Sunday, April 12, 2015

လက်ပံတန်းရိုက်ပွဲနှင့် ယခုနှစ် သင်္ကြန်သံချပ် – ထက်မြက်

အစပိုင်းက ယဉ်ကျေးမှု၊ အနေအထိုင်၊ စရိုက်လက်္ခဏာ၊ စာပေအရေးအသား စသည်များကို သရော်စာ အဖြစ် သံချပ်ထဲတွင် သံချပ်ရေးသူများက ရင်ဖွင့်ခဲ့ကြသော်လည်း နောင်အခါတွင် အုပ်စိုးသူလူတန်းစား အပေါ် ထောက် ပြဝေဖန်လာခဲ့ကြသည်။ ဖဆပလခေတ်က လည်း ပြူစောထီးခေါ် ခါးပိုက်ဆောင် တပ်ဖွဲ့ဖြစ်သည့် ဖဆပလ၏ လက်ရုံးလူမိုက်များ အကြောင်း ဖော်ထုတ်ခဲ့ပြီး . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နှစ်သစ်ကူးပွဲတော်များတွင် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ၏ ပွဲတော်ဖြစ်သော သင်္ကြန်ပွဲတော်သည် ထင်ရှား သောနှစ်သစ် ကူးပွဲတော်ဖြစ်လေသည်။ ထင်ရှားရသည့် အကြောင်းတွင်
တစ်ဦးနှင့်တစ်ဦး ရေပက်ကာ ကစား ကြခြင်းကြောင့် ဖြစ်သည်ဟု ဆိုရမည်။ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား စသော အရှေ့တောင် အာရှမှ ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံများ တွင် နှစ်သစ်ကူးကို သင်္ကြန်အဖြစ် သတ်မှတ် ကာ ရေပက်ဆော့ကစား ကြသည်။ မြန်မာနှစ်သစ်ကူး သင်္ကြန်တွင် အထူးခြားဆုံးမှာ သံချပ်များတိုင်၍ လူထုကို တင်ပြခြင်း ဖြစ်လေသည်။ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုတို့တွင် မြန်မာနိုင်ငံကဲ့သို့ သံချပ်များ တိုင်ကြမည် မထင်ပေ။ မြန်မာတို့က ဒိုးပတ်ဝိုင်းဖြင့် သံချပ်တိုင်ခြင်းမှာ အလွန်လေးနက်သော အစဉ်အလာတစ်ရပ်လို ဖြစ်လာလေသည်။ ထို့ကြောင့် သံချပ်သည် အပျော်သက်သက်၊ နောက်အမြင်မတော် သည်များကို လှောင်ပြောင်သရော်မှုအဖြစ် တိုးတက်လာ ခဲ့လေသည်။ ပဒေသရာဇ်ခေတ်ကမူ အုပ်စိုးသူဘုရင်အပေါ် သံချပ်ဖြင့်လှောင်ပြောင်ခြင်း၊ ဆန့်ကျင်ခြင်းရှိမည် မဟုတ်သော် လည်း ကိုလိုနီခေတ်တွင်မူ အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှု၊ အနေအထိုင်၊ လော်လည်မှု၊ ၀န်ထမ်းများ ၏လာဘ်ပေးလာဘ်ယူမှုတို့ကို လှောင်ပြောင် သရော်ခြင်းမှာ အဆင့်မြင့်လာ၏။…

ဂျပန် ခေတ်တွင်လည်း ဂျပန်များနှင့် ပရောပရီ နေထိုင်တတ်သော မြန်မာမ များကို ရှုတ်ချ လှောင်ပြောင်ခြင်းများ အား သံချပ်စပ်ကြလေသည်။ သင်္ကြန်တွင်း သံချပ်တိုင်ခြင်း၊ လှောင်ပြောင်သရော်ခြင်းများကို အစိုးရ အဆက် ဆက်ကသည်းခံခွင့် လွှတ်တတ်ကြလေသည်။ လွတ်လပ်ရေးရပြီး ပါလီမန် ခေတ်တစ်လျှောက်လုံး လွတ်လပ်စွာ သံချပ် တိုင်ခွင့်၊ ကပြဖျော် ဖြေခွင့်ပေးထားသည်။ ယဉ်ကျေးမှုအရ ခွင့်ြ့ပုခြင်းပေး ထားသောကြောင့် သင်္ကြန် အစဉ်အလာအရ မိမိတို့ ဆန္ဒကိုတင်ပြခွင့်မှာ ထုံးစံတစ်ခုလို ဖြစ်လာ၏။ မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံမျှ မြန်မာတို့၏ သင်္ကြန်ရက်လောက် လွတ်လပ်မှု ရှိလိမ့်မည် မဟုတ်ပေ။

