တရုတ်နိုင်ငံသည် ပြည်ပတွင် ရောင်းချသော တရုတ်ကုန်ပစ္စည်းများ၏
အရည်အသွေးများကို အာမခံ နိုင်ရန် ရည်ရွယ်၍ ဧပြီလ ၉ ရက်က အစီအစဉ် သစ်များ
ကိုကြေညာ ခဲ့သည်။

ဂျပန်နိုင်ငံ၌ ရောင်းချနေသည့် တရုတ်ထုတ် ကုန်ပစ္စည်းအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-ဘလွန်းဘာ့ဂ်
ထိုကဲ့သို့သော တရုတ်ပစ္စည်းများကို နိုင်ငံခြားသားများ အလုအယက် ဝယ်ယူနေကြသော်လည်း တရုတ် ပစ္စည်းများ၏ အရည်အသွေးနှင့် ဉာဏပစ္စည်း မူပိုင်ခွင့် ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။
ဉာဏ်ပစ္စည်း မူပိုင်ခွင့် ချိုးဖောက်သူများနှင့် ပစ္စည်းအတု ထုတ်လုပ်သူများအား တရုတ်နိုင်ငံတစ်ဝန်း တွင် နှိမ်နင်းနိုင်ရေး အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ် အဖြစ် ဌာန ၁၀ ခုက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ချက်ကို တရုတ် နိုင်ငံတော်ကောင်စီက ကြေညာခဲ့သည်။
သုံးနှစ်သက်တမ်းရှိ အစီအစဉ်သစ်သည် အာဖရိက၊ အာရပ်နိုင်ငံများနှင့် လက်တင်အမေရိကတို့အပြင် တရုတ်အဆိုပြု ပိုးသားလမ်းမ စီးပွားရေး ပတ်လမ်းနှင့် ၂၁ရာစုရေကြောင်း ပိုးသားလမ်းမ (21st Century Maritime Silk Road) တစ်လျှောက်ရှိ နိုင်ငံများနှင့်ဒေသ များသို့ တင်ပို့သော အဓိက တရုတ်ပစ္စည်း များနှင့် ပတ်သက်၍ ကိုင်တွယ်ဆောင် ရွက်သွား မည်ဖြစ်သည်။
ပိုးသားလမ်းမ စီးပွားရေးပတ်လမ်းနှင့် ၂၁ရာစု ရေကြောင်း ပိုးသားလမ်းမတို့မှာ ကမ္ဘာ့တိုက်ကြီးများရှိ နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ဆက်သွယ်ရေးကို အ ရှိန်အဟုန် မြှင့်တင်ရန် ရည်ရွယ်ထားသော အစီအစဉ် များဖြစ်သည်။
ထို အစီအစဉ်သစ်အရ သက်ဆိုင်သည့် ဥပဒေများ အကောင် အထည်ဖော်မှု တိုးတက်စေရေး အတွက် တရုတ်နိုင်ငံသည် အခြားနိုင်ငံ များနှင့် ပူးပေါင်းဆောင် ရွက်မှုကိုမြှင့်တင်မည်ဖြစ်ပြီး ထိုပူးပေါင်းဆောင်ရွက် မှုများတွင်စောင့်ကြည့်ခြင်း၊ သက်သေ အထောက် အထားများ စုဆောင်းခြင်းနှင့် တရားရေး ဆိုင်ရာ အကူ အညီ များ ပေးအပ်ခြင်း စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီ၏ ဆုံးဖြတ်ချက်က ဆိုသည်။
ပြည်ပတွင် တရုတ်ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်ငန်းများ ပိုမိုပြုလုပ် ဆောင်ရွက်နိုင်ရေးနှင့် တရုတ် ကုန်ပစ္စည်းဈေးကွက် ချဲ့ထွင်နိုင်ရေး တို့အ တွက် နောက်ထပ် အကူအညီများ ပေးကြရန်လည်း နိုင်ငံတော်ကောင်စီ၏ ဆုံးဖြတ်ချက်က တိုက်တွန်းထားသည်။
ထို့ပြင် ဉာဏပစ္စည်း မူပိုင်ခွင့် အကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်များဆောင် ရွက်ရာတွင်နိုင်ငံများ အကြား ညှိနှိုင်းဆက်သွယ်ဆောင်ရွက်မှုများ ပိုမို ထိရောက် ခိုင်မာစေရန်လည်း ကြိုးပမ်းသွားမည် ဖြစ်သည်။ ထို ကိစ္စရပ်မှာ အတုအပပစ္စည်းများနှင့် ပတ်သက်၍ အနောက်နိုင်ငံများ အဓိက စိုးရိမ်နေကြသော ကိစ္စရပ်တစ်ခု လည်း ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment