ ရက်ကပင် လက်ရှိပြုလုပ်နေသည့် ညိနှိုင်းများနှင့် ထိပ်သီးဆွေးနွေးပွဲတို့နှင့်ပတ်သက်၍ တယ်လီဖုန်းဖြင့် ပြောဆိုဆွေးနွေးခဲ့ပြီးဖြစ်သည်ဟု အိုဘားမား၏ အကြီးတန်းလက်ထောက် ဘင်ရုဒ်စ်က ပြောကြားခဲ့သည်။

Ref: AFP

Credit - Mizzima News

No comments:

Post a Comment