သို့သော် ထိုလွတ်လပ်မှုများမှာ စစ်တပ်ကအာဏာ သိမ်းပြီးသည့်နောက် ပျက်သုဉ်းသွားခဲ့လေသည်။ တဖြည်း ဖြည်းနှင့် သံချပ်များ တိမ်ကောသွားလေသည်။ သင်္ကြန်ကာလတွင် အစဉ်အလာရှိခဲ့သော သံချပ်များ၏ အရေး ပါမှုနှင့် သံချပ်များ၏။ ဂုဏ်သရေမှာ စစ်တပ်က စစ်ဖိနပ်များဖြင့် နင်းချေပြီး မြန်မာစာပေ၏ အရေးအသား တစ်ခုဖြစ်သော သံချပ်ကိုပင် ပျောက်ကွယ် သွားအောင် ဖန်တီးခဲ့ပါသည်။ သင်္ကြန်နှင့် သံချပ်မှာ ခွဲမရသော အရာလို ဖြစ်နေ၏ သင်္ကြန်ဆိုလျှင် သံချပ်ပါမှဆိုသော အစဉ်အလာမှာ မြန်မာ့ယဉ်ကျေးမှုလို ဖြစ်နေ၏။ ယခင် ကရန်ကုန်တက္ကသိုလ်တွင် လွှမ်းမိုးခဲ့သော ချင်းတွင်း ဒိုးပတ်ဝိုင်းဆိုလျှင် ဒိုးပတ်၏ မြန်မာမှု အနုပညာနှင့်အတူ သံချပ်များမှာ ရသလည်းမြောက်၊ လှောင်ပြောင်သရော်ရာတွင်လည်း ပြောင်မြောက်လှသော ကြောင့် နားထောင်သူများမှာ အလွန်သဘောကျ နှစ်ခြိုက်ကြလေသည်။

နှစ်သစ်ကူးကို အထူးပြုသောသင်္ကြန် ရေကစားခြင်းသည် ငွေဖလားတွင် သပြေခက်ဖြင့် ရေဖျန်းခြင်းမျိုး မဟုတ် ခဲ့ပေ။ ပုဂံခေတ်ကတည်းက ရေပက်ကစားခဲ့သည့် အစဉ်အလာရှိခဲ့ပါသည်။ ပုဂံခေတ်တွင် ရေပက်ကြမ်း၍ ဘုရင်ကို မိဖုရားစောလုံက အဆိပ်ကျွေး လုပ်ကြံခြင်းမျိုး၊ ဘုရင်ကလည်း မိဖုရားကို ဖိုကျင် ထိုးသတ်ခြင်းမျိုးဖြင့် သမိုင်းတွင်ခဲ့သည်မှာ ရေကစားကြမ်း၍ဖြစ်၏။ ထိုအစဉ်အလာသည် နောင်မီးသတ်ပိုက်များဖြင့် လူတစ် ကိုယ် လုံးစုတ်ပြတ် သတ်သွားအောင်ပက်ခြင်း၊ အသက်ရှူမရ အောင်ရေလောင်းခြင်းများ ရှိလာသည့်အခါ ရန်ပွဲများ၊ လူသတ်ပွဲများ ဖြစ်လာကြလေသည်။ လူအသေအပျောက် အများဆုံးမှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်ရှိ သင်္ကြန်ပွဲတွင် ဖြစ်ပါ သည်။ ခရစ်ယာန်ဘာသာဝင်တို့၏ ခရစ္စမတ်ပွဲတော်တွင် လူအသေအပျောက်ရှိ သကဲ့သို့ မြန်မာ၊ ထိုင်း စသော နိုင်ငံများတွင် ကျင်းပသည့် သင်္ကြန်ပွဲတော်တွင်လည်း လူအသေအပျောက်များလေသည်။ အထူး သဖြင့် ထိုင်းနိုင်ငံတွင်ဖြစ် လေသည်။

သံချပ်ယဉ်ကျေးမှု သင်္ကြန်တွင် ပျောက်လာရသည်မှာ ထိရောက်သော သံချပ်၏ ပြောင်မြောက်မှုကြောင့် ဖြစ် သည်။ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့် မရှိသည့် ကာလ တွင် သင်္ကြန်သံချပ်များထဲ၌ မိမိတို့ ဆန္ဒများကို ထည့်သွင်းကာ စပ်ဆိုကြလေသည်။ အစပိုင်းက ယဉ်ကျေးမှု၊ အနေအထိုင်၊ စရိုက်လက္ခဏာ၊ စာပေအရေးအသား စသည်များကို သရော်စာ အဖြစ်သံချပ်ထဲတွင် သံချပ်ရေး သူများက ရင်ဖွင့်ခဲ့ကြသော်လည်း နောင်အခါတွင် အုပ်စိုးသူ လူတန်းစားအပေါ် ထောက်ပြဝေဖန်လာ ခဲ့ကြ သည်။ ဖဆပလ ခေတ်ကလည်း ပြူစောထီးခေါ် ခါးပိုက် ဆောင်တပ်ဖွဲ့ဖြစ်သည့် ဖဆပလ၏ လက်ရုံး လူမိုက် များအကြောင်း ဖော်ထုတ်ခဲ့ပြီးအစိုးရ၏ လာဘ်စားမှုများကို သံချပ်ထဲရေးကာ သံချပ်တိုင်ခဲ့သည်။ ၀န်ကြီးများ၏ အရှုပ်များ၊ တရားသူကြီးများ၏ လာဘ်စားမှုများ စသည်စသည်ဖြင့် လူပုဂ်္ဂိုလ်များကို အခြေခံသော ဝေဖန် သရော် ခြင်းဖြင့် သံချပ်များတွင် ဝေဖန်စပ်ဆိုခဲ့ကြပါသည်။

ယခင်ကဆိုလျှင် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများအပေါ် စာရေးဆရာများကလည်း ဝေဖန်ရေးသား ခဲ့ကြသည်။ ရန်ကုန်ဘဆွေဆိုလျှင် ကိုကြီး ကောင်းဆိုသော ၀တ္ထုကို ရေးသားသည်။ ထိုဝတ္ထုမှာ ၀န်ကြီးချုပ် ဦးနု၏ ကိုယ် ရေးကိုယ်တာ အရှုပ်များကို ရေးသားခဲ့လေသည်။ သခင်တင်ဆိုလျှင်လည်း မကျင်စိန်ဆိုသော သူနှင့် သမုတ် ကာ ရိုင်းရိုင်းစိုင်းစိုင်းပင် မီးခွက်မှုတ် သခင်တင်ဟုပင် ခေါ်ကြ၏။ ထိုအဖြစ်များကို သင်္ကြန်သံချပ်များတွင် ထည့် သွင်းခဲ့ကြလေသည်။ နာမည်ကြီးသံချပ် အဖွဲ့ဆိုလျှင် လူကြိတ်ကြိတ်တိုး၏။ မြို့တော်ဝန်မဏ္ဍပ်ရှေ့ တွင် ပြုလုပ် ကာမြို့တော်ဝန် ငွေဖလားဆုမှာလည်း အလွန်နာမည်ကြီးလေသည်။ ထိုကဲ့သို့ လွတ်လပ်သောသံချပ် များနှင့် လွတ်လပ်သောသင်္ကြန်မှာ ၆၂ အာဏာ သိမ်းပြီးကတည်းက တိမ်ကောသွားခဲ့ သည်။ ပျောက်ကွယ် လုမတတ် ပင် ဖြစ်ခဲ့ပါသည်။

စစ်အစိုးရခေတ်မှနေ အရပ်သားအစိုးရသို့ အပြောင်းအလဲဖြစ်သည့် အုပ်ချုပ်ရေး အောက်တွင် သံချပ်များ တိုင်လာသည်။ သံချပ်တိုင်ခွင့်လည်း ပေးလာသည်။ အထူးသဖြင့်လွန်ခဲ့သော ၁ နှစ်၊ ၂ နှစ်ကသံချပ် ယဉ် ကျေးမှု ပြန်ပေါ်လာပြီး မောင်မောင်ဆို လေထီးရိုးရှည် အဖွဲ့မျိုး၊ အပြာထဲကအနီ အဖွဲ့မျိုးစသည့် အဖွဲ့များမှာ နာမည်ကြီး၏။ သံချပ်နှင့် သရုပ်ဖော်မှု စသည်တို့ကို တီထွင်နိုင်ခဲ့ခြင်းကြောင့် ထိုအဖွဲ့များမှာ ယခုထက် တိုင် သြဇာရှိနေခဲ့ခြင်း ဖြစ်၏။ စစ်အာဏာရှင်များနှင့် သူတို့၏ တပည့်သားမြေး နောက်လိုက်များမှာ သံချပ်ကို ကြောက်နေကြဆဲဖြစ်ပြီး ယခင်ကကိုကြီးကောင်းတို့၊ သခင်တင်တို့ အကြောင်းမှာ စာအုပ်ထဲတွင်ပါပြီး သံချပ် ထဲတွင်လည်း စပ်ဆိုသည်။ ထိုအချိန်က ကိုကြီးကောင်းတို့၊ ဗိုလ်နေ၀င်းကိုစောင်း မြောင်းရေးသားေ သာ ရွှေဝါ ပြည်လိုစာအုပ်များမှာ အပိတ်ခံရရုံသာရှိ၏။ တရားစွဲဆိုခြင်း မခံရပေ။

ထိုအချိန်ကစာပေ လွတ်လပ်ခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့်များမှာ ဒီမိုကရေစီနိုင်ငံများ လွတ်လပ်စွာ ပြောဆို စည်းရုံးခွင့်၊ သဘောထားထုတ် ဖော်ခွင့်ဆို သောစံများနှင့် အညီသတင်း ဖော်ပြခွင့်၊ စာအုပ်ထုတ်ဝေခွင့်၊ ရေးသားပြောဆိုခွင့်များသည် ကိုလိုနီခေတ်လွန် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကို ဗြိတိန်နိုင်ငံ၏ ဒီမိုကရေစီများနှင့် တိုင်းတာနိုင်အောင် မြန်မာအစိုးရက ကြိုးပမ်းနေချိန်ဖြစ်ပါသည်။ နှစ်သစ်ကူး သင်္ကြန်ကာလများတွင်လည်း ၀န်ကြီးချုပ်ကအစ စာရေးစာချီ အဆုံးသရော်ခွင့်၊ လှောင်ခွင့်၊ ပြင်းပြင်းထန် ထန်ဝေဖန်ခွင့်များရှိနေသော နှစ်ကာလများဟု ဆိုရပေလိမ့်မည်။

အနှစ်၅၀ကျော် စစ်အုပ်ချုပ်မှု ရောက်လာသောအခါ လွတ်လပ်မှုများမှာ တစ်နှစ်ထက်တစ်နှစ် ဆိုးဝါးလာသည်။ အစောပိုင်း၌ အတိုင်းအတာတစ်ခုထိ သံချပ်တိုင်ခွင့် ရှိသေးသည်။ မဆလခေတ်လွန်၌မူ သံချပ်ဆိုသည်ကို လုံးဝ ပိတ်လိုက်လေသည်။ စစ်အစိုးရ အဆိုးဆုံး ကာလများကဆိုလျှင် ပြည်ပရှိအဝေးရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ သံချပ်များမှာ နာမည်ရပါသည်။ RFA တို့၊ BBC တို့၊ DVB တို့စသော အသံလွှင့်ဌာနများမှနေ သံချပ်များကို ကြားရသည်။ သို့သော် သရုပ်ဖော်မှုကိုကား မကြည့်ကြရပေ။

ယခုအစိုးရသစ် လက်ထက်သင်္ကြန် သံချပ်များ တိုင်ခွင့်ရလာသော အခါတွင် ယခင်လောက်သံချပ် အဖွဲ့များ ထွက်မလာနိုင်ခဲ့ပေ။ သင်္ကြန်မှာ အပျော်အင်္ကြန် ဖြစ်နေသည်။ မူးယစ်ဆေးသမားများနှင့် အရက် ယမကာခုံမင် သူများ၏ သင်္ကြန်ဖြစ်နေ၏။ ယခင်တစ်ခါမျှ မကြုံခဲ့ဖူးသော လိင်လှုံ့ဆော်သည့် ဆေးဝါးများကို အသုံးပြုကြ လေသည်။ ယခုနှစ် သင်္ကြန်ဆိုလျှင် ရဲတပ်ဖွဲ့က မဏ္ဍပ်များ၌ ထိုဆေးသုံးစွဲမှုရှိလျှင် အရေးယူမည်ဟု ကြေညာ လာရသည့် အထိလက် ရဲဇက်ရဲ ဖြစ်နေပါသည်။ အင်းလျားတစ်လျှောက်၊ ကန်တော်ကြီး တစ်လျှောက်မဏ္ဍပ် များဆောက်လုပ်လာသည်ကို အကြောင်းပြပြီး မူးယစ်ရမ်းကားမှုများ ဆိုးသထက် ဆိုးလာပါသည်။ ရှေးကလို မြို့နယ်များတွင် မဏ္ဍပ်များ အများအပြားဆောက်၍ အလှပြကားများ ယှဉ်ပြိုင်ခြင်း၊ သံချပ်ထိုးခြင်းများ တိမ် ကောသထက် တိမ်ကောလာ၏။ သံချပ်ကျေးမှု ပြန်လည် ထွန်းကားလာအောင်နှင့် အပျော်လွန်သင်္ကြန်ကို တား ဆီးဖို့လည်း ကြိုးစားရပေမည်။ လူငယ်များက အမျိုးသားယဉ်ကျေးမှုကို တာဝန်ရှိရှိ ထိန်းသိမ်းဖို့လို၏။

တစ်ချိန်တည်းတွင် လွတ်လပ်သော သံချပ်တိုင်ခွင့်၊ မိမိတို့ဆန္ဒများကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်များ လိုအပ် လာပါသည်။ ယခု အာဏာပိုင်များက သံချပ်ဆင်ဆာအဖွဲ့ ဖွဲ့၍ လွတ်လပ်စွာ သံချပ်တိုင်ခြင်းကို တားဆီးလာ သည်မှာ အနာဂတ်သံချပ်ယဉ်ကျေးမှုကို အားပျော့သွားစေနိုင်လေသည်။ မည်သို့ပင်ဖြစ်စေ သံချပ်တိုင်လို့ရလာ သည့် ကာလမျိုးတွင် သံချပ်အဖွဲ့များသည် မိမိတို့ရင်ထဲရှိ ဆန္ဒများကို သံချပ်ဖြင့် ဖော်ပြလာမည်မှာ သေချာ ပါသည်။ သံချပ်စိစစ်ရေး အဖွဲ့က ပိတ်သည်ဖြစ်စေ၊ မပိတ်သည်ဖြစ် စေယခုအခါ အစိုးရ၏ လက်ပံတန်းသပိတ် ဖြိုခွဲမှုမှာ ပထမဆုံးဖွင့်ချကြမည့် အစိုးရ၏ အကြမ်းဖက်မှုကို သံချပ်တိုင်ကြမည်မှာ သေချာလေသည်။ လူတိုင်း ၏ နှုတ်ဖျားတွင် ထိုသံချပ်များမှာ လှုပ်ခတ်သွားနိုင်၏။ မြို့တော်ခန်းမရှေ့ လက်ပတ်နီများ၏ ရိုင်းစိုင်းမှု၊ လက်ပံ တန်းတွင် ရဲတပ်ဖွဲ့၏ လူမဆန်မှုများမှာ ယခုသင်္ကြန်တွင် လွှမ်းမိုးသွားမှာ ဖြစ်သလို သူတို့ကစရိုက်လို့ ကျွန် တော် တို့က ပြန်ရိုက်ရတာပါဆိုသော သမ္မတကြီး၏ နာမည်ကြီး စကားမှာလည်း လွှမ်းမိုးနိုင်ပါသည်။

ကျောင်းသားတို့၏ အလွန်ဂုဏ်ရှိလှသော ဒီမိုကရေစီပညာရေး ဥပဒေရေး ဆွဲရေးနှင့် အစိုးရ၏ ရမ်းကားမှုကို ယခုနှစ် သင်္ကြန်ကထောက်ပြမှာ ဖြစ်သလို ကျောင်းသားတို့၏ တိုက်ပွဲကို မထောက်ခံသော နိုင်ငံရေးပါတီများ ၏ နိုင်ငံရေးသဘော တရားအားနည်းမှု၊ ညံ့ဖျင်းသော နိုင်ငံရေး ရပ်တည်မှုများကိုလည်း ယခုနှစ်သင်္ကြန် သံချပ်များ က ဖော်ထုတ်ဖွင့်ဟမှာ သေချာနေပါတော့သည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment